အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) အဖွဲ့ဝင် ဦးဆောင်ဆရာတော် ဦးဝီရသူက သံဃာတော်များအား ဂုဏ်သိက္ခာထိခိုက်အောင် ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြည်တွင်းသက်တော်စောင့်အဖွဲ့ ဥက္ကဋ္ဌက တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်နေကြောင်း နေပြည်တော် ၁၆၇ မိုင် ပြည်တွင်း သက်တော်စောင့်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်ထံမှ ဇူလိုင် ၁၃ ရက်တွင် စုံစမ်း သိရှိရသည်။ထိုသို့ အမှုဖွင့်ရန်အတွက် နေပြည်တော် ၁၆၇ မိုင် ပြည်တွင်းသက်တော်စောင့်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ဇူလိုင် ၁၁ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် တာမွေမြို့မ ရဲစခန်းသို့ သွားရောက်ခဲ့ပြီး အမှုနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် အပိုင်းများကို စုံစမ်း မေးမြန်းခဲ့ကြောင်း သိရသည်။အမှုဖွင့်ရန် စီစဉ်ရသည့် အကြောင်းရင်းမှာ ဦးဝီရသူသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်း၌ ပြုလုပ်ခဲ့သည့် နိုင်ငံရေး ဟောပြောပွဲ တစ်ခုတွင် ဆရာတော် ဦးဝီရသူက အမျိုးသမီးတစ်ဦးအား ဆဲဆိုခဲ့သည့်အတွက် သံဃာ့ဝိနည်းနှင့် မလျှော်ညီသည့်အတွက် အမှုဖွင့်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဝင်းအောင်က ပြောကြားသည်။“အမှုဖွင့်ဖို့ စီစဉ်ရတာကတော့၂၀၁၅ ခုနှစ်အတွင်းက ကျိုက္ကဆံကွင်းမှာ ပြုလုပ်တဲ့ နိုင်ငံရေးဟောပြောပွဲမှာ ဦးဝီရသူက အမျိုးသမီး တစ်ဦးကို ဆဲဆိုတဲ့ အတွက်ပါ။ အဲဒီလို ဆဲတဲ့အတွက် သံဃာအဖွဲ့ကို ထိခိုက်ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်သွားမှာပါ။ အဲဒီလို အမှုဖွင့်ဖို့ အတွက် သံဃာဖြစ်တဲ့အတွက် အခုနိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှာ ခွင့်ပြုချက် တောင်းခံထားပါတယ်။ အဲဒီအဖွဲ့က ခွင့်ပြုမိန့်ရမှ လူဝတ်လဲပြီး တရားစွဲဆိုမှာပါ” ဟု ၎င်းက ပြောကြားသည်။အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ တာမွေမြို့မ ရဲစခန်းမှ ရဲမှူး ခင်မောင်မြက “ကျွန်တော်တို့ စခန်းကို လာပြီးတော့ ဆရာတော် ဦးဝီရသူကို အမှုဖွင့်ဖို့ လာပြီး စုံစမ်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရဲစခန်းကလည်း အမှုဖွင့်ရင် လိုအပ်တာတွေကို ပြောပြထားပါတယ်” ဟု ပြောကြားသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူအား ဇွန် ၁၃ ရက် နေ့လယ်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
မဘသအဖွဲ့ဝင် ဦးဆောင်ဆရာတော် ဦးဝီရသူက သံဃာတော်များအား ဂုဏ်သိက္ခာထိခိုက်အောင် ပြုလုပ်သည်ဟုဆိုကာ ပြည်တွင်းသက်တော်စောင့်အဖွဲ့ ဥက္ကဋ္ဌ အမှုဖွင့်ရန် စီစဉ်