ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီများ ကိုယ်စားပြု ကိုယ်စားလှယ်ငါးဦး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်ခွင့်ပြုရန် ဆွေးနွေးနေ

ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီများ ကိုယ်စားပြု ကိုယ်စားလှယ်ငါးဦး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်ခွင့်ပြုရန် ဆွေးနွေးနေ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အစည်းအဝေး (ဓာတ်ပုံ-ဇေယျာထွန်း)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အစည်းအဝေး (ဓာတ်ပုံ-ဇေယျာထွန်း)
Published 9 July 2016
ဇာလီမြင့်ဦး

ရွေးကောက်ပွဲ အနိုင်မရသည့် နိုင်ငံရေး ပါတီများ ကိုယ်စားပြု ကိုယ်စားလှယ် ငါးဦးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်ခွင့်ပြုရန် ဆွေးနွေးနေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန်က ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီတို့သည် ဇူလိုင် ၅ ရက်က တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးထားချက်များ ရှိခြင်းဖြစ်ကြောင်း သိရသည်။  ဦးခက်ထိန်နန်က “ဒီတစ်ခေါက် ညီလာခံတက်တဲ့ နေရာမှာ ပထမ ညီလာခံတုန်းကနဲ့ နည်းနည်းမတူတဲ့ ပုံစံ တစ်ခုက ဘာလဲဆိုရင် ပါတီများ အစုအဖွဲ့၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့ထဲကတော့ အရင်တုန်းက ရွေးကောက်ပွဲမှာ နိုင်တဲ့ ပါတီရော၊ တစ်ယောက်မှ မနိုင်တဲ့ ပါတီတွေရော အကုန်လုံး တက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ နိုင်တဲ့ ကိုယ်စားလှယ် ရှိတဲ့ ပါတီတွေ ၂၂ ပါတီတွေပဲ ညီလာခံမှာ တက်ရောက်ဖို့ ပါတီတွေရဲ့ ကိုယ်စားပေါ့လေ။ နိုင်တဲ့ ကိုယ်စားလှယ်ပါတဲ့ ပါတီ ၂၂ ပါတီထဲကပဲ တက်ဖို့ဆိုတဲ့ဟာ အဲဒီလို မူချမှတ်ထားပြီးတော့ ကိုယ်စားလှယ် တစ်ယောက်မှ မနိုင်တဲ့ ပါတီ ၇၀ ရှိတယ်။ အဲဒီ ပါတီ ၇၀ ရဲ့ ကိုယ်စား အနေနဲ့ ငါးဦးကို သူတို့ ပါတီ ၇၀ က ရွေးချယ်ပြီးတော့ သူတို့ကိုယ်စား ဒါ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ထဲမှာ အဲဒီငါးဦး ပါဝင်မယ်ဆိုတဲ့ ဟာမျိုးကို နည်းနည်း ဆွေးနွေးထားတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်မည့် အစုအဖွဲ့၊ ကိုယ်စားလှယ်အရေ အတွက်ကို ယခင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပစဉ်ကအတိုင်း အချိုးအစား မပြောင်းလဲဘဲ လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်းနှင့် ၂၁ ရာစုပင်လုံ ညီလာခံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့နှင့် ပတ်သက်သည့် ကိုယ်စားလှယ်များကို စံနှုန်း သတ်မှတ်ချက်ထား၍ ရွေးချယ်သွားရန် ရှိကြောင်းလည်း ဦးခက်ထိန်နန်က ပြောကြားသည်။“အရင် ကျွန်တော်တို့ ၂၀၁၆ ဇန်နဝါရီမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ညီလာခံတုန်းကတော့ အချိန်ကို လောလောလောလော လုပ်ရတဲ့ အတွက်ကြောင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့များ ပါဝင်တဲ့ နေရာမှာ နည်းနည်းလေး အားနည်းချက်တွေ ချို့ယွင်းချက်တွေ မပြည့်စုံမှုတွေ ရှိသွားတာပေါ့။ အခု ဒီတစ်ခေါက်ကတော့ အချိန်လည်း ရှိတဲ့အတွက် အဲဒီ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့နဲ့ ပတ်သက်တဲ့ ဟာက စံနှုန်း သတ်မှတ်ချက် အတိုင်းပဲ ရွေးချယ်ပြီးတော့ တက်ရောက်ချင်တယ်ဆိုတဲ့ အချက်တစ်ချက်ပေါ့” ဟု ဦးခက်ထိန်နန်က ပြောကြားသည်။ယခင်သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးထား ကျင်းပရန် ဆုံးဖြတ်ထားသည်။“ပါတီ အရွေးမခံရတဲ့ သူတွေက ပြည်သူလူထုကို ကိုယ်စားမပြုတဲ့အတွက် မတက်ရောက်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး၊ အနိုင်မရတဲ့ ပါတီကို မရွေးဘူး ဆိုကတည်းက ကျွန်တော်တို့က အတော်လေး စိတ်မကောင်း ဖြစ်ပြီးတော့ ဒါမဖြစ်သင့်ပါဘူးလို့ပဲ ကျွန်တော်တို့က သဘောထားပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က တိုင်းရင်းသား ပါတီတွေကို ပါစေချင်တယ်။ နောက် တရားဝင်နိုင်ငံရေး ပါတီတွေ ဖြစ်တဲ့အတွက်ကြောင့်ပေါ့။ ပထမတစ်ခေါက် ညီလာခံတုန်းကတော့ ပါတီတွေ ဘက်ကလူ ၁၅၀ ခွင့်ပြုခဲ့တယ်လို့ သိရတယ်။ အခု ပါတီတွေဘက်က သူတို့ ဘယ်လောက် ခွင့်ပြုတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကိုယ်စားလှယ်အဖြစ် တက်ခွင့်ရှိမယ့် ပုံစံမျိုးအတွက် အဲဒါကတော့ ဘယ်လိုမှ ကျွန်တော်တို့ မစဉ်းစားထားဘူး” ဟု ဖလုံ-စဝေါ်ဒီမို ကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ၉၀ ကျော်သော နိုင်ငံရေးပါတီ အားလုံး မဟုတ်ဘဲ လွှတ်တော်တစ်ခု သို့မဟုတ် တစ်ခုတွင် အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့် နိုင်ငံရေး ပါတီများကိုသာ ငြိမ်းချမ်းရေး ညီလာခံထဲတွင် ကိုယ်စားလှယ်အဖြစ် ထည့်ရန်ဆိုသည်ကို ကိုင်စွဲထားကြောင်း မေ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ပြောကြားခဲ့ရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသား လူမျိုးစုအလိုက် ကိုယ်စားပြု ပါဝင်နိုင်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ် ရွေးကောက်ခံခဲ့ရသည့် နိုင်ငံရေး ပါတီများ နည်းတူ တရားဝင် ဖွဲ့စည်းထားသည့် တိုင်းရင်းသား ပါတီများကိုလည်း တက်ရောက်ခွင့် ပြုသင့်ကြောင်း တိုင်းရင်းသား ပါတီများက ထုတ်ဖော်ပြောကြားခဲ့သည်။အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေး (ယာယီ) ကော်မတီဝင်ကို သွင်လင်းအောင်က “ကျွန်တော်တို့ရဲ့ သဘောထားကတော့ CSO ဖိုရမ်မှာ ဝင်ဆွေးနွေးတဲ့ သူတွေက နိုင်ငံရေးမှာ မပါတဲ့သူတွေ ဖြစ်ဖို့ သဘောထားလည်း ရှိတယ်ဗျ။ အဲဒီမှာ ကျွန်တော်တို့က ဘယ်လို စဉ်းစားလဲဆိုတော့ ပါတီနဲ့ CSOs ဆိုတာ လူထုအတွက် လုပ်ကြတာ အခြေခံတော့ တူတယ်။ ဒါပေမဲ့ တချို့ စဉ်းစားချက်တွေက ကွဲနိုင်တယ်။ အဲဒီတော့ တစ်ခါတည်း တစ်နေရာတည်း ဖိုရမ်ကြီး တစ်ခုတည်းမှာ ဆွေးနွေးကြမယ်ဆိုရင် အဆင်မပြေမှုတွေ ဖြစ်နိုင်တယ်။ ဇူလိုင် ၄၊ ၅၊ ၆ ရက်မှာ အစိုးရက လုပ်ခဲ့တဲ့ အစည်းအဝေးအရ အဲဒီမှာ နေရာမရတဲ့ ပါတီတွေကို ငါးနေရာ ခွင့်ပြုမယ်လို့ ကျွန်တော်တို့လည်း သိရတယ်။ အစတုန်းက နေရာမပေးထားတဲ့ နိုင်ငံရေး ပါတီတွေကိုတောင် နေရာ ပေးလာတယ် ဆိုတော့ CSOs တွေကိုလည်း အဲဒီလို ပါဝင်ခွင့်အတွက် မျှော်လင့်မိပါတယ်” ဟု ပြောကြားသည်။လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် သဘောထားများ တင်ပြနိုင်ရေး ပြင်ဆင်လျက် ရှိနေသည်။

Most Read

Most Recent