UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA နှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး အဆိုပြုချက်အသစ် အစိုးရထံ ပေးပို့ထား

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA နှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး အဆိုပြုချက်အသစ် အစိုးရထံ ပေးပို့ထား
Published 22 July 2016
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့နှင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများ NCA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစု ပင်လုံတွင် ပါဝင်နိုင်ရေး အဆိုပြုချက်အသစ်  အစိုးရထံ ပေးပို့ထားကြောင်း နှစ်ဖက်ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။
အစိုးရ၏ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇူလိုင် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံစဉ် ယင်းအဆိုပြုချက်ကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး အဓိကအချက်ရှစ်ချက် ပါဝင်ကြောင်း UNFC ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးထွန်းဇော်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားသည်။
ဦးထွန်းဇော်က “မနေ့က ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေကလည်း အားလုံးပါဝင် ရေးဆိုတဲ့ အနေအထားတွေ ပါဝင်တယ်။ နောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်တဲ့ အခင်းအကျင်း အပါအဝင် NCA အပါအဝင် ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အစိတ်အပိုင်းတွေ ပါပါတယ်။ ကျွန်တော်တို့ဘက်က တင်ပြတာက NCA ကို ပြန်လည်သုံးသပ်လို့ မရဘူးဆိုတဲ့ တပ်ဘက်ရဲ့ သဘောထား ရပ်တည်မှု ရှိတယ်ပေါ့လေ။ ဒါပေမဲ့ NCA ကို ပြန်ကြည့်တဲ့အခါ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် လက် မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း ယနေ့အချိန်ထိ လက်မှတ်ထိုးထားတဲ့ အဖွဲ့ရှစ်ဖွဲ့နဲ့ အစိုးရဘက်က အကောင်အထည်ဖော်မှု ဖြစ်စဉ်ကို ကြည့်တော့ အဲဒီမှာ သုံးသပ်စရာတွေ အများကြီး တွေ့ပါတယ်။ အဲဒီအချက်တွေကို ထုတ်နုတ်ပြီးတော့ အချက်ရှစ်ချက်ကို တရားဝင် စာပြုစုပြီးတော့ မနေ့က လာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပေးလိုက်ပါတယ်။ အဲဒီစာတမ်းလည်း ပြန်ယူသွားပါတယ်။ အဲဒါကို အပေါ်မှာ ထပ်ပြီးတော့ တင်ပြမယ် ဆွေးနွေးမယ် နောက်ဆက်တွဲတွေ ထပ်ပြီးတော့ ဆွေးနွေးသွားဖို့လည်း ရှိပါတယ်။ NCA ကို သွားမယ့် လမ်းကြောင်းတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ပြောကြားသည်။
ယင်းနှင့် ပတ်သက်၍ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) အတွင်းရေးမှူး ဦးလှမောင်ရွှေထံ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ဘက်ကတော့ ၁၆ ရက်နဲ့ ၁၇ ရက် မနက်တွေမှာ DPN နဲ့ ဆွေးနွေးနေတာတွေရှိတယ်။ ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့လည်း တွေ့ဆုံတယ်။ ပြီးတော့ ချင်းမိုင်မှာပြန်ပြီး စုဖွဲ့ဆွေးနွေးပြီးတော့မှ သူတို့ရဲ့ ပါဝင်နိုင်မှုကို အဆိုပြုချက်အသစ်ပေါ့ အဲဒါကို သူတို့ ပြင်ဆင်ပြီးတော့ အဆိုပြုချက် အသစ်ကို ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ကို ပြန်ပေးအပ်တဲ့ အနေအထားပါပဲ။ ပါဝင်နိုင်မှုဆိုတာ သူတို့ အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ပါဝင်ဖို့ သူတို့အနေနဲ့ ကြိုးစားဖို့ပေါ့။ သူတို့ရဲ့ အဆိုပြုချက်အသစ်ကို ကျွန်တော်တို့ကို ပေးတဲ့ အနေအထား။ အဲဒါကို ကျွန်တော်တို့က လက်ခံယူလာပြီးတော့ ကော်မတီနဲ့ တာဝန်ရှိတဲ့သူတွေကို ပြန်တင်ပြဖို့ပေါ့” ဟု ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။
၂၁ ရာစုပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ(၂) နှင့် DPN အဖွဲ့တို့သည် ဇွန် ၃ ရက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်း ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်၊ ဇူလိုင် ၁၆ ရက် နှင့် ၁၇ ရက်၊ ဇူလိုင် ၂၀ ရက် စုစုပေါင်းငါးကြိမ် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ဖြစ်ပေါ်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
လာမည့် သြဂုတ်လဆန်းတွင် DPN ကိုယ်စားလှယ်အဖွဲ့များ ရန်ကုန်သို့ လာရောက်ရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့က ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင် ဆောင်များ ဖြစ်ကြသည့် KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ SSPP နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ NMSP ဥက္ကဋ္ဌနိုင်ထောမွန်၊ KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်နှင့် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်တို့သည်  ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ၍ ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာများ ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။
တစ်နာရီခွဲကျော် ကြာမြင့်ခဲ့သည့် တွေ့ဆုံပွဲနှင့် ပတ်သက်၍ UNFC က ဇူလိုင် ၁၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံးပူးပေါင်း ပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ရေးအတွက် လက်တွေ့ စဉ်းစားချက်များကို ဆွေးနွေးခဲ့ကြောင်း၊ စစ်ပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးမှ စစ်မှန်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တစ်ပြိုင်တည်း ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်း UNFC ခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း၊ အားလုံးပါဝင်မှုရှိသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်စလုံးမှ ဆက်လက်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
UNFC ကို ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိ အဖွဲ့ဝင် အဖွဲ့အစည်း ကိုးဖွဲ့ရှိနေပြီး ယင်းအဖွဲ့ အားလုံးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည်။ အဖွဲ့ဝင် ကိုးဖွဲ့အနက် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA တို့သည် UNFC အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခွင့် တောင်းဆိုထားသည်။

Most Read

Most Recent