မြစ်ဆုံတစ္ဆေဆိုးကို ချေဖျက်ဖို့ ဒေါ်လာသန်း ၈၀၀ လိုမှာလား

မြစ်ဆုံတစ္ဆေဆိုးကို ချေဖျက်ဖို့ ဒေါ်လာသန်း ၈၀၀ လိုမှာလား
Published 24 July 2016
ဖြိုးဝေ

မြန်မာနိုင်ငံသား အားလုံးနီးပါးက ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ဘက်က စာချုပ် ချမပြနိုင်ခင်မှာပဲ တရုတ်နိုင်ငံက လျော်ကြေးအတွက် စတင်ပြောလာတာတွေ ရှိနေပါပြီ။မြစ်ဆုံစီမံကိန်းလျော်ကြေးအတွက် တရုတ်နိုင်ငံက စတင်ပြောဆိုခဲ့တာက  ၂၀၁၅ ခုနှစ်အကုန် အောက်တိုဘာလမှာဖြစ်ပြီး DVB၊ Myanmar Times  သတင်းဌာနတွေမှာ တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံစီမံကိန်းအတွက် ကုန်ကျထားတာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိနေပြီပြောခဲ့သလို ဒီသန်း ၈၀၀ ပြန် လျော်မယ်ဆို ချက်ချင်းထွက်ပေးမယ် ပြောခဲ့ပါတယ်။၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြောခဲ့အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးနောက်မှာ မြစ်ဆုံစီမံကိန်းအတွက် တိတ်တဆိတ် လှုပ်ရှားမှုတွေ ပိုမိုကျယ်ပြန့်လာပြီး စီမံကိန်း ပြန်စဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ရာမှာ မြန်မာနိုင်ငံက မီဒီယာတချို့ကို မြစ်ဆုံစီမံကိန်းရှိရာ ခေါ်ခဲ့တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဒီလို ခေါ်ဆောင်မှုတွေအပြီး Frontier သတင်းဌာနမှာဆိုရင် မြစ်ဆုံစီမံကိန်း လျော်ကြေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Lieu Zan ရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ပြောကြားချက် ဖော်ပြခဲ့ပါတယ်။ Mr. Lieu Zan က ကချင်ပြည်နယ်အစိုးရကို  မြန်မာနိုင်ငံအနေနဲ့ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး ရွေးချယ်နိုင်တဲ့ လမ်းကြောင်းသုံးခုရှိပြီး နံပါတ် (၁) အချက်အနေနဲ့ ဆည်စီမံကိန်းကို ဖျက်ပစ်နိုင်တယ်။ ဒီလိုဖျက်ပစ်တဲ့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ လျော်ကြေးပေးရမယ်။ နံပါတ် (၂) အချက်အနေနဲ့ ဆည်စီမံကိန်း ပြန်စပြီး ဆည်ကိုပြီးစီးတဲ့အထိ ဆောက်ခွင့်ပြုမယ်ဆို စီမံကိန်းကနေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နှစ်စဉ် အခွန်ငွေရမယ်။ နံပါတ်  (၃) အချက်အနေနဲ့ အပေါ်ကနှစ်ချက်ကို မရွေးချယ်ဘဲ နေလို့ရတယ်။ ဒီလို စီမံကိန်း မဖျက်သိမ်းဘဲ၊ ဆက်မလုပ်ဘဲ ဆည်စီမံကိန်းကို ရပ်ဆိုင်းထားနေသရွေ့ တရုတ်ကုမ္ပဏီတွေက  တင်ရှိနေတဲ့ အလုံးအရင်း ချေးငွေတွေရဲ့ အတိုးဖြစ်တဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို တရုတ်ကုမ္ပဏီတွေကိုယ်စား မြန်မာနိုင်ငံက နှစ်စဉ် ဆပ်ပေးနေရမယ်လို့ ပြောလိုက်ပါတယ်။ဒါပေမဲ့ စီမံကိန်းကို ဖျက်သိမ်းမယ်ဆို တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့နှစ်ရှည် အတိုးနှုန်းတွေကို ကာမိစေဖို့ လျော်ကြေးတောင်းမယ်ဆိုပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေဖို့အတွက် လျော်ကြေးကို ချက်ချင်း မတောင်းခံတာ ဒါမှမဟုတ် မြန်မာပြည်တွင်း အခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ချပေးဖို့ တောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ဒီသတင်းအချက်အလက်က မြန်မာသတင်းဌာနတွေဆီ မရောက်ခဲ့သလို ပြည်သူတွေလည်း သိခွင့်မရခဲ့ပါဘူး။ဒီနေရာမှာ တရုတ်နိုင်ငံက စီမံကိန်းကို အတိအလင်းချပြတာ၊ မျှတစွာဆွေးနွေးတာဆိုတဲ့ သဘောမျိုး ပြောတာမဟုတ်ဘဲ ဒီစီမံကိန်းအတွက် ငါတို့ သန်း ၈၀၀ ကုန်ထားပြီ။ မင်းတို့ ပေးကိုပေးရမယ်ဆိုတဲ့ အပြောကတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ထိပါးစေတဲ့ သွေးတိုးစမ်းစကား ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် မြန်မာအစိုးရသစ်ကို ဖိအားပေးတဲ့သဘော သက်ရောက်နေတဲ့ စကားပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ မြစ်ဆုံစီမံကိန်းလုပ်ခွင့်ရဖို့ လာဘ်ပေးလာဘ်ယူမှုများစွာ ဖြစ်စေခဲ့တယ်လို့ မြန်မာနိုင်ငံသားတိုင်း ယုံကြည်ထားတဲ့ နှစ်စဉ်ဧရာဝတီမြစ်ရဲ့ ရေကြီးရေလျှံမှုတွေဟာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်ခဲ့တာကြောင့်လို့ မြန်မာနိုင်ငံသား အားလုံးယုံကြည်ထားတဲ့၊ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ဘဝတွေ ပျက်စီးစေခဲ့မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးစေခဲ့မှုတွေကို လူသားချင်း စာနာမှုအနေနဲ့တောင် ထည့်တွက်မပြခဲ့ဘဲ သူတို့ဖြစ်ချင်တာကိုပဲ တစ်ဖက်သတ် ထုတ်ပြောခဲ့တာကြောင့်ပါ။“စာချုပ် ချမပြသေးဘူးဆိုရာမှာလည်း အများပြည်သူနဲ့ဆိုင်တာဆိုရင် ချပြသင့်တယ်။ ဒါပေမဲ့ ပြောရခက်တာကလည်း Non Confidential Agreement  တွေရှိတော့ ချမပြသေးတာကလည်း တစ်ဝက်မှန်တယ် ပြောလို့ရတယ်။ ဒီစီမံကိန်းက အများပြည်သူနဲ့ဆိုင်တဲ့ ဧရာဝတီနဲ့ဆိုင်တဲ့ နိုင်ငံတော်စီမံကိန်းဆိုတော့ အများပြည်သူကို ရှင်းရှင်းလင်းလင်းနဲ့ ချပြသင့်တယ်။ ညှိနှိုင်းမှုတွေလုပ်ပြီးတော့ ဘယ်အချက်တွေတော့ ချပြမယ် ဆိုတာမျိုး လုပ်သင့်တယ်။ လျော်ကြေးတွေနဲ့ ပတ်သက်တာကတော့ နိုင်ငံခြားအရန်ငွေနည်းနေတဲ့ အစိုးရကို နိုင်ငံခြားဝင်ငွေရလမ်း နည်းနေတဲ့ အစိုးရကို ငွေကြေးနဲ့ သက်သက် အကျပ်တွေ့အောင် လုပ်တာလို့မြင်တယ်။ ဒီစီမံကိန်းရပ်ဆိုင်းလိုက်လို့ သူတို့အနေနဲ့ နစ်နာတယ်လို့ တွက်ပြတာ မှန်ပေမယ့် ဒီစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ပိုပြီးတော့ နစ်နာနိုင်တဲ့ အခြေအနေက ပိုများနေတယ်။ မြစ်ဆုံနဲ့ ပတ်သက်လို့ EIA,SIA လုပ်တဲ့အချိန်မှာလည်း ကျွန်တော်တို့က မြစ်ဆုံတစ်နေရာတည်းမှာပဲ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းလုပ်လို့မရဘဲ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ လုပ်ဖို့လိုတယ်။ မြစ်ဆုံတစ်နေရာ ကွက်ကွက်လေးမှာပဲလုပ်ပြီးတော့ ဒီထိခိုက်မှုက ဒီလောက်ပဲ ရှိပါတယ်လို့လုပ်ပြီးတော့ မြစ်ဝကျွန်းပေါ်အထိ မလုပ်ထားဘူးဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် ဆိုးကျိုးက ပိုပြီး များနေတယ်။ ဒီလိုအချိန်မှာ ဆက်လုပ်ရင် သန်း ၅၀၀ ရမယ်။ ဖျက်သိမ်းရင် သန်း ၈၀၀ လျော်ရမယ်။ ဆက်ပြီး ရပ်ဆိုင်းနေမယ်ဆိုရင် သန်း ၅၀ နှစ်စဉ် ပေးရမယ်ဆိုတာတွေကတော့ ငွေကြေးကိန်းဂဏန်းတွေနဲ့ ဖြဲခြောက်တယ် လို့မြင်တယ်လို့”  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အတိုင်ပင်ခံကုမ္ပဏီ Diamond Intelligence ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်အောင်မင်းလတ်က ဆိုပါတယ်။■ မေ့မထားရမယ့် ပြည်ပချေးငွေ ကိုးဘီလျံကျော်မြန်မာနိုင်ငံမှာဆိုရင် ပြည်ပချေးငွေစုစု ပေါင်းဟာ ဒေါ်လာကိုးဘီလျံကျော်အထိ ဆိုးဆိုးရွားရွား တင်ရှိနေပါတယ်။ ဘာကြောင့် ဆိုးဆိုးရွားရွားလို့ ပြောလို့ရလဲဆိုရင် မြန်မာနိူင်ငံရဲ့ နိုင်ငံခြားအရန်ငွေဟာ ကိုးဘီလျံအောက်မှာပဲရှိနေတာကြောင့်ပါ။၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီ ပမာဏဟာ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပါတယ်။အဲဒီအထဲမှာ အတိုးနှုန်းမြင့်တဲ့ တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ ပမာဏကချည်း ဒေါ်လာ ၄ ဒသမ၂ ဘီလျံရှိနေတယ်လို့ ၂၀၁၅ ခုနှစ် မေ ၂၆ ရက်က နေပြည်တော်မှာ ယခင်ဘဏ္ဍာရေး ဝန်ကြီးဌာန (လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ဖြေကြားထားပါတယ်။တရုတ်ကြွေးမြီ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအတွက် အတိုးနှုန်းကို အနည်းဆုံး နှစ်ရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကြားမှာ ပေးဆပ်နေရပြီး တရုတ်နောက်မှာ ပဲရစ်ကလပ်ကြွေးကျန် ၃ ဒသမ ၁၉၄ ဘီလျံ ၊ကမ္ဘာ့ဘဏ်ကြွေးကျန် ဒေါ်လာ ၈၂၁ ဒသမ ၇၈၇ သန်း၊ ADB ကြွေးကျန် ၅၄၆ ဒသမ ၃၄၃ သန်းနဲ့ ပြည်တွင်း ကြွေးမြီ ပမာဏ ကျပ် ၁၀ ဒသမ ၆၁၇ ထရီလျံအထိ ဆိုးဆိုးရွားရွား တင်ရှိနေတဲ့ နိုင်ငံလည်း ဖြစ်နေပြန်ပါတယ်။မြန်မာနိုင်ငံက ပြန်ဆပ်ရမယ့် ပြည်ပ ချေးငွေ ကိုးဘီလျံကျော်ကို နှစ်အပိုင်းအခြားအလိုက် ပြန်လေ့လာမယ်ဆိုရင် ၁၉၈၈ ခုနှစ်မတိုင်မီက ချေးယူခဲ့တဲ့ ကြွေးဟောင်းလက်ကျန်က ငါးဘီလျံကျော်ရှိနေပြီး ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ကာလဖြစ်တဲ့ တပ်မတော်အစိုးရလက်ထက်မှာ ချေးယူခဲ့တဲ့ ပမာဏဟာ သုံးဘီလျံကျော်အထိ ရှိနေတာကြောင့်မို့လို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစ်ဘီလျံကျော် နိုင်ငံခြားချေးငွေ ထပ်မံရယူခဲ့တယ်ဆို တာ တွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့လည်း စစ်အာဏာရှင်အကျိုးဆက် ဆက်ခံရမှုအဖြစ် မြစ်ဆုံစီမံကိန်းသာလျော်ရမယ်ဆို တစ်နှစ်အတွင်း နိုင်ငံခြားချေးငွေ တစ်ဘီလျံလောက် ရှာရမယ့်အခြေအနေဆိုး ဖြစ်ပေါ်လာမှာပါ။နိုင်ငံခြားချေးငွေရဲ့ သဘောသဘာဝအရ တရုတ်ချေးငွေတွေကလွဲရင် အတိုးနှုန်း အလွန်နိမ့်နေတာနဲ့ ပြန်ဆပ်ရမယ့် နှစ်ကာလ များပြားပါတယ်။ ဒါ့အပြင် ပြန်မဆပ်ရဘဲ ဆိုင်းငံ့ကာလမှာ နည်းပါးတဲ့ အတိုးပေးနေရတဲ့ သဘောသဘာဝတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ တချို့အကြွေးတွေဟာ နှစ်ပေါင်း ၄၀ ကျော် ၅၀ လောက် ဖြစ်နေပြီမို့ အတိုးရော အရင်းပါ ပြန်ဆပ်နေရတဲ့ ချေးငွေတွေ ဖြစ်နေတာကိုလည်း သတိပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ဒါ့အပြင် စီမံကိန်းကုန်ကျစရိတ် သန်း ၈၀၀ ဆိုရာမှာလည်း တရုတ်နိုင်ငံဘက်က ကုန်ကျခဲ့တာတွေပဲ ပြောနေတာဖြစ်ပြီး ဒီစီမံကိန်း လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံဘက်က နစ်နာမှုတွေ၊ မြစ်ဆုံဒေသခံတွေရဲ့ နစ်နာမှုတွေ၊ စာချုပ်က အသက်ဆက်ဝင်နေမှု ရှိမရှိ ဆိုတာတွေ တစ်ခုမှ မဆန်းစစ်ရသေးဘဲ စီမံကိန်း လုပ်သူတွေရဲ့ လိုအင်သီးသန့် ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ စီမံကိန်း ဆက်ပြီး ဆိုင်းငံ့မယ် ဆိုတာကတော့ တစ်နှစ် တစ်နှစ်ကို သန်း ၅၀ မြန်မာနိုင်ငံက ပေးနေရမယ် ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ကြာလေ မြန်မာနိုင်ငံ နစ်နာလေဖြစ်လာမယ့်အပြင် စီမံကိန်း ဖျက်သိမ်းဖို့ဆိုတာက မြစ်ဆုံစီမံကိန်းကို လုံး၀ လက်မခံတဲ့ မြန်မာပြည်သူတွေရဲ့ လိုအင်ဖြစ်နေလို့ စီမံကိန်းဖျက်သိမ်းဖို့ပဲ ရွေးမှာမို့လို့ပါ။“သန်း ၈၀၀ လျော်တာ အကောင်းဆုံးပဲ။ သန်း ၅၀ အတိုးဆိုတာကြီးက ပုံမှန်တက်နေမှာ။ ၁၀ နှစ်လောက်ပေးရရင် သန်း ၅၀၀ ဖြစ်သွားမယ်။ လိုလျှင်ကြံဆ နည်းလမ်းရပဲ။ ရှာပေးရမှာပေါ့။ တရုတ်ဆီက ချေးငွေနဲ့ ပြန်လျော် ပေးရမယ်ဆိုရင်လည်း အတိုးက နည်းတာမဟုတ်ဘူး။ သမဝါယမက ချေးတုန်းက အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရတယ်။ ကမ္ဘာ့ဘဏ်တို့ ဂျပန်တို့ကပေးတဲ့ အတိုးနှုန်းတွေထက်စာရင် အတိုးက အများကြီးကွာနေတယ်။ ၄ ဒသမ ၅ ရာခိုင်နှုန်းဆိုတာ နည်းတာ မှမဟုတ်တာ။ ကျွန်တော်တို့က လေးခါငါးခါ နာသလို ဖြစ်သွားမှာပေါ့။ တိုင်းပြည်တစ်ခုလုံး ထိုးအပ်လိုက်ရသလို ဖြစ်သွားမယ်။ တရုတ်အနေနဲ့ ပြန်စဉ်းစားပေါ့။ မြန်မာနိုင်ငံသည် သူ့နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲ။ ကျွန်တော်ထင်တယ်။ သူတို့ စဉ်းစားပါလိမ့်မယ်။ တရုတ်ဆိုတာက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ မူဝါဒတွေတောင် ရေးဆွဲနေနိုင်ပြီ။ Do or Die ဘယ်တော့မှ မလုပ်ဘူး” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။■ တရုတ်ရဲ့ ခြေလှမ်းများမြစ်ဆုံစီမံကိန်း ပြန်စမယ်လို့ တရုတ်သံ အမတ်ကြီး ပြောကြားမှုကြောင့် ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်တွေအပြီးမှာ စီမံကိန်းကို အဓိက လုပ်ဆောင်နေတဲ့ ACHC ကုမ္ပဏီဟာ နဂိုကမှ မြစ်ဆုံကို အထိမခံဖြစ်နေတဲ့ မြန်မာနိုင်ငံသား အားလုံးကို ပုတ်ခတ်သလို ဖြစ်ခဲ့တဲ့ အငြင်းပွားဖွယ် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် “မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းကိစ္စသည် မူလက စာချုပ်ချုပ်ဆိုထားသည့် နှစ်ဘက်မှ ပူးပေါင်းညှိနှိုင်းဖြေရှင်းရမည့် နိုင်ငံတကာတွင်ဖြစ်ပွားသည့် စီးပွားရေးပြဿနာတစ်ခုသာ ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခံခဲ့ရပြီးနောက် နိုင်ငံတကာမှ အာရုံစိုက်ခံရခြင်းနှင့် မကောင်းဉာဏ်ရှိသော ပြည်သူအချို့က တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းကို နိုင်ငံရေး အလွန်အသုံးချခံခဲ့ရပြီး မြစ်ဆုံစီမံကိန်းကိစ္စကို စာချုပ်ချုပ်ဆိုသည့် နှစ်ဘက်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရမှ ပူးပေါင်း ညှိနှိုင်းဖြေရှင်းရမည့် ကိစ္စမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းနှင့် တသီးပုဂ္ဂလများမှ ဆုံးဖြတ်ရမည့် ကိစ္စတစ်ခုဖြစ်သွားသည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ထုတ်ပြန်ချက်မှာ ဆိုရင်”တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံသို့ ဝင်ရောက်ရေးအတွက် ထိခိုက်သွားနိုင်သည်လို့ ပါဝင်ခဲ့ပါတယ်။    ACHC ကုမ္ပဏီဟာဆိုရင် စီမံကိန်း အဓိက လုပ်ဆောင်တဲ့ China Power Invest-ment Corporation- CPI ကုမ္ပဏီ (လက်ရှိ တရုတ်နိုင်ငံ နျူကလီးယား လျှပ်စစ်နည်းပညာကုမ္ပဏီနှင့် ပေါင်းစည်းကာ ကုမ္ပဏီအသစ်ဖြစ်တဲ့ State Power Investment Corporation- SPIC ကုမ္ပဏီ)  က ရှယ်ယာ ရာခိုင်နှုန်း ၈၀၊ ယခင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အခမဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းနဲ့ အေးရှားဝေါလ်က ငါးရာခိုင်နှုန်း ပါဝင်ပါတယ်။ACHC ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အပြီးမှာ သူတို့နဲ့ အဆင်ပြေတဲ့ မီဒီယာသမားတချို့ကို မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ခေါ်ယူပြောဆိုတာတွေ ရှိသလို သူတို့ရဲ့တရားဝင် စာမျက်နှာမှာလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ စာမျက်နှာမှာ 'ကလေးများနှင့် မြစ်ဆုံမှ ရှင်းပြပြောဆိုသွားပါမည်' ဆိုပြီး အပိုင်းလိုက်တင်ခဲ့ပါတယ်။ ဒီလို တင်လာရာမှာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ မြစ်ဆုံဒေသခံတွေ ပျော်ရွှင်နေတယ်ဆိုတာနဲ့ မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒပြနေသူတွေ ပျော်ရွှင်စွာ ပြုံးနေတယ်ဆိုတာတွေကို တင်လာခဲ့တာ တွေ့ရပါတယ်။ သူတို့ရဲ့ ခြေလှမ်းကတော့ ဇွန် ၁၀ ရက် ACHC ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ပါတဲ့ 'မကောင်းဉာဏ်ရှိသော ပြည်သူအချို့မှ တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းကို နိုင်ငံရေး အလွန်အသုံးချခံခဲ့ရပြီး မြစ်ဆုံစီမံကိန်းကိစ္စကို စာချုပ်ချုပ်ဆိုသည့် နှစ်ဘက်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရမှ ပူပေါင်းညှိ နှိုင်းဖြေရှင်းရမည့်ကိစ္စမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းနှင့် တသီးပုဂ္ဂလများမှ ဆုံးဖြတ်ရမည့် ကိစ္စတစ်ခု ဖြစ်သွားသည်” ဆိုတဲ့ မကောင်းဉာဏ် ရှိတဲ့ ပြည်သူတွေဆိုတာ ဒီလူတွေပါလို့ ပြောချင်ဟန်ရှိပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သုံးသပ်ခြင်းမပြုဘဲ ရှင်းပြတာလို့ပဲ သုံးနှုန်းပါတယ်။ဒီလို မြစ်ဆုံစီမံကိန်းဖြစ်လာဖို့ မြန်မာ ပြည်သူလူထုက လာဘ်ပေးလာဘ်ယူတွေ ရှိနေတယ်လို့ ယူဆခဲ့သလို ဒီမြစ်ဆုံစီမံကိန်း ဖြစ်မြောက်ဖို့ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကို စီမံကိန်းနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံဘက်က လူတွေကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို လာဘ်ပေးမှုအတွက် တရုတ်နိုင်ငံဘက်ကလည်း လာဘ်ပေးသူတွေကို အရေးယူခဲ့တယ်လို့ ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ မဆလခေတ် ဒုတိယဝန်ကြီးရဲ့ PSO တာဝန်အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒရေးဆွဲရာမှာ ပါဝင်ခဲ့ဖူးတဲ့ စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါတယ်။“တရုတ်က မြစ်ဆုံစီမံကိန်းလုပ်ခွင့်ရဖို့  အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို မြန်မာဘက်က ကုမ္ပဏီနဲ့ အဲဒီခေတ်က စီမံကိန်းဆုံးဖြတ်သူတွေကို ပေးခဲ့ရတယ်လို့ ကြားရတယ်။ အဲဒီအတွက် တရုတ်ဘက်က လာဘ်ပေးသူတွေကို အရေးယူတယ်လို့လည်း သိခဲ့ရတယ်”  လို့ စီးပွားရေးပညာရှင်ဖြစ်သူ ဦးလှမောင်က ပြောပါတယ်။မြစ်ဆုံစီမံကိန်းသာ လာဘ်ပေးလာဘ်ယူနဲ့ လုပ်ခဲ့တယ်ဆိုရင် ဒီစီမံကိန်းဟာ နိုင်ငံတကာဥပဒေတွေအရ စတင်စာချုပ်ချုပ်ဆိုစဉ်ကတည်းက ဥပဒေပြင်ပက ဖြစ်နေခဲ့ပြီး တရားဝင်မှု မရှိတော့တဲ့ ပျက်ပြယ်တဲ့ စာချုပ် ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။မြစ်ဆုံ စီမံကိန်း လျော်ကြေးတောင်းဆိုမှုတွေအတွက် မေးမြန်းလိုလို့ ACHC ကုမ္ပဏီက ဆက်သွယ်ဖို့ တရားဝင်ထုတ်ပြန်ထားတဲ့ ဖုန်း နံပါတ် ၀၁- ၆၅၃၅၅၅ သို့ ဆက်သွယ်ရာမှာ အရင်အကြိမ်တွေတုန်းကလိုပဲ ဖုန်းလိုင်းများ မအားကြောင်းသာ အစဉ်မပြတ် တုံ့ပြန်နေခဲ့ပါတယ်။“ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အကျပ်အတည်းတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံသားအားလုံးကလည်း ဒီစီမံကိန်းကို ဖျက်သိမ်းပစ်ချင်တဲ့ ဆန္ဒ ရှိနေကြတယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်ပြီးထားတဲ့  အစီရင်ခံစာကလည်း ပြီးပြည့်စုံမှုမရှိဘူး။ ဒါတွေကို ကိုင်ပြီးတော့ စာချုပ်ကို ဖျက်ပစ်တဲ့ လမ်းကြောင်းကို ရွေးမလား။ ဒါမှမဟုတ်လည်း ကျွန်တော်တို့က  သန်း ၈၀၀ ပက်ခနဲပေးပြီးတော့ လျော်ကြေးပေးတဲ့ နည်းလမ်းကို ရွေးမလား။ သန်း ၅၀ ကို နှစ်စဉ် အတိုးပေးဖို့ဆိုတာကျတော့ မြွေ မသေ တုတ်မကျိုးကြီး။ ကျွန်တော်တို့မှာ စီးပွားရေး အကျပ်အတည်းကလည်း ဖြစ်နေတယ်။ လျော်နိုင်တဲ့ အခြေအနေရှိရဲ့လား။ EIA အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထုချေရမယ်ဆိုရင်လည်း တရားတပေါင်ရင်ဆိုင်ရမယ့် အခြေအနေပေါ့။ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေအထိ သွားရမယ့်အခြေအနေရှိတော့ ကျွန်တော့်တစ်ဦးတည်း အမြင်အနေနဲ့ ဒေါ်လာသန်း ၈၀၀ ကို နိုင်ငံသားတွေစုပြီးတော့ ပေးနိုင်မလားပေါ့။ အဲဒါကတော့ ဖြေရှင်းဖို့ လွယ်မယ်ထင်တယ်” လို့  Myanmar China Pipeline Watch Committee ရဲ့ ညှိနှိုင်းရေးမှူးဖြစ်တဲ့ ဦးရဲသိန်းဦးက ဆိုပါတယ်။■ မြစ်ဆုံစာချုပ် အသက်ဝင်နေသေးရဲ့လားဧရာဝတီမြစ်ဆုံစီမံကိန်းကို လုပ်ကိုင်ဖို့  စာချုပ်ချုပ်ဆိုခဲ့တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က State Power Investment Corporation မှ GM ဖြစ်သူ Mr.Liu Zhan က မြစ်ဆုံ စီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ မေလမှာ အစိုးရသစ်နဲ့ တွေ့ဆုံညှိနှိုင်းမယ်၊ အစိုးရသစ်က ဆက်လက်လုပ်ကိုင်ခွင့်မပေးရင် စာချုပ်ပါ အချက်အလက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ မြန်မာသတင်းသမားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားထားပါတယ်။ ဆက်လက်လုပ်ကိုင်ဖို့ ချုပ်ဆိုထားတဲ့စာချုပ်အကြောင်း ပြောကြားလာရင် ဒီစာချုပ်ကို ပွင့်လင်းမြင်သာအောင် ဖွင့်ပြရမယ်လို့ ဆောင်းပါးရှင် အောင်ချိန်ဘွား (စီးပွားရေးပညာရှင် ဦးလှမောင်-ယခင် မြန်မာနိုင်ငံကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီများချုပ်ဆိုသည့် စီးပွားရေးဆိုင်ရာစာချုပ်များ စိစစ်ရေးကော်မတီ-ရုံး အဖွဲ့မှူး) က နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြခဲ့တဲ့ ' မြစ်ဆုံကိစ္စစာချုပ်နှင့် ကိုင်ပြသော်' ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။မြစ်ဆုံစီမံကိန်းဟာ တစ်နိုင်ငံလုံးက ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ ပတ်သက်လာတဲ့ ကိစ္စဖြစ်လို့ တစ်နိုင်ငံလုံးသိအောင် Disclose ဖွင့်ချပြဖို့ လိုမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၅ ရက်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့တွေ့ဆုံရာမှာ နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးတွေ ဆွေးနွေးပြီး မြစ်ဆုံစီမံကိန်း ကိစ္စလည်း ပါဝင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဝမ်ယိက တရုတ်တို့သည် ဆွေမျိုးပေါက်ဖော်အဖြစ် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မြန်မာတို့ကို