မိုင်ဂျာယန် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း မထိုးခြင်းကို အခြေခံမထားဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ရှေးရှုပြီး ၂၁ ရာစု ပင်လုံညီလာခံသို့ တညီတညွတ် အတူတကွ သွားနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုကိုသာ အဓိက ဆွေးနွေးပြီး ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် အရေးကြီးကြောင်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က ပြောကြားသည်။ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၇ ရက်က ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့တွင် အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။NCA လက်မှတ်ထိုးရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့် တညီတညွတ်တည်း တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ တိုင်းရင်းသားတန်း တူညီမျှမှုကို အခြေခံသည့် လိုင်ဇာ/လော်ခီးလာ သဘောတူညီချက်နှင့် ကိုက်ညီမှု မရှိဘဲ အဖွဲ့အစည်း အသီးသီးအား ယခင် အစိုးရဘက်မှ ခွဲခြားဆက်ဆံပြီး ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် ရောက်သင့်ရောက်ထိုက်သော ခရီးကို မရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။NCA နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတူတကွ မသွားတော့ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုချင်းစီမှ မိမိ၏ ဆုံးဖြတ်ချက်ကို အလေးထားပြီး ဆုံးဖြတ်ခဲ့ကြသည့် အတွက်ကြောင့် လက်မှတ်ထိုးပြီးသည့် အဖွဲ့နှင့် မထိုးရသေးသည့် အဖွဲ့များ အကြား မတူညီသည့် လုပ်ငန်းစဉ်နှင့် မူများ ရှိလာနေသည့်အတွက် ဆုံရပ်တစ်ခု ပြန်တည်ဆောက်နိုင်ရန် ခက်ခဲနေကြောင်း၊ သို့ရာတွင် လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂၁ ရာစု ပင်လုံညီလာခံကို စတင်ဖော်ဆောင်နေသည့်အတွက် အတူတကွ သွားနိုင်ရေး လမ်းစပွင့်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပဒိုနော်စီဖိုးရာစိန်က ပြောကြားသည်။လက်ရှိ အစိုးရ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေခြင်းသည် တိုင်းရင်းသားများ အတွက် အားသာချက်တစ်ခု ဖြစ်ကြောင်း၊ အစိုးရဘက်က ဘယ်လို ဖက်ဒရယ်ပြည်ထောင်စု ပုံစံကိုပဲ ရည်ညွှန်းသည်ဖြစ်စေ တိုင်းရင်းသားများက ဘယ်လို ဖက်ဒရယ်ပုံစံမျိုး တည်ဆောက်မည် ဆိုတာကို စဉ်းစားလေ့လာ ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ပဒိုနော်စီဖိုးရာစိန်က ဆက်လက်ပြောကြားသည်။“အဲဒီ အတွက်ကြောင့် အစကနေ ပြန်စဖို့ မလိုတော့ဘဲ ၂၀၀၈ ခုနှစ်က ဖက်ဒရယ် ပြည်ထောင်စု အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) မှ မူကြမ်းအဖြစ် သဘောတူထားပြီးဖြစ်သော ဖက်ဒရယ် အခြေခံ မူကြမ်းအပြင် ၂၀၁၅ ခုနှစ်က UNFC မှ ဖြည့်စွက်ထားသော အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ဖြည့်စွက်ပြင်ဆင်မှု ပြုလုပ်ပြီး ဒီအစည်းအဝေးကြီးကနေ ဆွေးနွေး အတည်ပြုနိုင်ပါတယ်” ဟု ပြောကြားသည်။လေးရက်ကြာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး ပထမနေ့တွင် ပင်လုံလက်စွဲစာတမ်း ပြုစုနိုင်ရေး ဆွေးနွေးခဲ့ပြီး အစည်းအဝေး ဒုတိယနေ့တွင် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခြေခံမူများကို ဆွေးနွေးခဲ့သည်။ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဆက်လက် ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေး၌ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်ပြင်ဆင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။ညီလာခံ ဆွေးနွေးမှုနှင့် ပတ်သက်၍ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်က “အဓိကကတော့ ၂၁ ရာစု ပင်လုံအစည်းအဝေးမှာ ဒီတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အားလုံးက ဘုံသဘော တူညီချက်တွေကို တင်ပြနိုင်ဖို့ မျှော်လင့်တာ ဖြစ်ပါတယ်။ အသေးစိတ်တွေ မဟုတ်ဘဲ ဆွေးနွေးပွဲတွေမှာ အောင်မြင်နိုင်ဖို့ဆိုရင် အပြုသဘောနဲ့ တစ်စုံတစ်ရာ ရရှိဖို့ ဆိုတဲ့ မျှော်လင့်ချက် ထားရှိတာ ဖြစ်ပါတယ်။ နိုင်ငံရေး ကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍ နှစ်ခုစလုံးကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်တွေ အားလုံးကိုလည်း ဘုံသဘောတူညီချက် ရနိုင်တဲ့ အဓိက မူဝါဒပိုင်းဆိုင်ရာကိုပဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အသေးစိတ်များကိုတော့ ဒီမှာ မဆွေးနွေးပါဘူး။ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးမှာ ကာကွယ်ရေး၊ နိုင်ငံရေး ပြီးရင် နိုင်ငံတော် တည်ဆောက်ရေးတွေမှာ အားလုံး လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက် ရနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ စုစုပေါင်း ၁၇ ဖွဲ့၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)၊ တိုင်းရင်းသား ညီနောင်ပါတီများ ဖက်ဒရေးရှင်း (NBF) စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးလျက် ရှိသည်။
မိုင်ဂျာယန် အစည်းအဝေးတွင် NCA လက်မှတ်ထိုးခြင်း မထိုးခြင်းကို အခြေခံ မထားဘဲ ၂၁ ရာစု ပင်လုံညီလာခံသို့ အတူတကွ သွားနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုကိုသာ ဘုံသဘောထားများ ချမှတ်နိုင်ရန် အရေးကြီးကြောင်း KNU ဒုတိယ ဥက္ကဋ္ဌ ပြောကြား















