ထိုင်းအမျိုးသမီးကို သတ်မှုဖြင့် သံသယရှိသူ မြန်မာအလုပ်သမား တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

ထိုင်းအမျိုးသမီးကို သတ်မှုဖြင့် သံသယရှိသူ မြန်မာအလုပ်သမား တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်
Published 9 July 2016
ငြိမ်းကို

ထိုင်းအမျိုးသမီး အလုပ်သမား တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ ရွှေ့ပြောင်းမြန်မာ အလုပ်သမား တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ထိုင်း Bangkok Post သတင်းဌာနက ဇူလိုင် ၉ ရက်တွင် ဖော်ပြသည်။Ubon Ratchathani ခရိုင်တွင် နေထိုင်သူ ထိုင်းအမျိုးသမီး အလုပ်သမား ဒူရီယန် (၂၄ နှစ်) ၏ အလောင်းအား ဇူလိုင် ၈ ရက် နံနက် ၅ နာရီက ဘန်ကောက်မြို့ Ubon Ratchathani ရှိ လမ်းနံဘေးတွင် သွေးအိုင်ထဲ လဲနေသည်ကို ဒေသခံ တစ်ဦးက တွေ့ရှိခဲ့၍ ရဲစခန်းသို့ ချက်ချင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။အဆိုပါ အမျိုးသမီး အလောင်းအား တွေ့ရှိချိန်တွင် ခန္ဓာကိုယ်၌ ဘရာစီယာ တစ်ခုသာ ရှိပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဓားဖြင့် ထိုးထားသည့် ဒဏ်ရာများ တွေ့ရှိခဲ့ရသလို ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ ဒဏ်ရာများ တွေ့ရှိခဲ့ရကြောင်းနှင့် လည်ပင်းကိုလည်း လှီးဖြတ်ထားသည့် ပုံစံမျိုး တွေ့ရှိရကြောင်း သတင်းတွင် ဖော်ပြသည်။Thon Buri ရာဇဝတ်မှု တရားရုံးက အဆိုပါ ထိုင်းအမျိုးသမီးကို သတ်ဖြတ်သည်ဟု သံသယရှိသူ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ကို . . . . (၂၈ နှစ်) အား ဖမ်းဆီးရန် ဝရမ်းအား ထိုင်းရဲတပ်ဖွဲ့ကို ဇူလိုင် ၉ ရက်တွင် ထုတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ Bangkok Post သတင်းတွင် ဖော်ပြသည်။အသတ်ခံရသူ ထိုင်းအမျိုးသမီး ဒူရီယန်သည် လျှပ်စစ်ပန်ကာများ ထုတ်လုပ်သည့် Wanavit ကုမ္ပဏီတွင် လုပ်ကိုင်သူဖြစ်ကြောင်း အဆိုပါ ဒေသတွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများက နောက်ပိုင်းတွင် အတည်ပြုပေးခဲ့သည်ဟု သိရသည်။သက်သေများ၏ ရဲတပ်ဖွဲ့ကို ပြောကြားမှုအရ အသတ်ခံရသူ ထိုင်းအမျိုးသမီးနှင့် သတ်ဖြတ်သည်ဟု သံသယရှိသူ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတို့သည် ကုမ္ပဏီတစ်ခုတည်း အလုပ်လုပ်ကြခြင်း ဖြစ်ကြောင်း၊ ဇူလိုင် ၇ ရက် (ကြာသပတေး) ညတွင်လည်း ယင်းနေရာနားရှိ ဆိုင်တစ်ဆိုင်တွင် ဘီယာအတူ သောက်နေသည်ကို တွေ့ရကြောင်း၊ ၎င်းတို့နှစ်ဦး ပြဿနာ အနည်းငယ် ဖြစ်ပွားပြီးနောက် ဆိုင်မှ ည ၁၀ နာရီခွဲခန့်တွင် ဆိုင်ကယ်အတူစီး၍ ထွက်သွားကြကြောင်းနှင့် နောက်တစ်နေ့ နံနက်တွင် ထိုင်းအမျိုးသမီး အလောင်းအား တွေ့ရှိရခြင်း ဖြစ်သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ အသတ်ခံရသူ ထိုင်းအမျိုးသမီးသည် သံသယရှိသူ ရွှေ့ပြောင်းမြန်မာ အလုပ်သမား (၎င်းသည် ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် နေထိုင်သည်ဟု သိရ) နှင့် အချစ်ဇာတ်လမ်း ရှိနေပြီး ထိုင်းအမျိုးသမီး အသတ်ခံရပြီးနောက် လင်မယား နှစ်ယောက်စလုံး ပျောက်ဆုံးနေကြောင်း သတင်းတွင် ဖော်ပြသည်။ထိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး Samroeng က လူသတ်မှုဖြင့် သံသယရှိသူ ရွှေ့ပြောင်းမြန်မာ အလုပ်သမားသည် တရားဝင် အလုပ်လုပ်ခွင့်ဖြင့် နေထိုင်သူဖြစ်ပြီး ယခင်က ပြစ်မှု မရှိကြောင်းနှင့် ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် သံသယရှိသူအား ဖမ်းဆီးရမိရန် အစွမ်းကုန် ကြိုးစားနေကြောင်း ပြောကြားသည်။သို့ရာတွင် သံသယရှိသူ ရွှေ့ပြောင်းမြန်မာ အလုပ်သမားသည် မြန်မာနိုင်ငံသို့ ပြန်သွားခြင်း ဟုတ်၊ မဟုတ်ကိုမူ အာဏာပိုင်များက ပြောကြားခဲ့ခြင်း မရှိကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။