အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန် ကော်မရှင် အစည်းအဝေးနှင့် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည် စတင် တက်ရောက်

အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန် ကော်မရှင် အစည်းအဝေးနှင့် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည် စတင် တက်ရောက်
အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် ကိုယ်စားလှယ်များနှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်က ဗီယန်ကျင်းရှိ အမျိုးသား ကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်စဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် ကိုယ်စားလှယ်များနှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်က ဗီယန်ကျင်းရှိ အမျိုးသား ကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်စဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
Published 24 July 2016
နေထွန်းနိုင်၊ နေသီဟ

(၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ ဇူလိုင် ၂၃ ရက်က ပြုလုပ်သော အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် ဆိုင်ရာ ကော်မရှင် အစည်းအဝေးနှင့် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြုလုပ်မည့် လာအိုနိုင်ငံ၊ ဗီယန်ကျင်းရှိ အမျိုးသား ကွန်ဗင်းရှင်း စင်တာသို့ ရောက်ရှိခဲ့ပြီး ဂျကာတာ အခြေစိုက် အာဆီယံ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ဝင် သံအမတ်ကြီးများနှင့် အဖွဲ့လိုက် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ထို့နောက် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံခဲ့ပြီး အရှေ့တောင်အာရှ  နျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ အစည်းအဝေး၌ တက်ရောက်ခဲ့သူများက အရှေ့တောင်အာရှ တစ်ခွင် နျူကလီးယား လက်နက်ကင်းစင်ရေး နယ်မြေ စာချုပ် (၂၀၁၃-၂၀၁၇) အား အကောင်အထည် ဖော်ရာတွင် အထောက်အပံ့ ပေးနိုင်မည့် ဆောင်ရွက်ချက် အစီအစဉ် တိုးတက်မှုများကို ဆန်းစစ်ခဲ့ပြီး ဒေသတွင်း အစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်များ လျှော့ချ ကန့်သတ်ရေးကို လည်းကောင်း၊ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေး အပြီး ပြုလုပ်ခဲ့သော အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်များနှင့် အစည်းအဝေးတွင် AICHR ဥက္ကဋ္ဌ PhoukhongSisoulath ၏ အစီရင်ခံစာကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက မှတ်သားခဲ့ကြသည်။ ထိုအစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ်က သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စများနှင့် ဆက်စပ်နေသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ လူကုန်ကူးမှု ကိစ္စများ၊ အာဆီယံ အဖွဲ့အစည်းများ၊ ဆွေးနွေးဘက်များ၊ လူထုအခြေပြု အဖွဲ့အစည်းများအကြား သတင်းဖလှယ်ရေး၊ အာဆီယံလူ့အခွင့်အရေး ကြေညာချက် ထုတ်ပြန်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် AICHR ၏ ဆောင်ရွက်ချက်များကို နိုင်ငံခြားရေး ဝန်ကြီးများက အသိအမှတ် ပြုခဲ့ပြီး AICHR ၏ ၂၀၁၇ ခုနှစ်အတွက် ဦးစားပေး အစီအစဉ်များကို အကောင်အထည်ဖော်ရန် အားပေးခဲ့သည်။အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်တွင် စတင်မည်ဖြစ်ပြီး ထိုအစည်းအဝေး၌ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။