အမှန်ပြောရမည်ဆိုလျှင် ယခင်နှစ် ၅၀ ကျော်ကာလ၌ လမ်းဘေးဈေးသည်အရေး ကိစ္စမှာ စကားထဲ ထည့်ပြောရန် မလိုသလောက်သာ ဖြစ်ပါသည်။ သူတို့မရှိဘူးလားဟု မေးလျှင် ရှိနေပါသည်။ သို့သော်လည်း ကြီးကြီးကျယ်ကျယ် ပြဿနာ ပေါ်လောက်အောင်တော့ မရှိသေး။ တချို့နေရာများတွင် လမ်းဘေးဈေး သည်ကို အချိန်ပိုင်းအလိုက် တွေ့ရ၏။ သူတို့ သည် ဒေသခံရန်ကုန်သားများ မဟုတ်ကြချေ။ အထက်အညာမှလာ၍ မိမိရွာထွက် ဆီးသီး ရောင်းကြသည်။ သနပ်ခါးတုံးများကို လှည့်ရောင်းကြသည်။ နေတော့ အမျိုးဘုန်းကြီးကျောင်းတွင် တည်းခိုကြသည်။ အထူးသဖြင့် ပုဇွန်တောင်၊ ရေကျော်နှင့် ကြည့်မြင်တိုင် မြို့နယ်များ၌ အနေများသည်။ သူတို့ရောင်းချသော ကုန်ပစ္စည်းများကုန်ပါက ရွာပြန်နားကြသည်။ ထိုအကြောင်းကိစ္စမှာ သာမန်မျှသာ ဖြစ်သည်။ သတင်းထူး မဟုတ်သေး။ သူတို့သည် လွတ်လပ်ရေးရပြီး ပြည်တွင်းရောင်စုံ သူပုန်များထကြွသည့် အချိန်၌ ရန်ကုန်မြို့ပေါ်သို့ ပြေးဝင်ခိုလှုံလာသော တောသူ တောင်သားများ၏ အဆက်အနွှယ်များ ဟုဆိုလျှင် မှားအံ့မထင်။
များမကြာမီ ၁၉၈၅ ခုနှစ်လောက်၌ လမ်းဘေးဈေးသည် အကြောင်းမှာ သတင်းဖြစ်လာသည်။ သို့ရာတွင် ထိုစဉ်က မီဒီယာဆိုသော အမည်ကိုပင် လှိုင်လှိုင်မသုံးကြသေး။ သတင်းသမားများကို စောင့်ကြည့်နေကြသဖြင့် သူတို့ခေါင်းမထောင်ရဲသည့် ကာလဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုလည်း အဆင့်မြှင့်၍ စတင်ဖွဲ့စည်းသည့်အချိန်။ ရန်ကုန်မြို့တော်ကိုလည်း ခေတ်မီနိုင်ငံတကာ မြို့ကြီးများလို ဖြစ်စေရမည်ဟု ရည်မှန်းထားပုံရသည်။ ယင်းသို့သော အခြေအနေတွင် လမ်းဘေးဈေးသည်များကို အင်အားသုံးကာ ရှင်းလင်းခြင်းမှာ ရှေ့တန်း ရောက်လာသည်။ အင်အားသုံးမှတော့ အထိအခိုက် ရှိကြသည်။ ဈေးသည်များက ပိုနာသည်။ အရောင်းအဝယ် ပျက်ကုန်သည်။ စည်ပင်ဝန်ထမ်းများ ဘက်တွင်လည်း အလုပ်များကြသည်။
