NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပုဒ်မသုံးခုဖြင့် စွဲချက်တင်ခံထားရသူ သုံးဦး၏အမှု ပြန်ခေါ်သက်သေအဖြစ် ဦးနိုင်ငံလင်းအား စစ်ဆေး

NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပုဒ်မသုံးခုဖြင့် စွဲချက်တင်ခံထားရသူ သုံးဦး၏အမှု ပြန်ခေါ်သက်သေအဖြစ် ဦးနိုင်ငံလင်းအား စစ်ဆေး
Published 22 July 2016
ဝေလင်းအောင်၊ ကျော်ဇင်ဖြိုး

သာကေတေမြို့နယ် NLD ပါတီဝင်အချို့ ဓားဖြင့်တိုက်ခိုက်ရသည့် အမှုမှ စွဲချက်တင်ခံထားရသူများဖြစ်သည့် ဇော်လတ်အပါအဝင် သုံးဦးကို ဇူလိုင် ၂၂ ရက်တွင် သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေအဖြစ် အချင်းဖြစ်နေ့တွင် တိုက်ခိုက်ခံရသူတစ်ဦးဖြစ်သည့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအား စစ်ဆေးခဲ့သည်။အမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ကိုဇော်လတ်က ဦးနိုင်ငံလင်းအား အချင်းဖြစ်နေ့ဖြစ်စဉ်များကို ပြန်လှန်မေးခွန်း မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ရုံးချိန်းအား ဇူလိုင် ၂၆ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။“စွပ်စွဲခံရသူ ကိုဇော်လတ်က ကျွန်တော့်ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ တင်သွင်းတဲ့အတွက် ဒီနေ့လာရောက် ထွက်ဆိုရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စွပ်စွဲခံတဲ့သူဘက်ကိုလည်း မျှမျှတတ အခွင့်အရေး ရစေချင်တယ်။ ကျွန်တော်တို့ဘက်ကလည်း တရားဥပဒေ စိုးမိုးမှုအတွက် ခိုင်ခိုင်မာမာ ရှိစေချင်တယ်။ အမှန်တကယ် ပြစ်မှုကျုးလွန်သူကို တရားဥပဒေအရ မှန်ကန်ထိရောက်တဲ့ အပြစ်မျိုး ဖြစ်စေချင်တယ်။ ကျုးလွန်တဲ့သူကလည်း ကိုယ်ပြုမူခဲ့တဲ့ လုပ်ရက်အပေါ် တာဝန်ခံမှု ရှိစေချင်တယ်။ ဒါမှလည်း တရားဥပဒေ စိုးမိုးမှုရှိမှာပါ။ ဒီအမှုကိုလည်း နမူနာအနေနဲ့ ဖြစ်စေချင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမျိုး ဓားကိုင်ပြီး သောင်းကျန်းနေတဲ့သူတွေ အများကြီး ရှိနေတယ်။ ရန်လေးထစ်ခနဲဖြစ်ပြီဆိုတာနဲ့ ဓားဝင်ဆွဲတော့တာပဲ။ ဒါဟာ လုံးဝမဖြစ်သင့်ဘူး။ ဒီလိုစိတ်ထားတွေကို ပျောက်စေချင်တယ်။ လူအချင်းချင်း ဒေါသအလျောက် ခိုက်ရန်ဖြစ်မှာပါပဲ။ ဖြစ်ရင်လည်း အေးအေးဆေးဆေး ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။အမှုနှင့်ပတ်သက်၍ ကိုဇော်လတ် (ခ) အောင်ဇော်လတ်၊ ကိုထက်ကို (ခ) ထက်အောင်လှိုင်နှင့် ကိုမျိုးမင်းခိုင်တို့ သုံးဦးကို ပြစ်မှုပုဒ်မ ၃၂၆၊ ပုဒ်မ ၃၂၃၊ ပုဒ်မ၂၉၄ တို့ဖြင့် စွဲချက်တင်ကြောင်း သာကေတမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ပြီးနောက် လက်ရှိတွင် ပြန်ခေါ်သက်သေများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် စွဲချက်တင်ခံရသူ သုံးဦးအနက် ကိုဇော်လတ် (ခ) အောင်ဇော်လတ်ကို လက်နက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် ထပ်တိုးတရားစွဲထားကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်ညပိုင်းတွင် သာကတေမြို့နယ် NLD ပါတီဝင်များသည် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်၍ ပြန်လာစဉ် မာန်ပြေ (၈) လမ်းထိပ်အရောက်၌ မဲဆွယ်စည်းရုံးရာ၌ လိုက်ပါခဲ့သည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့ ကွမ်းယာဝင်ဝယ်သည့်အခါ ကိုဇော်လတ်ရောက်ရှိလာပြီး ၎င်းအားဦးစွာ ကွမ်းယာထုပ်ပေးရန် ပြောဆိုရာမှ ၎င်းတို့စကားများကြပြီး စတင်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုအား ကိုအောင်ကျော်ကျော်က သွားရောက်ဖျန်ဖြေ တားဆီးခဲ့ရာတွင် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန်ရွယ်၍ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင်ဓားအား ကိုင်ဆောင်၍ ၎င်းနှင့်အတူ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့က တုတ်များကိုင်ဆောင်ပြီး အခင်းဖြစ်နေရာသို့ ရောက်ရှိလာကာ ဆဲဆိုရန်မူခဲ့ကြသဖြင့် ဝင်ရောက်ဖျန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။