၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသား ပြည်သူလူထုအများစုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြွင်းမဲ့ ယုံကြည်လျက်၊ ထောက်ခံဆန္ဒမဲများ ပုံအောပေးခဲ့သည်။ လူထုခေါင်းဆောင် ကမကထ ပြုသည့်အစိုးရများ ဖွဲ့စည်းနိုင်ရေး ရည်မှန်းလျက် ကိုယ်စားလှယ်ကို မကြည့်၊ ပါတီကိုကြည့် မဲပေးခဲ့ကြသည်။ အစိုးရသစ်ဖွဲ့ပြီး ရက် ၁၀၀ ဝန်းကျင် ကြုံဆုံ၊ ကြားသိခဲ့ရသမျှအရေး ကိစ္စများကို စောကြောမည်ဆိုလျှင် ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဘိုးရေဟုသာ အော်ဟစ်လိုက်ချင်မိပါသည်။
နိုင်ငံရေးတွင် လှေနံဓားထစ်လည်း မကောင်း၊ ခွေးမြီးကောက် ခြေထောက်စွပ်လည်း မကောင်း။ လှေနံဓားထစ်၊ တရားသေ ချဉ်းကပ်လွန်းလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန် အပြောင်းအလဲအစစ်အမှန်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပချိန်အထိ ဟန်ရေးပြနေရုံသက်သက်ထက် သာလွန်ကောင်းမွန်ရန် ခက်ခဲဦးမည်ဖြစ်သည်။ ခွေးမြီးကောက် ကျည်တောက်စွပ်သည့် လုပ်ဟန်များ၊ သဘောထားများသည် အပြောင်းအလဲကို အမြင့်ဆုံး အဟန့်အတားဖြစ်စေမည်မှာ ဧကန်မုချဖြစ်သည်။ အကယ်စင်စစ် တစ်ယောက်တည်း ပြောင်းလဲ၍မရ။ တစ်စုတစ်ဖွဲ့တည်း ပြောင်းလဲ၍မရ။ ရာခိုင်နှုန်း ၇၀ ကျော် တောင်သူလယ်သမားများ၊ အလုပ်သမားများ အပါအဝင် အောက်ခြေနင်းပြား ပြည်သူလူထုအများစုအတွက် အပြောင်းအလဲကို ဦးတည်နိုင်မှ၊ အောက်ခြေနင်းပြား ပြည်သူလူထုကြီး ပါဝင်ပါမှ၊ ခရီးပေါက်မည်ဖြစ်သည်။
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ပင်လုံမြို့ နယ် ပင်လုံကျောက်တိုင်ကွင်းတွင် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ သို့မဟုတ် တိုင်းရင်းသားလူငယ်များ၏ ၂၁ ရာစုပင်လုံကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရက ဆိုင်းငံ့ထားပါရန် အကြောင်းကြားသည်ကို ကြားသိ၊ မြင်တွေ့ရသောအခါ ကိုယ်တော်မှိုင်း... ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ၊ အဘိုးရေဟု ထပ်မံအော်ညည်းမိပြန်ပါသည်။ ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးသည် လှေနံဓားထစ်ခံ နေရပြီလား။ ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးသည် ခွေးမြီးကောက် ကျည်တောက်စွပ်နေပြီလား။ ၂၈ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး အကြိုကာလတွင် နိုင်ငံရေး အော့နှလုံးနာဖွယ် စိန်ခေါ်မှုများကို ကြားသိ၊ မြင်တွေ့ရသောအခါ ရာဇဝင်တွေ၊ ထပ်ထပ် ရိုင်းခဲ့ရပြီအဘိုးရေဟု အော်ကြီးဟစ်ကျယ် ပြုမိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို မည်သည့်အကြောင်းပြချက်များကြောင့် ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရပေ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးလုပ်ငန်းစဉ်များနှင့် နပန်းလုံးလျက်ရှိသည်။ ပင်လုံသည် ၁၉၄၇ ခုနှစ်ကတည်းက ကြီးကျယ်ခမ်းနားသော သမိုင်းကို ပိုင်ဆိုင်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ရင်ကြားစေ့ရေးစသည့် ဆိုင်းဘုတ်များအောက်တွင် ၂၁ ရာစုပင်လုံဖြစ်ဖြစ်၊ ပင်လုံက တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်ဖြစ် ကျင်းပသင့်သည်ဟု သုံးသပ်ပါသည်။ လှေနံဓားထစ်၊ ခွေးမြီးကောက် ကျည်တောက်စွပ်သည့် နည်းနာများ၊ လုပ်ဟန်များကြောင့် မြန်မာ့အပြောင်းအလဲသည် စိုးရိမ်ရေမှတ်အထက် ရောက်နေမည်ဆိုလျှင် ကြောင်းကျိုးဆီလျော်မှု မရှိနိုင်ပေ။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် စတင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ဆိုင်းငံ့ထားပါရန် ဇူလိုင် ၂၅ ရက်ညပိုင်း၌ အကြောင်းပြန်ကြားခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မတီအနေဖြင့် ၂၀၁၆ ခုနှစ် ဇွန် ၃ ရက်နှင့် ဇူလိုင် ၁၄ ရက်တို့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ ပင်လုံကျောက်တိုင်ကွင်း၌ ညီလာခံကျင်းပ ပြုလုပ်ခွင့်ပြုပါရန်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား တွေ့ဆုံခွင့်ပြုပါရန် တင်ပြခဲ့သည်။ ရှမ်းပြည်နယ် အစိုးရအနေဖြင့် အဆုံးအဖြတ်ပေးရန် ချီတုံချတုံဖြစ်ခဲ့သည့်အလျောက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြလျက် အဆုံးအဖြတ် ရယူခဲ့ပုံရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၂ ရက် ရက်စွဲပါစာအရ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ ကျင်းပရန်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား တွေ့ဆုံရန် တင်ပြလာမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဆိုင်းငံ့ထားရန် အကြောင်းကြားခဲ့ပါသဖြင့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ညီလာခံကျင်းပပြုလုပ်ခွင့်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား တွေ့ဆုံခွင့် တင်ပြလာမှုတို့ကို ဆိုင်းငံ့ထားရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့က တိုင်းရင်းသားလူငယ်များ ညီလာခံကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့သည်မှာ တုန်လှုပ်အံ့သြဖွယ်ရာ ဖြစ်သည်။ ကိုယ်တော်မှိုင်း.. ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဘိုးရေ..ဟု မြည်တွန် တောက်တီးမိပြန်ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ရည်ညွှန်းစာအရ၊ ရှမ်းပြည်နယ်အစိုးရ၊ ဝန်ကြီးချုပ်ကိုယ်စား၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး လက်မှတ်ရေးထိုးလျက်၊ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံအား ဆိုင်းငံ့ထားရန် အကြောင်းကြားစာကို အပြင်းအထန်ကန့်ကွက်ပါသည်။ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသင့်ပါကြောင်းနှင့် တိုင်းရင်းသားလူငယ်များ၏ နိုင်ငံတော် ပြည်အရေး ဆွေးနွေး အမြင်ဖလှယ်မှုကို မြေတောင်မြှောက်ပေးသင့်ပါကြောင်း တိုက်တွန်း ဆော်သြလိုပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးတို့အတွက် သော့ချက်ကျအရေး ပါသည့်နည်းတူ၊ ပင်လုံကျောက်တိုင်ကွင်းတွင် ကျင်းပမည့် တိုင်းရင်းသားလူငယ်များ ညီလာခံသည်လည်း မျက်မှောက်နိုင်ငံရေးအခင်း အကျင်းတွင် ရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတို့နှင့် စပ်လျဉ်းသည့် တိုင်းရင်းသားလူငယ်များ၏အသံကို ကျယ်ကျယ်ပြန့်ပြန့် ကြားသိနိုင်မည်ဖြစ်သဖြင့် ၂၁ ရာစုပင်လုံအတွက် မြင့်မြင့်မားမား အကျိုးပြုနိုင်ခြေရှိသည်။
ပြည်ထောင်စုအစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကျင်းပခွင့် ဆိုင်းငံ့ထားရန် အကြောင်းကြားစာကို အနုလုံ ပဋိလုံ ခွဲခြမ်းစိတ်ဖြာ သုံးသပ်သင့်သည်။ အဆိုပါ အကြောင်းကြားစာသည် ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် တိုင်းရင်းသား လူငယ်များအကြား၊ သပ်လျှိုသွေးခွဲလျက် အစိုးရနှင့်လူငယ်၊ အစိုးရနှင့် တိုင်းရင်းသားလူမျိုးများ၊ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုနှင့် နားလည်မှုတို့ကို ထိခိုက်ပွန်းပဲ့နိုင်သည်အထိ တာသွားနိုင်ခြေရှိနေသည်။ နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုဖွဲ့စည်းသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့်ဆိုင်းငံ့ထားရန် အကြောင်းကြားစာကြောင့် ကြီးမားသောအမည်းကွက်ကြီး စွန်းထင်းစေခဲ့ပြီဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ လွှမ်းခြုံသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအပေါ်လည်း သိသိသာသာ ထိခိုက်နိုင်ခြေ ရှိနေသည်။
ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ၊ နိုင်ငံရေးစားပွဲဝိုင်းများတွင် ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ဗျူဟာမြောက် သော့ချက်ကျသည်။ လူထုက ရွေးကောက်တင်မြှောက်သည့် လူထုအစိုးရအနေဖြင့် ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ညီလာခံများကျင်းပလျက်၊ ဆွေးနွေးအဖြေရှာသည့် ဒီမိုကရေစီနည်းကျ နိုင်ငံရေးနည်းနာကို အားပေးရမည်ဖြစ်သည်။ သို့မှသာ အောက်ခြေနင်းပြား ပြည်သူလူထုအများစု၏ အသံများ၊ ဆန္ဒသဘောထားများကို တူးဆွနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အန္တိမရည်မှန်းချက် ထားပါသည်ဟုဆိုသော အစိုးရများ၏ လုပ်နည်းလုပ်ဟန်များက ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို မလိုလား၊ ဗဟိုက တတ်နိုင်သရွေ့ထိန်းချုပ်၊ ချုပ်ကိုင်နိုင်ရေးကို ရှေးရှုနေသည်မှာ အပြောတခြား၊ အလုပ်တခြား၊ နိုင်ငံရေး လက်တစ်လုံးခြားသက်သက်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို သတ်မှတ်ထားသည့် ကာလအတောအတွင်း အောင်အောင်မြင်မြင်၊ ခလုတ်မထိဆူးမငြိ ကျင်းပနိုင်ရေး နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် မဖြစ်မနေ စောင့်ရှောက်ပေးသင့်ပါကြောင်း တိုင်းရင်းသားလူငယ်များ ကိုယ်စား အလေးအနက် ပန်ကြားအပ်ပါ သည်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့အနေဖြင့် လက်ညှိုးထောင်၊ ခေါင်းညိတ်ရုံ သက်သက် ဒီမိုကရေစီ ပြောင်းပြန်ကျသော ဆုံးဖြတ်ချက်များကို မချမှတ်မိရန် အထူး အလေးထား ဆောင်ရွက်သင့်သည်။ အစစအရာရာ ထိလွယ်ရှလွယ်သည့် အခင်းအကျင်းတွင် တိုင်းရင်းသားလူမျိုးများနှင့် ယုံကြည်မှု၊ နားလည်မှု လျော့ပါးစေမည့် ခြေလှမ်းများကို သတိကြီးကြီး ထားလှမ်းနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ကိုယ်တော် မှိုင်း.. ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဘိုးရေဆိုသည့် ညည်းတွားအော်ဟစ်သံများကို မကြားလိုတော့ပေ။ ဒီမိုကရေစီခေတ်ဆီ ဦးတည်ဖော်ဆောင်နေသည့် ဒီမိုကရေစီ ကိုယ်စားပြုသူ အများစုပါဝင်သည့် အစိုးရများ၊ လွှတ်တော်များအနေဖြင့် သမိုင်းရာဇဝင်ကို ရိုင်းစေမည့် အပြုအမူများကို အလေးအနက် ရှောင်ကြဉ်သင့်သည်။ ဒီမိုကရေစီပြောင်းပြန်နှင့် ဇောက်ထိုးခေါင်းဆောင်မှုသည် မြန်မာနိုင်ငံကို ဆင်းရဲမွဲတေမှုနွံအိုင်ထဲမှ ရုန်းထွက်နိုင်ရေး လမ်းစ ရှာပေးနိုင်ဖွယ်မရှိနိုင်ပေ။ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အပြောသက်သက်မဟုတ်၊ အလုပ်နှင့်သက်သေပြ ဖော်ဆောင်မည်ဆိုပါက၊ အစိုးရ၊ လွှတ်တော်တို့အနေဖြင့် သမိုင်းမကွေးရေး၊ တိုင်းရင်းသားလူမျိုးများနှင့် ဆက်ဆံရေးတွင် ရာဇဝင်မရိုင်းရေးတို့ကို အလေးအနက် ရှေ့တန်းတင် ဆောင်ရွက်သင့်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။
ကိုယ်တော်မှိုင်း..ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဘိုးရေ
Most Read
Most Recent
8 hours ago










