တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးသား အဖွဲ့များရော၊ မထိုးရသေးတဲ့ အဖွဲ့များပါ ပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ စတင်ပြီး ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ ကျင်းပမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးကို ယခင်ကလည်း အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ပေမယ့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ အကြား လက်မှတ်ထိုးပြီး နောက်ပိုင်းမှာတော့ မိုင်ဂျာယန် စုံညီအစည်းအဝေးဟာ လက်နက်ကိုင်အဖွဲ့များ စုံညီစွာ တက်ရောက်မယ့် ပထမဆုံးပွဲဖြစ်ပါတယ်။
အစိုးရသစ်က ယခုနှစ် သြဂုတ်လမှာ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တစ်နည်းအားဖြင့်၂၁ရာစု ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး စုံလင်စွာ တက်ရောက်နိုင်ရေးနဲ့ တိုင်းရင်းသားများရဲ့ နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက် ရရှိရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်တယ်လို့ မိုင်ဂျာယန်အစည်းအဝေးကျင်းပရေး ကော်မတီဝင်များရဲ့ ပြောဆိုချက်အရ သိရပါတယ်။
■ NCA မတိုင်ခင်နှင့် NCA လက်မှတ်ထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ဖို့ ယခင် အစိုးရလက်ထက်မှာ စတင်ဆောင်ရွက်ရာမှ တစ်ဆင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဆွေးနွေးညှိနှိုင်း ပူးပေါင်းရေးဆွဲခဲ့တဲ့ NCA စာချုပ်တစ်ခု ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အပြည့်အ၀ မဟုတ်တောင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုလို့ ပါဝင်ဆောင်ရွက်သူတွေက ဆိုပါတယ်။
၂၀၁၃ ခုနှစ် ကချင်ပြည်နယ် လိုင်ဇာဒေသမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးအပြီး စတင်ခဲ့သော NCA စာချုပ်ညှိနှိုင်းမှုဖြစ်စဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် ငြင်းခုံမှုတွေ တင်းမာမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့တာပါ။ အဆုံးသတ်မှာတော့ NCA ဖြစ်ပေါ်ရေးအတွက် အရေးကြီးတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အစည်းအဝေးဆုံးဖြတ်ချက်တွေအဖြစ် NCA စာချုပ်ပါ စာသာများအတိုင်း ဆက်လက် အကောင်အထည်ဖော်ရမယ့် အချက်တွေလို့ သတ်မှတ်ကာ နှစ်ဖက်ကိုယ်စားလှယ်တွေ အတည်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ NCA စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးခွင့်နဲ့ ပတ်သက်ပြီး နှစ်ဖက်ပြေလည်အောင် မညှိနှိုင်းနိုင်ခဲ့လို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့သာ ပါဝင်လက်မှတ်ထိုးတဲ့ NCA ဖြစ်လာခဲ့ပါတယ်။ အခြားအကြောင်းတွေလည်း ရှိနေနိုင်ပါတယ်။
NCA လက်မှတ်ထိုးအပြီး နောက်ပိုင်းမှာတော့ NCA စာချုပ်ပါ အချိန်ဇယားအရ အစိုးရနဲ့ တိုင်းရင်းသားရှစ်ဖွဲ့တို့ဟာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး မူဘောင်ရေးဆွဲတာတို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီမှာ အားနည်းချက်များစွာ ရှိခဲ့တယ်လို့လည်း ဝန်ခံပြောဆိုမှုတွေ ရှိပါတယ်။ NCA အရ ဆောင်ရွက်ရတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းတွေဟာ မျှော်လင့်ထားတာထက် အောင်မြင်မှုရရှိခဲ့တယ်လို့ ပါဝင်ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။
သို့ပေမဲ့ တပ်မတော်နဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့အချို့ကြားမှာ တိုက်ပွဲအချို့နဲ့ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဟိုးအရင် လက်မှတ်မထိုးခင်ကထက် စာရင်တော့ အဆများစွာ သက်သာသွားသလို တိုက်ပွဲဖြစ်ပွားပြီဆိုတာနဲ့ ပြေလည်မှုရရှိရေး ညှိနှိုင်းမှု အမြန်ဆုံးလုပ်နိုင်တဲ့ ယန္တရားတွေ ရှိနေတာက ကြီးမားတဲ့တိုက်ပွဲတွေ မဖြစ်အောင် တားဆီးနိုင်တယ်လို့ ဆိုပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြားမှာတော့ တိုက်ပွဲတွေဟာ မကြာခဏဆိုသလိုပါပဲ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ထုံးစံအတိုင်း ပြည်သူတွေက စစ်ဘေးဒုက္ခ ကြုံတွေ့ကြရတာပေါ့။
NCA လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ အစိုးရနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှု မရှိသလောက် နည်းပါးသွားခဲ့တယ်။ ပြီးတော့ လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာလည်း စိတ်ဝမ်းကွဲမှုအချို့ ရှိသွားစေခဲ့တယ်လို့ သုံးသပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
■ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှု
ပြည်သူလူထု ထောက်ခံမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်မှုတွေကြောင့် နိုင်ငံတော်သမ္မတတာဝန်ကို မထမ်းဆောင်နိုင်ခဲ့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ရယူပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ တာဝန်တွေမှာ ဦးဆောင်ပြီး လုပ်ကိုင်နေပါတယ်။
နိုင်ငံတကာရဲ့ လေးစားယုံကြည်မှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာအောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္ဒိဌာန်နဲ့အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ တာဝန်များကို ရယူပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ ထိရောက် အောင်မြင်ရေး ဦးစားပေး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ဖို့ လူဟောင်းတွေ၊ လူသစ်တွေနဲ့ စုဖွဲ့မှုအပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် မေလလယ်လောက်က စတင်ခဲ့တဲ့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုဟာ အချိန်တိုအတွင်း ခရီးရောက်တယ်ဆိုတာကို အချက်အလက်တွေအရ တွေ့မြင်ရပါတယ်။ အဲဒီလိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်တွေ့ကျစွာ အချိန်တိုတိုအတွင်း ခရီးရောက်အောင် ဆောင်ရွက်နိုင်ခဲ့မှုဟာလည်း ဇူလိုင် ၁၉ ရက်က ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းများက သက်သေပါပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် အလေးပြုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ကျင်းပခဲ့တဲ့ အောက်မေ့ဖွယ် ဆွမ်းကပ်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် မူဝါဒပိုင်းဆိုင်ရာကို အစိုးရ၊ တပ်မတော်တို့အကြား ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြသလို ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မူဝါဒချမှတ်ရေးတို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ အစိုးရကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များအပြင် ပညာရှင်များ အတွေ့အကြုံရှိသူများနဲ့ စုဖွဲ့ထားပါတယ်။ ဒါဟာ မူဝါဒချမှတ်ရေးနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်ဖို့ အစိုးရသစ်ရဲ့ ပြင်ဆင်မှုပါ။
အစိုးရရဲ့ ၂၁ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေးကော်မတီဟာ သြဂုတ်လအတွင်းမှာ ညီလာခံကျင်းပနိုင်ရေးအတွက် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့များနဲ့ ညှိနှိုင်းခြင်း၊ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့များနဲ့ ညှိနှိုင်းခြင်းများကို ဆက်တိုက် ဆောင်ရွက်ခဲ့ပါတယ်။ ထူးခြားမှုအနေနဲ့က အကြိုပြင်ဆင်ရေးကော်မတီဟာ လက်မှတ် မထိုးထားရသေးတဲ့ ဘယ်အဖွဲ့နဲ့မဆို တွေ့ဆုံနိုင်ခြင်းရှိတယ်လို့ မူချမှတ်ပေးထားတာကြောင့် အရင်အစိုးရ လက်ထက်က အသိအမှတ်မပြုခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အကြိမ်များစွာ တွေ့ဆုံညှိနှိုင်းနိုင်ခဲ့သလို “ဝ” ၊ မိုင်းလား၊ နာဂ လက်နက်ကိုင်အဖွဲ့များနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြု လုပ်ခဲ့ပါတယ်။
ဒါ့အပြင် တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ကိုးကန့်၊ တအောင်းနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့နဲ့လည်း တွေ့ဆုံနိုင်ဖို့ နှစ်ဖက် ညှိနှိုင်းနေပါတယ်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့များကို တွေ့ဆုံပြီး NCA မှာ ပါဝင်နိုင်ရေး၊ ၂၁ ရာစု ပင်လုံညီလာခံအတွက် မူဘောင်ရေးဆွဲမှုနဲ့ ညီလာခံမှာ ပါဝင်နိုင်ရေးများကို ညှိနှိုင်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဇွန် ၂၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့ရှစ်ဖွဲ့ က ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်းမှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကြိုးစားဖို့ သဘောတူခဲ့ကြပါ တယ်။ ဒီဆောင်ရွက်မှုတွေဟာ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် မျက်နှာစုံညီအစည်းအဝေး ဖြစ်ပေါ်လာရခြင်းရဲ့အဓိက အချက်တစ်ချက်အဖြစ် ပါဝင်နေပါတယ်။
■ မိုင်ဂျာယန်မှာ ဆွေးနွေးကြမယ့် အကြောင်းအရာ
မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေး ဖြစ်ပေါ်လာရေး စတင်ပြင်ဆင်တာက ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ပါဝင်ခဲ့တဲ့ ကချင်၊ ရှမ်း၊ ချင်း စတဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားလက်နက်ကိုင် KIO/KIA ၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် RCSS နဲ့ SSPP အဖွဲ့များ၊ ချင်းတိုင်းရင်းသား လက်နက်ကိုင် CNF တို့ကနေပြီးတော့ မိုင်ဂျာယန် စုံညီအ စည်းအဝေး ဖြစ်ပေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ညီလာခံကျင်းပရေးကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အတူတကွ ဆောင်ရွက်နိုင်ဖို့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များနဲ့ ကျင်းပရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
