ပခန်းမြို့ဟောင်းကိုရောက်တော့ မြို့လယ်မှာ လုံးပတ် အတော်အသင့်ကြီးတဲ့ သစ်သားတိုင်ကြီးဆီဝယ် “ကျောင်းတော်ကြီး”သို့ ဆိုပြီး ဆိုင်းဘုတ် လမ်းညွှန်တစ်ခုကို တွေ့ရပါတယ်။ လမ်းညွှန်ပြသည့်အတိုင်း လိုက်လာချိန်မှာ လမ်းဘေးဝဲယာမှ ရှေးဟောင်းစေတီ အနည်းငယ်တွေ့ရပါတယ်။ စေတီပုထိုးတွေကိုကျော်လွန်ပြီး မြင်နေရတာက သစ်သားကျောင်းဆောင်ကြီးရဲ့ အပေါ်ဆုံးက အမိုးတွေပါ။ ဒီကျောင်းကြီးက နှစ်သက်တမ်း ရာကျော်နေတဲ့ ပခန်းကျောင်းတော်ကြီးပါပဲ။
ကျောင်းတော်ကြီးရဲ့ ပရိဝုဏ်အတွင်း ရောက်သွားတာနဲ့ ကြီးမာလှတဲ့ အဆောက်အအုံ ပုံသဏ္ဌာန်ဟာ ပိုလို့ပေါ်လွင်လာပါတယ်။ အုတ်ရိုးလှေကားအတိုင်း ကျောင်းဆောင်ပေါ်ကို တက်သွားချိန်မှာ အပြင်စင်္ကြံန် လမ်းကြမ်းခင်းတွေက အရင်လို ပေါက်ပြဲနေတဲ့ အဆွေးတွေ မဟုတ်တော့။ အတော်အသင့်ကောင်းတဲ့ သစ်သားကြမ်းခင်းတွေ ဖြစ်နေပြီ။ ကျောင်းကြီးရဲ့ အတွင်းဆောင်ထဲ ဝင်သွားတော့ အရှေ့ဖျားဆီက ဘုရားခန်းဆီမှာ သပ္ပာယ်စရာကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ပန်း ၊ ရေကြမ်း ဆီမီးတို့ စုံလင်စွာနဲ့ ဖူးတွေ့ရပါတယ်။
ဘုရားခန်းရဲ့အနီးနား အဆောင်တွင်းမှာ အဘိုးအိုတစ်ယောက်က လဲလျောင်းရာကနေ ထလာပြီး “ဘယ်ကလာသလဲ” လို့ မေးပါတယ် ။ “ကျွန်တော်လည်း ပခုက္ကူကပါ” လို့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီနောက် အဘိုးအိုအကြောင်း ဆက်မေးလိုက်ပါတယ်။ နာမည်က ဦးထွန်းကြည် ။ ဇာတိက ပခန်းကပဲလို့ ဖြေပါတယ်။ အလုပ်အကိုင်က ဒီကျောင်းတော်ကြီးကို လာသမျှလူတွေကို သမိုင်း ရှင်းပြရတယ်လို့ ဆက်ပြောပါတယ်။ ကျောင်းစောင့်လားမေးတော့ မဟုတ်ကြောင်းနဲ့ သမိုင်းကြောင်းကို ရှင်းပြရုံပဲလို့ ထပ်ဖြေပါတယ်။
ဒီကျောင်းကြီးကို ဦးထွန်းကြည် စရောက်တာ ၁၉၉၅ ခုနှစ်ကဆိုတော့ အခုကျောင်းတော်ကြီးမှာ သမိုင်းကြောင်း ရှင်းပြတဲ့တာဝန်ကို ယူထားတာ နှစ်ပေါင်း ၂၁ နှစ် ရှိသွားပြီ။ ပြောရင်းဆိုရင်း အသက်အရွယ် မေးကြည့်တော့ အင်္ဂလိပ်နှစ်ကို မပြောတတ်ဘူးတဲ့ မြန်မာနှစ်ကတော့ ၁၃၀၁ နှစ် မွေးတယ်လို့ ဖြေပါတယ်။ အခု ၁၃၇၈ ခုနှစ် ဆိုတော့ ဦးထွန်းကြည် အသက်က ၇၇ နှစ် ရှိပါပြီ။ လူကြီးပီပီ စကားပြောဖော်လာတော့ ကျောင်းတော်ကြီးအကြောင်းကို အားကြိုးမာန်တက် ရှင်းပြပါတော့တယ်။ သိပ်မမာတဲ့ကြားကပဲ ဇွတ်လိုက်လာပြီး ရှင်းပြပါတယ်။ ဦးထွန်းကြည်က “ကျောင်းကြီးကို ၁၈၆၈ ခုနှစ်မှာ စဆောက်တယ်။ ကုသိုလ်ရှင်က ပခန်းသား လှေသူကြီး ဦးဖိုးတုတ်ဆိုသူကွယ့်။ မင်းတုန်းမင်း မင်းမဖြစ်မီ ပုန်ကန်တော့ လှေသူကြီးက သူ့လှေရော ကုန်တွေရော မင်းတုန်းမင်းကို ဆက်သခဲ့တာ။ ဒါကြောင့် မင်းတုန်းမင်းက မင်းဖြစ်တဲ့အခါ ဦးဖိုးတုတ်ကို ရွာပေါင်း ၂၀၀ ကို စားစေတဲ့ ကျီဝန်မင်း ခန့်လိုက်တယ် ။ ကျောင်းတော်ကြီး ဆောက်ဖို့ အတွက်လည်း ကျွန်းတောတွေကို ခုတ်ယူခွင့် ပြုလိုက်တယ်”ဟုဆိုပြီး သမိုင်းအစကို ရှင်းပြပါတယ်။
ကျောင်းတော်ကြီးကို ပတ်ကြည့်ရင်း ဦးထွန်းကြည်က ကျောင်းတော်ကြီးရဲ့ သမိုင်းကြောင်းကို ဆက်ရှင်းပြပါတယ်။ ကျောင်းတော်ကြီးကို သစ်လုံးတိုင်ပေါင်း ၂၅၄ တိုင်နဲ့ ဆောက်ခဲ့တဲ့အတွက် “ကျောက်မျက်ရွဲ”လို့ အမည်နာမ တပ်ခဲ့တာဖြစ်ပြီး ကျောင်းဆောက် ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး “ကွမ်းသီးတစ်လုံးဖိုး” လို့ ဆိုပါတယ်။ဒီ “ကွမ်းသီးတစ်လုံးဖိုး”ကို အနုလုံ ပဋိလုံ နေ့နံဂဏန်းနဲ့ ကောက်ယူလိုက်ရင် ၅၄၇၆၂ ကျပ် ကုန်ကျခဲ့တယ်ဆိုတာ သိရပြီး တိုင်ပေါင်း ၂၅၄ ထဲမှာမှ နံသာဖြူနဲ့ ကရက်မက်တိုင်နှစ်တိုင်ကို ထည့်သွင်း တည်ဆောက် ထားတယ်လို့ သိရပါတယ်။
ကျောင်းစောင့်အဘိုးအိုရဲ့ ညွှန်ပြမှုကြောင့် အနောကဘက်ခန်းမှာရှိတဲ့ နံ့သာဖြူနဲ့ ကရက်မက် တိုင်နှစ်တိုင်ကို သွားကြည့်လိုက်ပြီး ကိုယ်တိုင် တိုင်လုံးတွေကို နမ်းကြည့်တော့ အဲဒီတိုင်တွေဆီက အမွှေးနံ့တော့ ရပါတယ်။ သို့သော်လည်း အနီးနားမှာ အမွှေးတိုင် ထွန်းထားတာ တွေ့တော့ တကယ်ပဲ နံ့သာဖြူနဲ့ ကရက်မက်တိုင်တွေက မွေးတာလား အမွှေးတိုင်က မွေးတဲ့ အနံ့လားဆိုတာတော့ သေချာမပြောတတ်ပါဘူး။