ကူညီမှု ဆက်လက်ပေးရန် ဤချစ်ကြည်ရေးခရီးကို လာရောက်တယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်တဲ့ နိုင်ငံတွေထဲမှာ တရုတ်က အကြီးမားဆုံးဖြစ်တယ်။ ဆက်လက်ပြီး ရင်းနှီးမြှုပ်နံှမှုတွေ လုပ်ကိုင်သွားမယ် ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စာချုပ်ကို အသေးစိတ် မကြည့်ရသေးကြောင်းသာ စဉ်းစဉ်းစားစား ထိန်းထိန်းသိမ်းသိမ်း ပြောခဲ့တယ်လို့ အောင်ချိန်ဘွားရဲ့ ဆောင်းပါးက ဖော်ပြပါတယ်။မြစ်ဆုံစီမံကိန်းပြဿနာကို ဖြေရှင်းဖို့ နှစ်ဦးနှစ်ဖက်ချုပ်ဆိုခဲ့တဲ့ စာချုပ်နဲ့ စာချုပ်ပါ အချက်အလက်တွေက အရေးကြီးပြီး စာချုပ်ကိုကိုင်ပြီး စကားပြောမယ့် တရုတ်ကုမ္ပဏီဘက်နဲ့ စာချုပ်ကို သေချာလေ့လာပြီးမှ ညှိနှိုင်း ဝေဖန် သုံးသပ်ဆုံးဖြတ်မယ့် မြန်မာခေါင်းဆောင်ရဲ့ အတွေးအမြင်အယူအဆဟာ အရေးပါတဲ့ အဓိကကျတဲ့အချက်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။စီးပွားရေးလုပ်ငန်းဆိုရာမှာ နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုတဲ့ ပဋိညာဉ်စာချုပ် (Agreement or Contract) ပါ အချက်အလက်တွေ၊Terms and Conditions နဲ့ ပုဒ်မ၊ ပုဒ်မခွဲ (Clause and Subclause) တွေ၊ စကားရပ်တွေ (Wordings) ဒီလုပ်ငန်း၊ ဒီစာချုပ်ကို တိကျစွာ ညွှန်းဆိုတဲ့ အကယ်၍ စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်ခြင်း (Breach of Contract) ပုဒ်မအရ စည်းကမ်းဖောက်ဖျက်ပါက ပထမအမှန်တကယ် ဖောက်ဖျက်မှု အကျုံးဝင်၊ မဝင် သေချာစိစစ်ဖို့နဲ့ ဖောက်ဖျက်တယ်ဆိုရင် ဘယ်လို အရေးယူရမယ်ဆိုတဲ့ ပုဒ်မတွေပါ ရှိရပါတယ်။ အငြင်းပွားမှု ခုံသမာဓိ ဖြေရှင်းခြင်းဆိုတဲ့ပုဒ်မ (Arbitration Clause) လည်း စာချုပ်မှာအခိုင်မာပါ ရှိဖို့လိုပါတယ်။ အငြင်းပွားမှု (Dispute) ကို အချင်းချင်းညှိနှိုင်းဖြေရှင်းလို့ မရရင် မြန်မာနိုင်ငံ အနုညာတဥပဒေ ၁၉၄၄ နဲ့ ၂၀၁၅ အရ ဖြေရှင်းရမယ်လို့ အောင်ချိန်ဘွားက သုံးသပ်ပါတယ်။ဒီလို ဖြေရှင်းဖို့ စာချုပ်မှာ သက်ဆိုင်တဲ့ ဥပဒေ (Applicable Law) နဲ့ လွှမ်းမိုးတဲ့ဥပဒေ (Governing Law) ပုဒ်မတွေပါ ရှိရပါတယ်။ သက်ဆိုင်တဲ့ ဥပဒေနဲ့လွှမ်းမိုးတဲ့ ဥပဒေဆိုရာမှာ မြန်မာနိုင်ငံနဲ့ ဖက်စပ်လုပ်ကိုင်သူ၊ လာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ စာချုပ်မှာ “ This Contract shall be read, construed, interpreted and governed by the laws of the Union of Myanmar ” ဤစာချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဥပဒေအရ ဖတ်ကြား၊ အဓိပ္ပာယ်ဖွင့်၊ ဘာသာ ပြန်၍ လွှမ်းမိုးစေရမည်ဟု သက်ဆိုင်သည့် ဥပဒေ (ဝါ) လွှမ်းမိုးသည့် ဥပဒေပုဒ်မများမှာ ရေးသားရပြီး မြန်မာနိုင်ငံက ဥပဒေတွေကတော့ ပဋိညာဉ်အက်ဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ အထူးကုမ္ပဏီ အက်ဥပဒေ၊ မှတ်ပုံတင် အက်ဥပဒေ၊ အနုညာတ ဥပဒေ စသဖြင့် များစွာရှိတယ်လို့ အောင်ချိန်ဘွားက ဆိုပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကိစ္စကို စာချုပ်ကိုင်၍ စကားပြောကြမယ်ဆိုရင် ဥပဒေပညာရှင်တွေ (အထူးသဖြင့် စာချုပ်ဆိုင်ရာ ဥပဒေကျွမ်း ကျင်ပညာရှင်များ) ကို စာချုပ်ပြသပြီး သေချာ စိစစ် လေ့လာ ဆန်းစစ်စေပြီးမှ စကားပြောဖို့ လိုမယ်လို့ အောင်ချိန်ဘွားက ဆိုပါတယ်။အရင်တုန်းက မြန်မာနိုင်ငံကုမ္ပဏီနဲ့  နိုင်ငံခြားကုမ္ပဏီတွေ ချုပ်ဆိုတဲ့ စီးပွားရေးဆိုင်ရာစာချုပ်တွေကို စိစစ်တဲ့ကော်မတီဖွဲ့စည်းခဲ့ဖူးပြီး အဲဒီအချိန်က ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကဥက္ကဋ္ဌ၊ ကုန်သွယ်မှု လုပ်ငန်းများဌာနက ညွှန်ကြားရေးမှူးက အတွင်းရေးမှူး၊ အောင်ချိန်ဘွားက ရုံးအဖွဲ့မှူးအဖြစ် အစည်းအဝေးမှာ ဆွေးနွေးသမျှ အချက်အားလုံး မှတ်တမ်းပြုစု ထုတ်ပြန်ပေးတဲ့ တာဝန်ကိုယူခဲ့ပြီး အဖွဲ့ဝင်တွေထဲမှာ ကျွမ်းကျင်ပညာရှင်တွေကတော့ နဝတရုံး ဒုတိယဝန်ကြီး ဦးဆက်မောင် (ယခု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်၏ဖခင်)၊ ရှေ့နေချုပ်ရုံးကိုယ်စားလှယ် ဒေါက်တာထွန်းရှင်၊ စာရင်းစစ်ချုပ်ရုံး ကိုယ်စားလှယ်ညွှန်ချုပ် ဒေါ်ခင်သန်းနု စသူတို့ ပါဝင်ပါတယ်။ စီးပွားရေးစာချုပ်တိုင်းမှာ စာချုပ်ဥပဒေ၊ မြန်မာနိုင်ငံပဋိညာဉ်အက်ဥပဒေအရ ပါရှိရမယ့်Terms and Conditions  တွေ အင်္ဂါရပ်ပြည့်စုံစွာ ပါဝင်ရပါတယ်။အရေးကြီးတာကတော့ စာချုပ်တိုင်းမှာ စာချုပ်ရပ်စဲခြင်း ပုဒ်မ (Termination Clause) ဆိုတာပါကိုပါရှိရပါတယ်။  စာချုပ်ရပ်စဲခြင်း ပုဒ်မမပါဘဲ ထိမ်ချန်ထားရင် စာချုပ်အင်္ဂါရပ် မပြည့်စုံလို့ စာချုပ်ဥပဒေအရ စာချုပ်မမြောက်လို့ ဆိုနိုင်ပါတယ်။စာချုပ်တိုင်းမှာ စာချုပ်ရပ်စဲဖျက်သိမ်းနိုင်တဲ့ ပုဒ်မအောက်မှာ ပုဒ်မခွဲတွေပါဝင်ပြီး ဒီပုဒ်မခွဲတွေထဲမှာ မလွဲမသွေ အသေအချာပါဝင်ရမယ်။ ပုဒ်မခွဲအဖြစ်Force Majeure မလွန်ဆန်နိုင်သော ဖြစ်ရပ်များဆိုတဲ့ ခေါင်းစဉ်နဲ့ဖော်ပြပါတယ်။ စာချုပ်ဝင်တစ်ဖက်ဖက်ဟာ မိမိရဲ့တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှာ မလွန်ဆန်နိုင်တဲ့ ဖြစ်ရပ်တွေကြောင့် ပျက်ကွက်တာ၊ နှောင့်နှေးတာတွေရှိလို့ အခြား စာချုပ်ဝင် တစ်ဖက်ဖက်မှာ နစ်နာမှုတွေ ပေါ်ပေါက်ရင် ထိုသူသည် ထိုနစ်နာမှုများအတွက် တာဝန်မရှိစေရဆိုပြီး ပါဝင်ပါတယ်။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ ဆိုတာကတော့ အစိုးရက တားဆီးမှု၊ သပိတ်မှောက်မှု၊ စစ်ဖြစ်မှု၊ ပိတ်ဆို့တားဆီးမှု၊ သူပုန်ထမှု၊ အဓိကရုဏ်းဖြစ်မှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ ပေါက်ကွဲမှု၊ မီးလောင်မှု၊ ရေကြီးမှု၊ လေမုန်တိုင်းကျမှု စတဲ့ စာချုပ်ဝင်တစ်ဖက်ဖက်က လိုအပ်တဲ့ သတိဝီရိယ ရှိစေကာမူ မလွန်ဆန်နိုင်၊ မကျော်လွှားနိုင်တဲ့ အလားတူဖြစ်ရပ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။စာချုပ်ဝင်တွေဟာ ဒီလို မလွန်ဆန်နိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရင် ကြုံတွေ့ရသူက အခြားစာချုပ်ဝင်ကို ဒီလိုအဖြစ်အပျက်ဖြစ်ပွားပြီး ခုနစ်ရက်အတွင်း ဖြစ်ပွားမှုအခြေအနေ အသေးစိတ်ကို အကြောင်းကြားဖို့နဲ့ ဒီကာလအတွင်း ဖြစ်ပေါ်မှုအခြေအနေ၊ မိမိကဆုံးဖြတ်ဆောင်ရွက်ရမယ့် အခြေအနေနဲ့ အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေတွေကို အကြောင်းကြားဖို့ လိုအပ်မှာဖြစ်ပါတယ်။ဒါကြောင့် တစ်ဖက်က တောင်းခံတဲ့ ကုန်ကျစရိတ် မည်ရွေ့မည်မျှရှိသည်၊ ပေးလျော်ရမည်ဆိုတာက ဤမလွန်ဆန်နိုင်သော ဖြစ်ရပ်များပုဒ်မအရ ဘုရားသခင်ရဲ့ ပြုလုပ်ချက် Act of God ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်က ပေးလျော်ရန် အကြောင်းမရှိတော့ပါဘူး။ တကယ်လို့သာ ဆက်လုပ်မယ်၊ ပေးလျော်ရမယ်လို့ အတင်းကာရော တောင်းဆိုနေမယ်ဆိုရင် မြန်မာပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ သပိတ်မှောက်မှု၊ ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပေါ်လာနိုင်တာကို မိတ်ဖက်တရုတ်နိုင်ငံအနေနဲ့ စဉ်းစားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ချစ်ကြည်ရေးကိုဆက်လက်ထိန်းသိမ်းလိုရင်၊ နောင်ထပ်မံ ရင်နှီးမြှုပ်နှံမယ့် လုပ်ငန်းတွေနဲ့ လုပ်လက်စ ကျောက်ဖြူ သဘာဝပိုက်လိုင်းကိစ္စတွေ အဆင်ပြေပြေ ဖြစ်မြောက်စေလိုရင်၊ စာချုပ်စည်းကမ်းနဲ့အညီ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်ကြောင့် ပျက်ကွက်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ဇွတ်အတင်း ဆက်လုပ်ဖို့ တောင်းဆိုမနေဘဲ သဘောပေါက်စွာ ပြေလည်အောင် ညှိနှိုင်း၍ ရပ်စဲခြင်းသည် နှစ်ဖက်စလုံးအတွက်၊ နိုင်ငံရေးအတွက်၊ စီးပွားရေး တာရှည်အကျိုးရှိ ကောင်းစားရေး များစွာဖြစ်ဖို့ ယုံကြည်တယ်လို့  ဆောင်းပါးရှင် အောင်ချိန်ဘွားက ဆိုပါတယ်။တရုတ်နိုင်ငံဘက်က တောင်းဆိုလာတဲ့ လျော်ကြေးတွေနဲ့ ပတ်သက်ပြီး အောင်ချိန်ဘွားက “ကျွန်တော်တို့က သူ့ရဲ့စာချုပ်ကို မြင်မှပြောလို့ရမယ်။ စာချုပ်မှာ ပုဒ်မတွေ ပုဒ်မခွဲတွေရှိတယ်။ စာချုပ်ဆိုရာမှာ အဆင်မပြေရင် ဖျက်သိမ်းမယ်ဆိုတာ ထည့်ကိုထည့်ရတယ်။ နိုင်ငံတကာမှာလည်း ထည့်ရတယ်။ မြန်မာပြည်ရဲ့ ကန်ထရိုက်အက်မှာလည်း ထည့်ရတယ်။ အဲဒီလို ထည့်ရာမှာလည်းTermination Clause ဆိုတာရှိတယ်။ သူ့ရဲ့ ပုဒ်မခွဲမှာ ဆိုရင်လည်း Force Majeure မလွန်ဆန်နိုင်သော ဖြစ်ရပ်များဆိုပြီး  Act of God ဘုရားသခင်ရဲ့လုပ်ဆောင်ချက်ဆိုတာ ထည့်ကို ထည့်ရတယ်။ အဲဒီဟာရဲ့ ဆိုလိုရင်းက မုန်တိုင်းကျတာ၊ အလုပ်သမားဆန္ဒပြတာ၊ အစိုးရက တားဆီးမှု၊ သပိတ်မှောက်မှု၊ စစ်ဖြစ်မှု၊ ပိတ်ဆို့တားဆီးမှု၊ သူပုန်ထမှု၊ အဓိကရုဏ်းဖြစ်မှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ ပေါက်ကွဲမှု၊ မီးလောင်မှု၊ ရေကြီးမှု၊ လေမုန်တိုင်းကျမှုတွေ ဖြစ်ရင် စာချုပ် ဖျက်သိမ်းလို့ရတယ်။ ဒီလိုဖျက်သိမ်းရာမှာ ခြောက်လအတွင်း ညှိလို့မရတော့ဘူး။ ပြင်ဆင်လို့ မရတော့ဘူးဆိုရင် အလိုလိုပျက်ပြယ်တယ်။ အဲဒီတော့ သူတို့က စာချုပ်လည်းမပြဘဲ တစ်အချက်လျော်ရမယ် ပြောလို့မရဘူး။ နှစ်အချက် လူကြီးတွေပိုင်းက စာချုပ်ကို ကြည့်ပြီးတော့ ပြောရမှာ။ ကျွန်တော်တို့ကြားတာက မြစ်ဆုံကိစ္စကို လာဘ်ထိုးတယ်ကြားတယ်။  အဲဒီလို လာဘ်ထိုးလို့ တရုတ်အစိုးရက အရေးယူတယ်ပြောတယ်။ အဲဒီလာဘ်ပေးမှုသာ ဟုတ်ခဲ့မယ်ဆိုရင် အိမ် ခြံမြေ စာချုပ်လေးတောင်မှ ဘယ်သူကမှ သွေးဆောင်ခြင်းမပြုဘူး။ ခြိမ်းခြောက်ခြင်း မပြုဘူး။ မိမိဆန္ဒအရ သက်သေများရှေ့တွင် လက်မှတ်ရေးထိုးပါသည်ဆိုတဲ့ စာချုပ်ဥပဒေတွေ ရှိတယ်။ ဒီလိုသာ လာဘ်ထိုးပြီး လုပ်ခဲ့မယ်ဆိုရင် သွေးဆောင်ပြီး လုပ်တယ်လို့ပြောလို့ရတယ်။ ဒါက စာချုပ်ဥပဒေကို ဖောက်ဖျက်ပြီးဖြစ်လို့ ပျက်ပြယ်တယ်” လို့ အောင်ချိန်ဘွားက သုံးသပ်ပါတယ်။    မြစ်ဆုံစီမံကိန်းကာလ အနှစ် ၅၀ အတွင်း မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၅၄ ဘီလျံ ခန့်ရမှာဖြစ်ပါတယ်။ ဒီလိုရမယ်ဆိုပေမယ့် ပျက်စီးတဲ့ပမာဏက ဒေါ်လာဘီလျံ ၅၀ မကဘူးဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမှ အကျိုးမရှိဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။“စီမံကိန်းကနေ ဘီလျံ ၅၀ ကျော်ရမယ် ဆိုပေမယ့် ဘီလျံ ၅၀ ကျော်မက မြန်မာနိုင်ငံက နစ်နာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ပျက်စီးမှုက ဘီလျံ ၅၀ မကရင် ဘယ်လိုလုပ်မလဲ”  လို့ ဒေါက်တာ အောင်ကိုကိုက မေးခွန်းထုတ်ပါတယ်။ဒီနေရာမှာ တရုတ်နိုင်ငံအနေနဲ့ ခေတ်အဆက်ဆက် ကျင့်သုံးလာတဲ့ ဘန်ဒေါင်းမူဝါဒအရ တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားခြင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တန်းတူရည်တူ ဆက်ဆံရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသည့် ဆက်ဆံမှုထားရှိရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်နှင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန်ဆိုတဲ့ မူဝါဒကို လက်ကိုင်ထားဖို့ လိုမှာဖြစ်ပါတယ်။ ဒီလို ဘန်ဒေါင်းမူဝါဒကို လက်ကိုင်ထားပြီး မြစ်ဆုံစီမံကိန်းကို မလိုလားတဲ့ မြန်မာပြည်သူရဲ့ ဆန္ဒနဲ့ နှစ်ပေါင်းများစွာ စစ်အာဏာရှင် စနစ်ကြောင့် ဒုက္ခတွင်းထဲရောက်နေတဲ့ ဆွေ မျိုးပေါက်ဖော် မြန်မာနိုင်ငံရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပြီး မြစ်ဆုံစီမံကိန်းကို လျော်ကြေး မယူဘဲ ဖျက်သိမ်းလိုက်တာက ဘန်ဒေါင်း မူဝါဒနဲ့ ကိုက်ညီမှာဖြစ်သလို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အစစ်အမှန်ဆီကို ငြိမ်းချမ်းစွာ ဦးတည်နိုင်မှာ ဖြစ်ပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။“သေချာတာကတော့ ဒီပြသနာက ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့ကိစ္စပဲ။ ဘယ်နည်းနဲ့ ဖြေရှင်းမလဲဆိုတာကတော့ အစိုးရသစ်အပေါ် မူတည်တယ်။ ကျွန်တော်တို့ကလည်း ဒီမြစ်ဆုံစာချုပ်ကြီးကို ဘယ်လို ချုပ်ထားလည်း မသိရသေးဘူး။ သေချာတာတစ်ခုကတော့ ဒါတွေက အစမကောင်းလို့ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တွေချည်းပဲ” လို့ အလွတ်တမ်း သုတေသီ ဦးဇော်အောင်က ဆိုပါတယ်။

Most Read

Most Recent