မျက်နှာစုံညီအစည်းအဝေး ကျင်းပရေးကော်မတီကို ၁၀ ဦးနဲ့ ဖွဲ့စည်းခဲ့ရာမှာ ကရင်နီအဖွဲ့ KNPP မှ ဦးခူဦးရယ်က ဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU က ပဒိုစောကွယ်ထူးဝင်းက ဒုတိယဥက္ကဋ္ဌ (၁) ကချင်အဖွဲ့ KIO/KIA က ဗိုလ်ချုပ်ဂွမ်မော် က ဒုတိယ ဥက္ကဋ္ဌ (၂) ရှမ်းအဖွဲ့ RCSS က ဗိုလ်မှူးကြီးစိုင်းလက အတွင်းရေးမှူး၊ မွန်တိုင်းရင်းသား လက်နက်အဖွဲ့ NMSP က ဒေါက်တာနိုင်ရွှေသိန်းတို့က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြပါတယ်။ အဆိုပါ ကျင်းပရေးကော်မတီရဲ့ ဇူလိုင် ၁၃ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အစည်းအဝေးမှာ မိုင်ဂျာယန်မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်အချက်က နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်ကိစ္စ၊ ဒုတိယအချက်က လုံခြုံရေးဆိုင်ရာကိစ္စ၊ တတိယအချက်က နိုင်ငံရေးဆွေးနွေးရေး မူဘောင်သုံးသပ်မယ့်ကိစ္စ နောက်ဆုံးအချက်ကတော့ အခု ၂၁ ရာစု ပင်လုံဆိုတဲ့ ခေါ်ဆိုချက်ရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်ကြသလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့ ပဒိုစောကွယ်ထူးဝင်းက ရှင်းပြပါတယ်။
“အခု ကျင်းပကြမယ့် ၂၁ ရာစု ပင်လုံကို ကျွန်တော်တို့ ၁၉၄၇ ခုနှစ်က ပင်လုံနဲ့ ဆက်စပ်နေတဲ့ ပါဝင်ပြီးတော့ လက်မှတ်ထိုးခဲ့ကြတဲ့ ပြည်နယ်တွေရဲ့ သဘောထားတွေ ဘယ်လို ချမှတ်သွားကြမလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးရင်းနဲ့ အားလုံး ဒီအခင်းအကျင်းမှာ ရပ်တည်သွားနိုင်အောင် ပါဝင်ပြီးတော့ ဖော်ဆောင်နိုင်အောင်ဆိုတဲ့ လမ်းစတွေကို ရှာကြတာပဲ ဖြစ်တယ်။ သဘောထားတွေတော့ တစ်ခုမှ မကျသေးဘူးလို့ ကျွန်တော်သိရပါတယ်။ မကျသေးဘူးဆိုပေမယ့် ခွဲထွက်ဖို့ ကျွန်တော်တို့ ဒီ NCA ထဲမှာ လက်မှတ်လာထိုးကြတာ မဟုတ်ပါဘူး။ အထူးသဖြင့်တော့ ၁၉၄၇ ခုနှစ်က ရခဲ့တဲ့ စာချုပ်အနှစ်သာရအတိုင်း ပူးပေါင်းပြီးတော့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စတဲ့ အခြေခံကို အခြေခံပြီးတော့ အေးအတူပူအမျှနဲ့ အတူနေနိုင်မယ့် နည်းလမ်းကို ရှာဖွေကို ကျွန်တော်တို့ NCA ကို ထိုးခဲ့တာဖြစ်တော့ ခွဲထွက်ဖို့အရေးကို ကျွန်တော်တို့ ဆွေးနွေကြတာ မဟုတ်ပါဘူး” ဒါက NCA လက်မှတ်ထိုးထားတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောဆိုတာပါ။ NCA မထိုးရသေးတဲ့ အခြားအဖွဲ့တွေရဲ့ သဘောထားကတော့ ဘယ်လိုဆိုတာ ဒီမိုင်ဂျာယန် အစည်းအဝေးမှာ သိရနိုင်ပါတယ်။
ဒီ ၂၁ ရာစု ပင်လုံနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များဖြစ်ကြတဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ SSPP ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ NMSP ဥက္ကဋ္ဌ နိုင်ထောမွန်၊ KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်နဲ့ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်တို့ရဲ့ ဇူလိုင် ၁၇ ရက် တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မိသားစုပုံစံတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဥပဒေစိုးမိုးရေးအခြေခံနဲ့ ဆောင်ရွက်မယ်လို့ ပြောကြားခဲ့သလို UNFC ခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံး ပူးပေါင်းပါဝင်နိုင်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လက်တွေ့စဉ်းစားချက်တွေ၊ စစ်ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးက စစ်မှန်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တစ်ပြိုင်တည်း ကြေညာနိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။
သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်များရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး “၁၉၄၇ ပင်လုံညီလာခံနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းသွားတာ ရှင်းပါတယ်။ ပင်လုံညီလာခံမှာ လက်မှတ်ထိုးတဲ့ ပါဝင်ခဲ့တဲ့အဖွဲ့တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဗမာရယ်၊ ရှမ်းရယ်၊ ကချင်ရယ်၊ ချင်းရယ်ပဲ ပါတယ်။ ပါတော့ကျတော့ အဲဒီ သဘောတူညီချက်ကို အခြေခံမယ်။ အဲဒီ ကတိကဝတ်ကို အခြေခံမယ်ဆိုရင် ကျန်တဲ့ ကရင်တို့ မွန်တို့ ရခိုင်တို့ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ ရှိသေးတယ်။ ဒီအပေါ်မှာ မပါတော့ဘူးလားဆိုတာ ယူဆစရာ ရှိပါသေးတယ်။ အဲဒါကြောင့်မို့လို့ ၂၁ ရာစုပင်လုံရဲ့ အဓိကအခြေခံက ပင်လုံစိတ်ဓာတ်ပေါ့နော်။ ပင်လုံစိတ်ဓာတ်ဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ဖို့အတွက် တောင်တန်းပြည်မ မခွဲခြားဘဲ တစ်စိတ်တစ်ဝမ်းတည်းနဲ့ လွတ်လပ်ရေးကို ယူကြမယ်ဆိုတဲ့ ညီညွတ်မှုပေါ့။ အဲဒီလိုပဲ အခု ၂၁ ရာစု ပင်လုံညီလာခံသည် နိုင်ငံတော်အတိုင်ပင်ခံ ဆိုလိုချင်တဲ့သဘောက ပြည်တွင်းငြိမ်းချမ်းရေးပေါ့ လွတ်လပ်ရေးစရကတည်းက ဖြစ်လာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အားလုံး တစ်စိတ်တစ်ဝမ်းတည်း သဘောတစ်ခုတည်းနဲ့ ရအောင် တည်ဆောက်ကြမယ်ဆိုတဲ့ဟာကို ဆိုလိုတာဖြစ်တယ်” လို့ ရှင်းပြပါတယ်။
တိုင်းရင်းသားတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက ကတိကဝတ် တစ်ခုခုရခဲ့မယ်ဆိုရင် သံသယမဖြစ်ပါနဲ့။ ဘာလို့လဲဆိုရင် ကတိကို လွယ်လွယ်မပေးတတ်တဲ့ သူမအနေနဲ့ ပေးနိုင်တဲ့ကတိကိုပဲ ပေးမယ်လို့ အစဉ်အမြဲပြောဆိုခဲ့တာပါ။
ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကိုရယူပြီး စည်းလုံးညီညွတ်မှု တည်ဆောက် တိုင်းပြည်လွတ်လပ်ရေး ရအောင်ယူခဲ့သလို သူ့လက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ် ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားပုံပါ။
■ မိုင်ဂျာယန်အစည်းအဝေးအပေါ် တပ်မတော်ရဲ့ စိုးရိမ်ချက်နဲ့ သတိပေးချက်
မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးနဲ့ ပတ်သက်ပြီး တပ်မတော်က စိုးရိမ်ချက်၊ သတိပေးချက် အဓိကအချက် နှစ်ချက်ရှိတယ်လို့ ဇွန် ၂၉ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြပါတယ်။
“တစ်ခုက ဘာလဲဆိုတော့ ဟိုးအရင် ပန်ဆန်းညီလာခံတွေ လုပ်ဖူးတယ်။ “ဝ”မှာ။ အဲဒီ တချို့လုပ်တဲ့အချိန်မှာ ဖြစ်တတ်တာက ဘာလဲဆိုတော့ ညီလာခံလုပ်လိုက်မယ်ဆိုရင် သူက နယ်မြေတည်ဆောက်ရေး အဲဒီလိုတွေ လုပ်ကြတယ်တဲ့။
ငါ့နယ်မြေက ဒါ ဒီလိုဆိုပြီး အခြားသူတွေ ခေါ်ပြတာပေါ့ဗျာ။ နောက်တစ်ခါ ဒီအင်အား တည်ဆောက်တာ။ အဲဒီလို ညီလာခံတွေ ခေါ်ပြီး တိုင်းရင်းသားညီလာခံဆိုပြီး ခေါ်ပြီးတော့ အင်အားတည်ဆောက်တာ။ အင်အားတည်ဆောက်ရေးက ဘာလဲဆိုတော့ မြောက်ပိုင်းမှာ စစ်တွေရပ်ပါ မရပ်ရင် ကျွန်တော်တို့အားလုံး စုပေါင်းခုခံ ကာကွယ်ရမယ်။ မြောက်ပိုင်းစစ်ရေး မဟာမိတ်တွေ ဘာတွေ ဖွဲ့ချင်တာတွေ ရှိတာကိုး။ ဒါကိုညွှန်းချင်တာ။ ဒါကြောင့် နယ်မြေတည်ဆောက်ရေး၊ အင်အားတည်ဆောက်ရေးတွေ မဖြစ်ဖို့လိုတယ်ဆိုတာ။ နောက်တစ်ခု သတိပေးတာက ဘာလဲဆိုတော့ အားလုံး ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါအောင် ဆွေးနွေးတာမှာ ရောက်ပြီးသား ရှစ်ဖွဲ့ကတော့ အကောင်း ပြောမှာကိုး။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များနဲ့ မထိုးရသေးတဲ့ အဖွဲ့များ ဒီအုပ်စု နှစ်ခုကနေ အဲဒီပွဲခေါ်မှပဲ သွားငြင်းနေရင် အပြစ်တင်ကြမယ်ဆိုရင် ပဋိပက္ခက ပိုကြီးသွားမယ်။ အားလုံး တညီတညွတ်တည်း ဖြစ်မလားလို့ စုပါတယ်။ အဲဒီလို သွားငြင်းမိရင် လက်မှတ်ထိုး ရှစ်ဖွဲ့နဲ့ လက်မှတ်မထိုးသေးတဲ့ ခြောက်ဖွဲ့၊ ခုနစ်ဖွဲ့သွားပြီးတော့ အငြင်းအခုံဖြစ်ရင် ပိုကင်းကွာသွားမှာကို သူစိုးရိမ်တယ်။ ဒါ သူ့စိုးရိမ်ချက်ပေါ့”လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် မိုင်ဂျာယန် အစည်းအဝေးအပြီးမှာ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ထပ်တိုးလာပြီး ၂၁ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်လာရေးကို မျှော်လင့်နေကြသူ အများအပြားရှိနေပါတယ်။ အားလုံး ပါဝင်မှုမရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အပြည့်အ၀ အောင်မြင်မှုမရနိုင်တာ ပါဝင်ပတ်သက်နေတဲ့သူတွေက ပိုသိကြပါတယ်။
တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကြောင့် တိုင်းပြည်လွတ်လပ်ရေးရအောင် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာကျတော့ အချင်းချင်း စည်းလုံးညီညွတ်မှုမရှိလို့ပဲ နှစ်ပေါင်းရှည်ကြတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တိုက်ခိုက်ကြဖို့ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ အင်အား တည်ဆောက်ခဲ့ကြတာကြောင့် သယံဇာတတွေ လူသားအရင်းအမြစ်တွေဟာ တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အပြည့်အ၀ အသုံးမချနိုင်ခဲ့ဘူး။
နိုင်ငံနဲ့ ပြည်သူဟာ အဆင်းရဲဆုံးအဆင့်မှာ ထိပ်ဆုံးက ရပ်တည်နေကြရပြီး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်မှာ နိမ့်ကျနေရတယ်။
နိုင်ငံတော်ကာကွယ်ရေး၊ တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး ပြောဆိုမှုတွေ၊ ခံယူမှုတွေနဲ့ နိုင်ငံသားအချင်းချင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးခဲ့ကြရပြီးပြီ။ ပြည်သူတွေ သိန်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာကို ပြန်လည်နေရာချဖို့ ဘာမှ မဆောင်ရွက်နိုင်သေးဘူး။ အဲဒီတော့ ဒီပြဿနာတွေကို ဒီကာလမှာ မဖြေရှင်းဘူးဆိုရင် နောင်ဆို ပိုခက်သွားမလားဆိုတဲ့ အတွေးနဲ့ ငြိမ်းချမ်းရေးရအောင်
ဆောင်ရွက်ပေးဖို့ သက်ဆိုင်သူများကို မေတ္တာရပ်ခံချင်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်မယ့်အချိန်မှာ အချင်းချင်း စစ်မတိုက်ကြပါနဲ့တော့။
ပြည်သူလူထုအနေနဲ့လည်း လက်နက်ကိုင်အဖွဲ့အားလုံး အပစ်ရပ်စဲရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကောင်းကောင်းမွန်မွန် သွားနိုင်အောင် အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ခိုင်မာအောင် စောင့်ထိန်းပေးဖို့ တောင်းဆိုပြီး တပ်မတော်က ဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကဖြစ်ဖြစ် ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် ဝေဖန်ဖို့စတဲ့ တတ်နိုင်တဲ့နည်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူကိုယ်တိုင် ပါဝင်ဖို့ လိုပါတယ်။
လူထုအားနဲ့ ပါလာရင် ဘယ်လောက်ပဲ အင်အားရှိတဲ့ အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ်လောက်ပဲ လက်ဝါးကြီးအုပ်ထားတဲ့ အာဏာရှင်ဖြစ်ဖြစ် ကျဆုံးမှာပဲလို့ မှတ်သားဖူးပါတယ်။
၂၁ ရာစု ပင်လုံကို အဓိပ္ပာယ်ဖွင့်ဆိုကြမယ့် မိုင်ဂျာယန် တိုင်းရင်းသားအဖွဲ့များ အစည်းအဝေး
Most Read
Most Recent
8 hours ago