အဲဒီနောက် ခြစားထားတဲ့ ပုံပေါက်တဲ့ လူပုံသဏ္ဌာန် ရုပ်တုပုံသဏ္ဌာန်ပေါက်တဲ့ သစ်သားချောင်းတွေနဲ့ ပတ်သက်ပြီး ဦးထွန်းကြည်ကို မေးကြည့်တော့ ကျောင်းတော်ကြီး ကောင်းစဉ်က ကျောင်းအပေါ်မှာ တင်ထားတဲ့ ထုရင် မှန်ကင်း (လူရုပ်ပုံထုထားသော သစ်သားချောင်း)များသာ ဖြစ်တယ်လို့ သိရပါတယ်။ အထိန်းအသိမ်း မရှိတော့ အရုပ်တွေက အောက်ပြုတ်ကျ ခြတွေစားပြီး ခုလိုအပျက်ပုံဘ၀ ရောက်သွားလို့ ထင်းဖြစ်မှာ စိုးတဲ့အတွက် ကျောင်းပေါ်မှာ ယူတင်ထားတာလို့ ပြောပြပါတယ်။ ရွှေမှန်ကင်းအစစ်က ထင်းဖြစ်တယ် ဆိုတာ ဒါမျိုးအဖြစ်လည်း ပါတယ်ထင်ပါတယ်။
ဘုရားရှင်အား ပူဇော်ရန် ပြသာဒ်ဆောင်ကို အရှေ့ဖျားဆုံးမှာ တည်ဆောက်ထားတဲ့အကြောင်း အဲဒီကနေအဆင့်ဆင့် ဓနုဆောင်၊ ဘောဂဆောင်နဲ့ ဆွမ်းစားဆောင်တွေ ထည့်သွင်း တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ဦးထွန်းကြည်နေတဲ့ အဆောင်က ဓနုဆောင်ပဲလို့လည်း သိရပါတယ်။ လူကြီးနှစ်ယောက် လက်နှစ်ဖက်စာရှိတဲ့ သစ်သားတိုင်ကြီးတွေ အတွင်းခန်းတွေနဲ့ မျက်နှာကြက်တွေမှာ သစ်သားပန်းဆွဲတွေ၊ ရာမာရဏ ဇာတ်ကွက်တွေကို ထွင်းထု တည်ဆောက်ထားတာကြောင့် ကုသိုလ်ရှင်ရဲ့ စေတနာနဲ့တစ်ချိန်က မြန်မာ့လက်သမား ပညာကို တွေ့မြင် ခံစားရပါတယ်။
ကျောင်းတော်ကြီးကို ပတ်ကြည့်ရင်း အသက်ကြီးကြီး အမျိုးသမီးက တံမြက်စည်းလှည်းနေပါတယ်။ ဘယ်သူလဲမေးတော့ ဦးထွန်းကြည်ရဲ့ဇနီးဖြစ်ကြောင်း သိရပါတယ်။ တောပုံခပ်ရိုးရိုးပါပဲ။ မိတ်ဆက်စကားပြောရင်း “ လူလေးရေ အိမ်နေတော့ အိမ်အလုပ် ကျောင်းနေတော့ ကျောင်းအလုပ် လုပ်ရတာပဲ” လို့ ပြောရှာပါတယ်။ ပြောရင်း ကျောင်းအောက်ကို ဆင်းသွားပြီး ပလတ်စတစ်မှိုက်တွေ လိုက်ကောက်နေပါတယ်။ ဒါ တစ်နေ့တာ သန့်ရှင်းရေးအလုပ်လို့လည်း ပြောပြပါတယ်။
ကျောင်းအပြင်ဘက် စင်္ကြံန်လမ်းကို ထွက်လျှောက်ရင်း သစ်သားတံခါးက အရုပ်တွေ အကြောင်းပြောပြပါတယ်။ သစ်သားနံရံမှာရှိတဲ့ ခေတ်သစ် စာပေလက်မှတ်တွေ အမှတ်တရဆိုတဲ့ အရာတွေနဲ့ ပတ်သက်လို့လည်း “ခုနောက်ပိုင်းဘုရားဖူးတွေရော ကျောင်းသားတွေရော ဆက်တိုက်လာတယ်။ လူစုံတော့ ပြောနေရတာ။ တံခါးတွေ မလှပ်ကြဖို့။ လျှောက်မရေးကြဖို့။ ဘယ်လောက်ပြောပြော ကိုယ်ထွက်သွားတာနဲ့ တံခါးလှပ်ပြီး ဓာတ်ပုံရိုက်သူရိုက် စာတွေလျှောက်ရေးတဲ့ သူကရေး။ တစ်ခါတလေပြောရတာ မောလွန်းလို့ မပြောချင်တော့ဘူး” ဟု ဦးထွန်းကြည်က ညည်းညူပြသည်။
