တအာင်း၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် သုံးဖွဲ့အနေဖြင့် အစိုးရနှင့် တပ်မတော်က လက်ခံနိုင်သည့် ကြေညာချက်တစ်ခု ထုတ်ပြန်ပါက နိုင်ငံရေးမူဘောင် သုံးသပ်ခြင်းမှ စတင်ပါဝင်ပြီး ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်နိုင်ဟု ညီလာခံအကြို ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ပြောကြား

တအာင်း၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် သုံးဖွဲ့အနေဖြင့် အစိုးရနှင့် တပ်မတော်က လက်ခံနိုင်သည့် ကြေညာချက်တစ်ခု ထုတ်ပြန်ပါက နိုင်ငံရေးမူဘောင် သုံးသပ်ခြင်းမှ စတင်ပါဝင်ပြီး ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်နိုင်ဟု ညီလာခံအကြို ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ပြောကြား
Published 9 July 2016
အောင်ဇော်ထွန်း

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ အနေဖြင့် အစိုးရနှင့် တပ်မတော်က လက်ခံနိုင်သည့် ကြေညာချက်တစ်ခု ထုတ်ပြန်ပါက နိုင်ငံရေး မူဘောင် သုံးသပ်ခြင်း ကဏ္ဍမှ စတင်ပါဝင်ပြီး ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်နိုင်ဟု အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် ဦးခက်ထိန်နန်က ပြောကြားသည်။ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ညီလာခံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂)သည် ဇွန် ၁၇ ရက်က ရှမ်းပြည်နယ် မိုင်းလားဒေသသို့ သွားရောက်၍ ၀ နှင့် မိုင်းလား လက်နက်ကိုင် အဖွဲ့များနှင့် သွားရောက် တွေ့ဆုံစဉ် TNLA၊ MNDAA နှင့် AA အဖွဲ့တို့နှင့် ခဏတာ တွေ့ဆုံခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင်လည်း အဆိုပါ သုံးဖွဲ့နှင့် အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) တို့အကြား အဆက်အသွယ် မပြတ်ကြောင်း ဆပ်ကော်မတီ (၂) အဖွဲ့ဝင်လည်းဖြစ်သူ ဦးခက်ထိန်နန်က ဆိုသည်။ဦးခက်ထိန်နန်က “အစိုးရနဲ့ တပ်မတော်နဲ့ပေါ့လေ လက်ခံနိုင်တဲ့ ကြေညာချက် တစ်ခုကို TNLA ရယ် MNDAA ရယ် AA ရယ် သူတို့သုံးဖွဲ့ အဲဒီ ကြေညာချက် သူတို့ဘက်က ထုတ်နိုင်ဖို့အတွက် ဆက်သွယ်ပြီးတော့ အားလုံးက ကြိုးစားနေတယ်။ အဲဒီ အနေအထားပါပဲ။ ကြေညာချက် ဆိုတာက အရင်တိုက်ပွဲလို တိုက်ပွဲမျိုးတွေ ပြန်မလုပ်တော့ဘူး။ နောက်ပြီးတော့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကိုလည်း အရှည်သဖြင့်မှာကတော့ လက်နက်ကိုင် လမ်းစဉ်ကိုလည်း စွန့်လွှတ်မယ်။ နောက်ပြီးတော့ ယခင်လို မတိုက်ခိုက်တော့ဘူး ဆိုတာကို ခိုင်မာအောင် လက်နက်တွေကို တစ်နေရာရာမှာ ဖြစ်ဖြစ် ထားထားဖို့ အဲဒီ အချက်တွေ တိတိကျကျတော့ မဟုတ်ဘူးပေါ့။ အဲဒီ သဘောတရား ပါဝင်တဲ့ ဟာကို ဒီဘက်က အစိုးရ၊ တပ်မတော်က လက်ခံနိုင်တဲ့ အတိုင်းအတာမျိုးပေါ့။ အဲဒါမျိုးဆိုရင် သူတို့က နိုင်ငံရေးမူဘောင် ပြန်သုံးသပ်တဲ့ လုပ်ငန်းက စပြီးတော့ သူတို့ ပါဝင်နိုင်တယ်ပေါ့။ ညီလာခံလည်း တက်ရောက်နိုင်တယ်” ဟု ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။အစိုးရ၏ ညီလာခံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) နှင့် TNLA၊ MNDAA၊ AA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေကြောင်း၊ ၎င်းတို့ အနေဖြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်ပြီး ထိုသို့ တွေ့ဆုံနိုင်ရန် ခရီးသွားလာရေးအတွက် ကြိုတင်အကြောင်းကြားမှု သုံးရက်မှ ငါးရက်အကြားသာ လိုအပ်ကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောကြားသည်။TNLA အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဖုန်းကျော်က “လက်တွေ့ အခြေအနေမှာ ကျွန်တော်တို့ ဒေါက်တာ တင်မျိုးဝင်းတို့ဆီကနေ တိုက်ရိုက် ကျွန်တော်တို့ ဆက်သွယ်ရတာမျိုး မဟုတ်သေးတော့ ခုနပြောတဲ့ ဟာတွေတော့ ဥပမာ ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင်က ကျွန်တော်တို့ကို လူကိုယ်တိုင် မတွေ့နိုင်သေးတော့လည်းပဲ ဒီလို ကြေညာချက်တွေ ဒါတွေ ထုတ်ပေးဖို့ လိုပါတယ် ဘာညာ စသဖြင့် အဲဒီလို ပြောတာမျိုး မရှိသေးတော့ အခုက ကျွန်တော်တို့လည်း သို့လော သို့လောပဲ ကြားနေရတာပါ။ ကျွန်တော်တို့ ထင်တာကတော့ အစိုးရနဲ့ တပ်မတော်ကြားထဲမှာ တချို့ ကျွန်တော်တို့အပေါ် ထားတဲ့ သဘောထားတွေ ညှိလို့ သိပ်မရသေးဘူးလို့ ကျွန်တော်တို့ အဲဒီလိုပဲ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ခုထိ တွေ့ဆုံဖို့ ကိစ္စ နည်းနည်း အချိန်ယူနေရတဲ့ အနေအထား ရှိတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ ဘက်က ပြောထားပါတယ်။ ကျွန်တော်တို့က အခု ဒေါ်အောင်ဆန်းစုကြည်တို့ NLD မဲနိုင်ပြီးတော့ ရွေးကောက်ပွဲကာလရော ရွေးကောက်ပွဲပြီးတော့မှ အစိုးရဖွဲ့တဲ့ ကာလအထိ ကျွန်တော်တို့ သဘောထား ထုတ်ပြန်ထားတာ ရှိပါတယ်။ ကျွန်တော်တို့က အခု တက်လာတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ပူးပေါင်း ဆောင်ရွက်နိုင်တယ်။ ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်နေတဲ့ဟာတွေ လျော့အောင် လက်တွဲပူးပေါင်း လုပ်မယ်ဆိုရင် ကျွန်တော်တို့ လက်တွဲပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ သဘောထားတော့ ရှင်းရှင်းလင်းလင်း ကြေညာချက်တွေ ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီရော ကျွန်တော်တို့ စုပေါင်းပြီးတော့ရော ထုတ်ထားပြီး ဖြစ်ပါတယ်။ အဲဒီလို တိုက်ရိုက် ထုတ်ဖို့ လိုတယ်လို့ ပြောတယ် မပြောဘူးဆိုတာ ကျွန်တော်တို့က တိုက်ရိုက်ဆွေးနွေးခွင့်တော့ မရသေးတော့ လောလောဆယ်တော့ မသိသေးပါဘူး” ဟု ဆိုသည်။ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို ၂၀၁၆ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ် မတိုင်မီ ကျင်းပနိုင်ရန် ကြိုးစားမည်ဟု အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ အကြား သဘောတူညီမှု ရရှိထားသည်။NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံတွင် ၎င်းတို့၏ သဘောထား အမြင်များကို တင်ပြနိုင်သော်လည်း အဆိုပါ တင်ပြချက်များကို ညီလာခံတွင် မဲခွဲဆုံးဖြတ်နိုင်မည် မဟုတ်ဟု အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက ဇူလိုင် ၆ ရက်တွင် ပြောကြားထားသည်။         

Most Read

Most Recent