လူအများ သိထားကြတဲ့အတိုင်း ၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့သည်။ အလုံးစုံ ပြောင်းလဲတော့ မလိုလိုနှင့် ဒုံရင်းအခြေအနေသို့ပြန် ရောက်သွားသည်။ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးအဖွဲ့ တက်လာသည်။ ရန်ကုန် စည်ပင်ကမူ ပုံစံမပြောင်း။ ဘယ်လိုပြောပြော။ တက်လာသည့်အစိုးရ ကိုယ့်အစိုးရပဲ။ “အားလုံးက ဝန်ထမ်းတွေ။ တာဝန်ကျရာ လုပ်ရုံပဲ” ဟူ၍ သဘောထားကြသည်။ ရန်ကုန်စည်ပင်ကိုလည်း နိုင်ငံတော် အကြီးအကဲက တိုက်ရိုက် အုပ်ချုပ်သဖြင့် လုပ်ရကိုင်ရသည်မှာ ပိုမိုပီပြင်သွားသလို လမ်းဘေးဈေးရောင်းသည့် အရေးလောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပြီးသည်။ ယင်းသို့ဆိုသည့်တိုင် ပန်းဘဲတန်းတွင် ကြံရည်ရောင်းသော လူမိုက်အရေးကို တော်တော်ပွဲကြမ်းကာ ရှင်းလိုက်ရသေးသည်။ ဘာမှမဆန်း။ ‘‘ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့ထက်မိုက်’’ ကြောင်း ပြလိုက်ရုံပဲဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ် ဒူတာတေးလို ခပ်ကြမ်းကြမ်း ကိုင်တွယ်လိုက်ပုံရသည်။ အမှန်တကယ် အစွယ်ရှိ မရှိကိုမူ နောက်မှ ဆန်းစစ်ကြတော့။ ထိုနောက်ပိုင်း မြို့တော်ဝန်အဆက်ဆက် တက်လာသော အခါတွင် ကြီးကြီးကျယ်ကျယ် ဘာမှမဖြစ်တော့။ ထုံးစံအတိုင်း ရှုပ်လိုက်ရှင်းလိုက်ဖြင့် စခန်းသွားနေရသေးသည်။
လမ်းဘေးဈေးသည်နှင့် ရန်ကုန်စည်ပင် ဝန်ထမ်းဆိုသည်မှာ ကြောင်နှင့်ခွေး ပြေးတမ်း လိုက်တမ်း ကစားကြသလိုဖြစ်သည်။ လမ်း ဘေးဈေးသည် များလာပြီ။ သွားလာ၍မရအောင် ရှုပ်ထွေးနေပြီ။ အစရှိသဖြင့် အပြောအဆို ရှိလာလျှင် မြို့နယ်စည်ပင်နှင့် စည်ပင်ရဲများက ထွက်ရှင်းကြသည်။ ပြေးလိုက်ကြ။ ပုန်းလိုက်ကြ။ ဖမ်းလိုက်ဆီးလိုက်ကြနှင့် တစ်ကြောတော့ ကသောင်းကနင်း ဖြစ်သွားသည်။ ဈေးသည်များလည်း ပျောက်သွားသည်။ နောက်ပိုင်းရက်ကို လစား၍ ကြာလာလျှင် သူတို့ ပြန်ထွက်လာကြပြန်သည်။ လူကြီးလမ်း ကြောင်းပေါ်လာလျှင် ‘‘ရုတ်ရုတ် ရုတ်ရုတ်’’ ဖြင့် ရှင်းလင်းရေး လုပ်ကြပြန်သည်။ ဤသို့ဖြင့် မုန့်လုံးစက္ကူကပ်သော ဇာတ်လမ်းမှာ မဆုံးနိုင်။
