ဟင်္သာတတက္ကသိုလ်အနီး အလုံပိတ်အခန်းများ ထားရှိသည့် ဆိုင်များကို သက်ဆိုင်ရာမှ ရှောင်တခင် စစ်ဆေးခဲ့ပြီး ယာယီလုပ်ငန်းလိုင်စင်များ ပိတ်သိမ်း

ဟင်္သာတတက္ကသိုလ်အနီး အလုံပိတ်အခန်းများ ထားရှိသည့် ဆိုင်များကို သက်ဆိုင်ရာမှ ရှောင်တခင် စစ်ဆေးခဲ့ပြီး ယာယီလုပ်ငန်းလိုင်စင်များ ပိတ်သိမ်း
Published 20 July 2016
အောင်ကျော်မျိုး(ဟင်္သာတ)

ဟင်္သာတတက္ကသိုလ်အနီး အလုံပိတ်အခန်းများ ထားရှိသည့် ဆိုင်များကို ဇူလိုင်လ ၂၀ ရက်တွင် သက်ဆိုင်ရာမှ ရှောင်တခင် စစ်ဆေးခဲ့ပြီး ယာယီလုပ်ငန်းလိုင်စင်များ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စည်ပင်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ထိုသို့ အရေးယူမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။“ရပ်မိရပ်ဖတွေနဲ့ရော ဆယ်အိမ်မှူးတွေနဲ့ရော ဒီသုံးလအတွင်းမှာ ဒီဆိုင်တွေကို စစ်ဆေးတာ ၄ ကြိမ် ရှိပါပြီ။ လေးစားလိုက်နာမှု မရှိဘူး။ ကျွန်တော်တို့ လာပြောလည်း ခဏပဲ။ ပြန်ပြီး အလုံပိတ် ကာရံမှုတွေ လုပ်တယ်” ဟု လယ်တီကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းက ပြောကြားသည်။ဟင်္သာတတက္ကသိုလ် အနီးရှိ ဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန်တွင် မူးယစ်ဆေးဝါးနှင့် ဥပဒေနှင့် မလွတ်ကင်းသည့် အရာများ ရှိ၊ မရှိကိုလည်း စစ်ဆေးခဲ့သဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်နေမျိုးလင်းကို မေးမြန်းခဲ့ရာ “အခု ရက်တစ်ရာ အတွင်းမှာ ကျွန်တော် မူးယစ်ဆေးဝါး ဖမ်းမိခဲ့တာ ၈ မှု ရှိပြီ။ အရင်တစ်ခေါက်က အလုံပိတ်အခန်းတွေ ထားရှိတဲ့ ဆိုင်တစ်ဆိုင်မှာ မူးယစ်ဆေးဝါး ဖမ်းမိဖူးတယ်။ ကျွန်တော်တို့ စောင့်ကြည့်မှုတွေလည်း လုပ်နေပါတယ်။ အခုလည်း ရှောင်တခင် စစ်ဆေးခဲ့ပါတယ်” ဟု ပြောကြားသည်။အလုံပိတ်အခန်းများရှိသည့် ဆိုင်များတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် မကောင်းမှု ပြုလုပ်ခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာနှင့်အညီ အလုံပိတ်ဆိုင်များကို မလာကြရန် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ချိန်တွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က ပညာပေးစကား ပြောကြားခဲ့သည်။အလုံပိတ် အခန်းများ ထားရှိသည့် ဆိုင်များကို အရေးယူမည့် အစီအမံနှင့် ပတ်သက်၍ စည်ပင် အမှှုဆောင် အရာရှိ ဦးဘုန်းလွင်က “စားသောက်ဆိုင်၊ အဓိကကတော့ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်။ ဒီဆိုင်တွေက ခွင့်ပြုချက်တောင်းတဲ့ အချိန်မှာ အလုံပိတ် ဆိုတာကို ခွင့်မပြုဘူး။ အရင်ကလည်း နှစ်ကြိမ်လောက် ဆင်းစစ်တယ်။ ဆိုင်တိုင်းကိုလည်း ဘန်ဂလိုတွေမှာ အကာအရံတွေ၊ မျက်ကွယ်တွေ မလုပ်ဖို့ကို သတိပေးပြီး ဝန်ခံကတိလည်း လက်မှတ်ထိုးခိုင်းပြီးသား ဖြစ်ပါတယ်။ အခုတစ်ခါ တတိယအကြိမ် ထပ်စစ်တဲ့အခါ တချို့ဆိုင်တွေမှာ အလုံပိတ်တွေ တွေ့တယ်။ တွေ့တဲ့အတွက် လောလောဆယ်တော့ အလုံပိတ်ဆိုင်တွေကို ယာယီ လုပ်ငန်းလိုင်စင် ပိတ်သိမ်းမယ်” ဟု ပြောကြားသည်။ယာယီလုပ်ငန်းလိုင်စင်များ ပိတ်သိမ်းခဲ့သော်လည်း အဆိုပါဆိုင်များက ပြန်လည်လျှောက်ထားလာသည့်အခါ သတ်မှတ်အချက်အလက်များနှင့် ပြည့်စုံမည်ဆိုလျှင် ပြန်လည်ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်သော်လည်း အခါအားလျော်စွာ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း စည်ပင် အမှုဆောင် အရာရှိက ဆက်လက်ပြောကြားသည်။