အဲဒီနောက် လှေသူကြီးဦးဖိုးတုတ်က သူကိုးကွယ်တဲ့ ခဲလူကျောင်း ဆရာတော် ဦကုဏကို ရည်စူးပြီး ကျောင်းကြီးကို တည်ဆောက်ခဲ့တဲ့အကြောင်း ၊ ဆရာတော်က လက်ရှိ သတင်းသုံးတဲ့ကျောင်းနဲ့တင် လုံလောက်တာကြောင့် ဦးဖိုးတုတ်ရဲ့အလှူကို လက်မခံခဲ့တဲ့ အကြောင်း၊ ဒါကြောင့်လည်း ကျောင်းတော်ကြီးဟာ ဆောက်လုပ်ပြီးချိန်းကစလို့ ယနေ့ထိ မည်သည့်ဆရာတော်မျှ သတင်းမသုံးခဲ့ကြတဲ့ အကြောင်းတွေလည်း ပြောပြပါတယ်။
ကြီးမားလှတဲ့ တိုင်လုံးကြီးတွေကို ဘယ်လိုစိုက်ထူလဲ မေးကြည့်တော့ ဆင်နှစ်ကောင်နဲ့ ဖောင်ဆိပ်ကနေ သစ်တွေဆွဲပြီးမှ စိုက်ထူခဲ့ရတယ်လို့ သိရပါတယ်။ ဒီကျောင်းကြီး တည်ဆောက်တဲ့ ဦးဖိုးတုတ်မိသားစုဟာ ကျောင်းဆောက်ပြီးတာနဲ့ အတော်ဆင်းရဲသွားပြီး အရုပ်ရောင်း အသက်မွေးရတယ်ဆိုတဲ့ ရာဇဝင်ဇာတ်လမ်းတစ်ပုဒ် ကြားဖူးထားလို့ ဒါအမှန်လား မေးတဲ့အခါ ဦးထွန်းကြည်က မမှန်တဲ့အကြောင်း၊ ဦးဖိုးတုတ်ကွယ်လွန်ပြီး မွေးစားသားဖြစ်သူရဲ့ သုံးဖြုန်းမှုကြောင့် ဇနီးဖြစ်သူ ဒေါ်ဖဲဟာ အရုပ်ရောင်းရတဲ့ဘ၀ ရောက်သွားတဲ့အကြောင်း၊ ကျောင်းကြီးဆောက်လို့ ဆင်းရဲတာ မဟုတ်တဲ့အကြောင်း ပြန်ရှင်းပြပါတယ်။
ဦးထွန်းကြည်နဲ့စကားတွေပြောရင်း ကျောင်းကြီးကို တစ်ပတ် ပတ်ကြည့်ခဲ့ပါတယ်။ ခိုင်မာတဲ့ သမိုင်းကြောင်းကိုလည်း ဦးထွန်းကြည်ဆီက ကြားခဲ့ရပါတယ်။ အဲဒီနောက် ကျေးဇူးတင်ကြောင်း ပြောပြီး ကွမ်းဖိုးဆေးဖိုး ကန်တော့ခဲ့ပါတယ်။ ဦးထွန်းကြည် လင်မယားဟာ လခစားဝန်ထမ်းတွေ မဟုတ်ကြပါဘူး။ လာရောက်လည်ပတ်သူတွေ ကုသိုလ်ပြုတဲ့ ကွမ်းဖိုးဆေးဖိုးနဲ့ ရပ်တည်နေသူတွေပါ။ ဘဝရပ်တည်ဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် သူတို့လင်မယားက ကျောင်းကြီးဆီ လာရောက်လည်ပတ်သူတွေကို သမိုင်းကြောင်း ရှင်းပြရရင် ကျေနပ်နေတာကတော့ အသေအချာပါပဲ။
ကျောင်းစောင့်ကြီးရဲ့ ဘဝခရီးရှည်
Most Read
Most Recent
7 hours ago