စည်ပင်ဝန်ထမ်းတစ်ဦး ပြောပြခဲ့သည်ကို သတိရမိသေး၏။ ယခင်က လမ်းဘေးဈေးသည် နေရာချထားပေးရေး စီမံချက် ရေးခဲ့ကြဖူးသည်တဲ့။ သူတို့ကို ဘယ်နေရာမှာ ယာယီဈေးအဖြစ် ပေးထားနိုင်မလဲဆိုသည့် အမေးနှင့် အဖြေပါ ပြည့်စုံသော စိတ်ကူးများ ထုတ်ခဲ့ကြ၏။ ရန်ကုန်မြို့တွင်း မြို့နယ်များမြေပုံကို ရှေ့ချကာ အချိန်ယူ၍ အသေးစိတ် တွက်ဆကြခြင်းဖြစ်၏။ ဆူးလေပန်းခြံ ပတ်ပတ်လည် နေရာများ။ အနော်ရထာလမ်း တစ်လျှောက်။ ထိုလမ်းမှ ခွဲထွက်သည့် အမည်တပ်လမ်းနှင့် နံပါတ်တပ်လမ်းများ စသဖြင့် နေရာစုံကို ရွေးထားကြ၏။ မည်သည့်အချိန်တွင် ဈေးရောင်းချခွင့်ပြုမလဲ။ ရုံးဆင်းချိန် ကျောင်းဆင်းချိန်များနှင့် တိုက်နေလျှင် မဖြစ်။ ပိုရှုပ်ထွေးသွားမည်။ ထိုအရေး ကိစ္စကိုလည်း ထည့်စဉ်းစားရသေး၏။ သို့ရာတွင် ထိုစီမံချက်ကို လူကြီးများက သဘောမတူ၍ပဲလား မမှတ်မိတော့။ အကောင်အထည် မဖော်ဖြစ်။ တစ်ဖန် ယခင်လေဟာပြင်ကွက်လပ် နေရာ၌ လမ်းဘေးဈေးသည်များကို ခေတ္တခဏ နေရာချထားရန် ကြံစည်ကြပြန်သည်။ ယင်းအစီအမံကိုမူ လူကြီးများပါ သဘောတူကြ၏။ လမ်းအသီးသီးတွင် တရားမဝင် ရောင်းချနေသော ဈေးသည်များကို ကွင်းဆင်းစစ်ဆေးကာ ထိုလေဟာပြင် နေရာတွင် သွားရောင်းချစေသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း နေ့စဉ်သွားရောက်၍ လိုအပ်သည်များကို စီမံပေးသည်။ သို့ရာတွင် ယင်းလုပ်ငန်းသည်လည်း မအောင်မြင်ချေ။ ပြန်စိစစ်ကြည့်တော့ အားနည်းချက် အများအပြား ရှိနေကြောင်း တွေ့ရသည်။ ထိုဈေးရောင်းချရာသို့ ဝယ်သူများ မလိုက်လာ။ အရင်းခံ အကြောင်းမှာ ထိုအချက်ဖြစ်၏။ မိမိတို့ ရန်ကုန်မြို့သားများ၏ စရိုက်က ခလုတ်တိုက်မှ ဈေးဝယ်တတ်သည်။ လေဟာပြင်နေရာကို ဝယ်သူများ မရောက်သဖြင့် ဈေးသည်များက ဝယ်သူများ ခလုတ်တိုက်မည့် လမ်းများပေါ်သို့ ပြန်ရောက်သွားခြင်းတည်း။ စစ်ဆေးထိန်းသိမ်း သူများကလည်း ရေရှည်မထိန်းနိုင်။ ဤသို့ဖြင့် စီမံချက်လုပ်ငန်း တစ်ခုသည် အဟောသိကံ ဖြစ်သွားပြန်၏။
မည်သို့ပင်ဖြစ်စေ။ လမ်းဘေးဈေးသည်ဘက်ကို ပြန်ကြည့်မိလျှင်လည်း သနားကရုဏာ သက်မိမည်။ သူတို့အလုပ်အကိုင်က မတည်ငြိမ်။ ဗိုက်ဆာသဖြင့် နေလည်စာ တစ်ခုခု စားသောက်ရသည်ကပင် ‘‘ကသောကမျော’’ နှင့်။ အပေါ့အပါး သွားရန်လည်း နေရာရှိပါမှ။ မိုးရွာလျှင်စို။ နေပူလျှင်ခြောက်ဟူ၍ ဖြစ်သလို နေရသည်။ စည်းကမ်းထိန်းသူတွေလာလျှင် ရှောင်ပြေးပေတော့။ ယင်းသို့အလုပ်မျိုးကို တော်ရုံတန်ရုံသူတွေ လုပ်ဆောင်နိုင်သည် မဟုတ်။ သူတို့တွင်မူ ယင်းသို့လုပ်ဆောင်ရန် နည်းလမ်းအမျိုးမျိုး ရှိကြသည်။ ဘဝပေးအသိ ပညာရှိကြသည်။ လျှော့တွက်၍မရ။ ကျွေးသင့်သူကို ကျွေးရ၏။ ပေးရမည့်သူ ဆိုလျှင်လည်း လက်မနှေး။ ပေါင်းထားရမည့်သူ ဆိုလျှင်လည်း အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်ပေးမည်။ အရေးကြီးသော အချက်မှာ အနှောင့်အယှက် ကင်းကင်းနှင့် လမ်းဘေး၌ သူတို့ ဈေးရောင်းချရဖို့သာ ဖြစ်သည်။
လမ်းဘေး၌ ဈေးရောင်းချပုံများက အမျိုးမျိုး။ အချို့က နေရာကောင်း တစ်နေရာရာ ငှားကာ အခြေချ ရောင်းကြသည်။ အချို့က လူစည်ကားသည့် ရပ်ကွက်များ၌ လှည့်လည် ရောင်းချကြ၏။ ထိုလုပ်ငန်းမျိုးကို ဥပဒေစည်းမျဉ်း အမျိုးမျိုးဖြင့် ထိန်းချုပ်နေကြသော်လည်း မနိုင်မနင်းဖြစ်ရသည်။ အထူးသဖြင့် ငါးပေသာသာလောက် အကျယ်ရှိမည့် ပလက်ဖောင်းပေါ်၌ တည်ခင်းရောင်းချသော ရောင်းကုန်များက တစ်ဝက်ခန့် နေရာယူထားသည်။ ထို့ကြောင့် လမ်းသွား လမ်းလာများက လမ်းပေါ်သို့ဆင်း၍ သွားရမည်ကဲ့သို့ ဖြစ်လာသည်။ အမှန်ကား ထိုနေရာများသည် စည်ပင်ပိုင်မြေ ဖြစ်သဖြင့် ငှား၍ဈေးရောင်းချ ကြသည် ဆိုခြင်းမှာပင် တစ်ခုခုတော့ လွဲနေပြီ။ ထိုအခြေအနေပေါ် မူတည်၍ ယာဉ်ကြောကျပ်တည်း ပိတ်ဆို့မှုကို ပိုမိုဆိုးရွားစေသည်။
အမှန်စင်စစ် လမ်းဘေးဈေးသည် အရေးကိစ္စမှာ နိုင်ငံတကာတွင်လည်း ပေါ်ပေါက်နေသော ပြဿနာဖြစ်သည်။ ထိုသို့ ဈေးရောင်း ချခြင်းများသည် အင်္ဂလန်နိုင်ငံတွင် ၁၉ ရာစုကတည်းက ရှေ့တန်းရောက်လာသည် ဆို၏။ မည်သို့ပင်ဖြစ်စေ လမ်းဘေးဈေးဆိုင်များသည် မြို့တော်အသီးသီး၏ အစိတ်အပိုင်း တစ်ပိုင်းဟုယူဆပါက ငြင်းဆိုဖွယ်မရှိချေ။ အိန္ဒိယနိုင်ငံတွင် တစ်တိုင်းပြည်လုံး၌ လမ်း ဘေးဈေးသည် ၁၀ သန်းမျှရှိသည်ဟု ခန့်မှန်း ကြ၏။ မွမ်ဘိုင်းတစ်မြို့တည်းတွင် ဈေးသည် ၂၅၀၀၀၀ မျှရှိသည်။ နယူးဒေလီတွင် ၂၀၀၀၀၀။ ကလကတ္တားတွင် ၁၅၀၀၀၀ ကျော်ရှိသည်ဟု မှတ်သားမိ၏။ လမ်းဘေးဈေးသည်များ အမျိုးသားအစည်းအရုံး National Association of Street Vendors of India (NASVI) ဟူ၍ပင် အသင်းအဖွဲ့ စုစည်းထားသည်တဲ့။
