နိုင်ငံတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပင်လုံစာချုပ် သဘောတူညီချက်များကို အခြေခံ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး လုပ်ဆောင်ကြရန် ဝါရင့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များက တိုက်တွန်း ပြောကြားသည်။ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးပူကျင့်ရှင်းထန်က အစိုးရကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် မူလပထမ ပင်လုံညီလာခံပါ သဘောတူညီချက်များကို အခြေခံသင့်ကြောင်းနှင့် ထိုသို့ အခြေခံ၍ အနာဂတ် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း ပြည်နယ်ဖွဲ့စည်းမှု ပုံစံမှတစ်ဆင့် ပြည်ထောင်စုဖွဲ့စည်းမှု ပုံစံအထိ ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် စနစ်ကျ ခိုင်မာသော အုတ်မြစ်ချရန် လိုကြောင်း ဇူလိုင် ၂၃ ရက်က ပြောကြားသည်။“ဒါ့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံလို့ ဆိုတဲ့အတိုင်း ၂၀ ရာစုခေတ်က တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံညီလာခံက တစ်ဆင့် ဗြိတိသျှနယ်ချဲ့ လက်အောက်မှ အတူတကွ လွတ်လပ်ရေး ရယူပြီး ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ထောင်ခဲ့ကြတဲ့နည်းတူ ယနေ့ လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးက မွေးဖွား ပေါ်ပေါက်လာတဲ့ NLD ပါတီ ဦးဆောင်တဲ့ ပြည်သူ့အစိုးရ၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ပါတီများ အပါအဝင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကလည်း တိုင်းပြည်တိုးတက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနဲ့အတူ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် ဖျက်သိမ်းပြီး အမျိုးသား ပြည်နယ်များနဲ့ အမျိုးသားပြည်နယ်တို့ကို အခြေခံတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှ တစ်ဆင့် ထွက်ပေါ်လာရေးသည်သာ အရေးအကြီးဆုံး ဖြစ်တယ်” ဟု ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။ထို့ပြင် ပင်လုံစာချုပ်သည် တိုင်းပြည်တည်ဆောက်ရေး အခြေခံ သဘောတူညီချက်များသာလျှင်ဖြစ်ပြီး ပြည်တွင်းစစ်ခင်းကြရန် တိုက်တွန်း နှိုးဆော်ထားသည့် မည်သည့် အချက်မှ မပါဝင်သည်ကို ရှင်းရှင်းလင်းလင်း တွေ့ရမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်မူများကို အခြေခံထားသည့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့အပြင် ခွဲထွက်ခွင့်ကိုပါ ထည့်သွင်းထားသည့် စာချုပ်လည်းဖြစ်ကြောင်း ဦးပူကျင့်ရှင်းထန်က ဆက်လက်ပြောကြားသည်။မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက “ကျွန်တော်တို့ လိုအပ်တာက ဘာလဲဆိုတော့ အစိုးရ ပြောသလိုပေါ့ နိုင်ငံရေးအရ ဖြစ်လာတဲ့ တိုက်ပွဲတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ပေါ့။ အရင် ပင်လုံ ကတိကဝတ်တွေလည်း ရှိခဲ့ဖူးတာပဲ။ ဒါကို အခြေခံလို့ ရတယ်။ သို့သော် ကျွန်တော်တို့ စိုးရိမ်တာက လွတ်လပ်ရေး ရပြီးတော့ ဖက်ဒရယ်မူနဲ့ လွတ်လပ်ရေး ကြေညာမယ်ဆိုပြီး ပြောရာကနေ မဖြစ်ခဲ့သလို အခုကလည်း ပြည်နယ်မူဆိုပြီးတော့ ပြည်နယ်မူ မဟုတ်ဘဲနဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ပြည်နယ်စုတွေ ဖြစ်သွားမှာ ကြောက်တယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ညီနောင်စုများ အားလုံးဟာလည်း ပြည်နယ်မူဆိုတာ ဘာလဲသိကြဖို့ လိုတယ်။ ညီနောင်ပါတီက ပုဂ္ဂိုလ်တွေ ဗမာပါတီက လူတွေလည်း သိဖို့လိုတယ်။ ဒါတွေကို သိမှသာလျှင် ပြည်နယ်မူကို အမှန်အကန်မြင်လို့ အမှန်အကန် လက်ခံလို့ ရှိရင်တော့ ပြည်တွင်းစစ်က ပြီးမယ်” ဟု ဇူလိုင် ၂၂ ရက်က ပြောကြားသည်။ဆက်လက်၍ ဦးနိုင်ငွေသိမ်းက “နောက် ကျွန်တော်တို့ မြင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ မဟာမိတ် ဆက်ဆံရေးတွေ အနေနဲ့ ဆွေးနွေးမှုတွေမှာ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုပြီး ပြောကြတာတွေ ရှိခဲ့တယ်။ ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ ကျွန်တော်တို့က တိုင်းရင်းသား ပါတီတွေ အနေနဲ့ NLD ကို ဝိုင်းပြောပေးဖို့ ကျွန်တော်တို့က လက်မှတ်တွေ ရေးတယ်။ ပြည်နယ်တွေမှာ ကျွန်တော်တို့ ဟောပြောပွဲတွေ လုပ်တယ်။ ဒါပေမဲ့ ဒီလို ဝိုင်းလုပ်ခဲ့တဲ့ဟာက အခုမှာ ပျောက်သွားပြီလား။ အဲဒါ မပြတ်သေးဘူး။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ဝိုင်းဝန်းပြီးတော့ ဖြစ်ဖြစ် ကိုယ်လိုချင်ရင် ကိုယ့်ဘာသာ ကြိုးစားလုပ်ရမယ့် သဘောလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံကို အစိုးရက သြဂုတ်လကုန် နောက်ဆုံးထား ကျင်းပရန် စီစဉ်ထားရာ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် သဘောထားများ တင်ပြနိုင်ရေး ပြင်ဆင်လျက် ရှိနေသည်။
နိုင်ငံ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပင်လုံစာချုပ် သဘောတူညီချက်များကို အခြေခံ၍ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး လုပ်ဆောင်ကြရန် တိုင်းရင်းသားခေါင်းဆောင်များ တိုက်တွန်း