လမ်းမတော်မြို့နယ်၌ လူမြင်ကွင်းတွင် အမျိုးသမီးထံမှ ရွှေဆွဲကြိုး ဖြတ်လုသူအား ဖမ်းဆီး

လမ်းမတော်မြို့နယ်၌ လူမြင်ကွင်းတွင် အမျိုးသမီးထံမှ ရွှေဆွဲကြိုး ဖြတ်လုသူအား ဖမ်းဆီး
Published 22 July 2016
မင်းသိန်းနိုင်၊ သီဟ

လမ်းမတော်မြို့နယ်တွင် လူမြင်ကွင်း၌ အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုး ဖြတ်လုသည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီခန့်တွင် သာကေတမြို့နယ်နေ မညိမ်းညိမ်းအိသည် ၎င်းဈေးရောင်းချသည့် အာလူးကြော်များ ယူရန်အတွက် လမ်းမတော်မြို့နယ် (၁၂) ရပ်ကွက် ဘုန်းကြီးလမ်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ထို့နောက် ဘုန်းတော်ကြီးကျောင်းရှေ့ အရောက်၌ အမျိုးသားတစ်ဦးက နောက်မှနေ၍ မညိမ်းညိမ်းအိ၏ လည်ပင်းတွင် ဆွဲထားသည့် ရွှေဆွဲကြိုးအား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ယင်းသို့လုယူ ထွက်ပြေးသဖြင့် ၎င်းကပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းခဲ့ရာ ပတ်ဝန်းကျင်မှ ပြည်သူများနှင့် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ လုယူသွားသည့် အမျိုးသားအား ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းထောင့်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။“ဆွဲကြိုးလုယူသွားတဲ့ သူကိုတော့ ပြစ်ချက်ဟောင်းရှိ၊ မရှိ စစ်ဆေးနေတုန်းပါပဲ။ ပတ်ဝန်းကျင်က ပြည်သူနဲ့ လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဖမ်းဆီးလိုက်တာပါ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ထို့နောက် ဖမ်းဆီးရမိသည့် အမျိုးသားအား စစ်ဆေးရာ ၎င်းမှာ လှိုင်သာယာမြို့နယ်နေ ပြောင်ကြီး (ခ) မျိုးမင်းထွဋ် (၂၅) နှစ်ဖြစ်ပြီး လမ်းမတော် မြို့မရဲစခန်းက (ပ) ၉၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။