တိုင်းပြည်ဆင်းရဲလေလေ လမ်းဘေးဈေးသည် ပေါများလေလေဟု ဆိုနိုင်သည်။ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသများ၌ပင် လမ်းဘေးဈေး ရောင်းချသူများက အမည်အမျိုးမျိုးနှင့် ရှိကြသည်။ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူနှင့် မလေးရှား စသော နိုင်ငံများတွင်မူ နေရာအတည်တကျ သတ်မှတ်ပေးထားသည်။ အများတကာ သိကြသလို စင်ကာပူကမူ စနစ်အကျနဆုံးဖြစ်သည်။ လမ်းဘေးဈေးသည်များ အတွက် လိုင်စင်သဘောမျိုး ချထားပေးသည်။ ညနက်ပိုင်း ဈေးရောင်းပြီးလျှင် ကိုယ်ရောင်းချသည့် ပစ္စည်းနှင့် အမှိုက်သရိုက်ကအစ ပြောင်ရှင်းနေသည်ကို တွေ့ရ၏။ သို့ရာတွင် အာရှတစ်ဝန်း၌ လမ်းဘေးဈေး ရောင်းချမှုများကြောင့် ကျန်းမာသန့်ရှင်းရေး ပြဿနာကို မနိုင်မနင်း ဖြေရှင်းနေရသည်ကို တွေ့ရ၏။
လမ်းဘေးဈေးသည် ရှိနေခြင်းက ပြဿနာဖြစ်နေပါက အကြောင်းရင်းကိုရှာ၍ စနစ်တကျ ဖြေရှင်းရန်လိုပြီ။ အကြောင်းကို သတ်ရမည်။ အမှန်အတိုင်း ဝန်ခံကြရမည်ဆိုလျှင် မိမိတို့နိုင်ငံက ဆင်းရဲပါသည်။ နှစ်ပေါင်း ၅၀ ကျော် ဒဏ်အမျိုးမျိုး ခံရသည်ကိုး။ သို့ဖြစ်ခဲ့စေကာမူ ညည်းညူနေရုံမျှဖြင့် ဘာမှဖြစ်လာမည် မဟုတ်။ တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးပြီး ချမ်းသာလာအောင် ကုန်းရုန်းကြမှ တော်မည်။ အလုပ်ကို တကယ်မလုပ်ဘဲ ‘‘အိယောင်ဝါး’’ လုပ်နေသမျှ ယခင်အတိုင်း ဆင်းရဲနေမည်သာ။ စည်းမရှိလျှင်တော့ ဘေးဒုက္ခ ရောက်နေမည်။ စိတ်ကူးယဉ်သည်ပဲဆိုဆို။ ပြည်သူလူထု အားလုံးအတွက် အသက်မွေးဝမ်းကျောင်း ပညာရေးကို ဖော်ဆောင်ပေးရမည့်ခေတ် ရောက်လာပြီ။ သို့မှ လုပ်ငန်းကိုင်ငန်း အခွင့်အလမ်း များကိုလည်း ဖော်ထုတ်ရန်လိုသည်။ စိတ်ဓာတ်များပြင်ရမည်။ ကိုယ်တိုင်ကမူ ဘာမျှမလုပ်ဘဲ အခွင့်အရေးများ တွင်တွင်တောင်းပြီး ထိုင်စားနေသည့်ခေတ်မျိုး မဟုတ်တော့။ ရှိနေက ချက်ချင်းဖယ်ရှား ရတော့မည်။
ဦးစားပေး ဖြေရှင်းရမည့် လမ်းဘေးဈေးသည်အရေး
Most Read
Most Recent
8 hours ago










