သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် စက်ရုံများ အလုံးစုံ တည်ဆောက်မှု ပြီးစီး၍ စီးပွားဖြစ် လည်ပတ်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းခန့် ဖန်တီးပေးနိုင်မည်

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် စက်ရုံများ အလုံးစုံ တည်ဆောက်မှု ပြီးစီး၍ စီးပွားဖြစ် လည်ပတ်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းခန့် ဖန်တီးပေးနိုင်မည်
Published 6 July 2016
အေးမြတ်မွန်

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် စက်ရုံများ အလုံးစုံ တည်ဆောက် ပြီးစီးကာ စီးပွားဖြစ် လည်ပတ်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းခန့် ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း Myanmar-Japan Thilawa Development limited မှ သိရသည်။လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန်၏ အပိုင်း(က)တွင် Infrastructure ပိုင်းများ တည်ဆောက်ပြီးစီးမှု အခြေအနေမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကာ ကျန်သည့် စက်ရုံများ၏ တည်ဆောက်မှုများ အလုံးစုံ ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းနီးပါး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။“လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်း အတွက်က သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ ဇုန် (က) တစ်ခုလုံးက တည်ဆောက်မှု ပြီးစီးပါပြီ။ ပြီးတယ် ဆိုတာက developer အနေနဲ့ Infrastructure ပိုင်းမှာ ပြီးစီးတာပေါ့။ ရင်းနှီးမြှုပ်နှံသူတွေက ဆောက်တာကတော့ သူတို့အပိုင်းပေါ့။ အဲဒါကတော့ အချိန်ထပ်ပေးရတယ်။ ရင်းနှီးမြှုပ်နှံသူတွေ စက်ရုံ ဆောက်လုပ်တာက တစ်နှစ်၊ တစ်နှစ်ခွဲလောက်တော့ ကြာတတ်ပါတယ်။ အားလုံး စက်ရုံတွေအကုန် အပြည့် ပြီးစီးပြီး စက်ရုံတွေပါ လုပ်ငန်းစလည်ပတ်ရင် အလုပ်အကိုင်ပေါင်း လေးသောင်းလောက် ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု Myanmar-Japan Thilawa Development limited မှ officer and general manager ဦးမြင့်ဇော်က ပြောကြားသည်။လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(က)တွင် အလုပ်အကိုင်ပေါင်း ၈၀၀၀ ကျော် ဖန်တီးပေးထားပြီးဖြစ်ကာ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံသည့် စက်ရုံများမှ တည်ဆောက်ဆဲ ကာလများပါ အပါအဝင်ဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများမှ အလုပ်အကိုင်များ ပါဝင်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၄ ခု၏ ရင်းနှီးမြှုပ်နှံရန် လက်ခံရရှိထားပြီး ဖြစ်ကာ ပြည်ပသို့ တင်ပို့သည့် ထုတ်ကုန် အချိုးအစားအပေါ် မူတည်ကာ Free zone, Promotion zone အဖြစ် အခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ စတင်ကာ ပေးအပ်ထားကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာ ပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေ ဧရိယာ စတုရန်း ကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အဝန်း အားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကိုယ်စား သီလဝါ အထူးစီးပွားရေးဇုန် ကော်မတီမှ ၁၀ ရာခိုင်နှုန်း၊ Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ MMST ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ ဂျပန် အစိုးရ ကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးေ အဂျင်စီက ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မြန်မာ ၅၁ ရာခိုင်နှုန်း ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent