ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည် ၃၂ ဆင့် ခုန်တက်ခဲ့ပြီး အဆင့် ၁၁၃ ရရှိ

ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည် ၃၂ ဆင့် ခုန်တက်ခဲ့ပြီး အဆင့် ၁၁၃ ရရှိ
Published 4 July 2016
ဆိပ်ကမ်းရှင်းလင်းရေး MACCS စနစ်အတွက် အကောက်ခွန်ရုံးတွင် လာရောက်မှတ်ပုံတင်သူ လုပ်ငန်းရှင်များအား တွေ့ရစဉ်

ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင် ရည် ၃၂ ဆင့် ခုန်တက်ခဲ့ပြီး အဆင့် ၁၁၃ ရရှိခဲ့ကြောင်း ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော Logistics Performance Index (LPI) အရ သိရသည်။
ကမ္ဘာ့ဘဏ်၏ LPI  စစ်တမ်းတွင် နိုင်ငံပေါင်း ၁၆၀ ပါဝင်ပြီး နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် စာရင်းတွင် အဆင့် ၁၄၅ ရရှိခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်အတွင်း ထုတ်ပြန်သော စာရင်းတွင် အဆင့် ၁၁၃ အထိ တက်လာခြင်းဖြစ်သည်။ အဆိုပါစစ်တမ်းကို အကောက်ခွန် လုပ်ထုံး လုပ်နည်းများ၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုဆိုင်ရာ သယ်ယူပို့ဆောင်မှု အရည်အသွေး၊ သင်္ဘောတင်ရာတွင် လွယ်ကူလျင်မြန်မှု၊ ကုန်ကျစရိတ် သက်သာမှု စသည့် သင့်တင့်ကောင်းမွန်သော ထောက်ပံ့ပို့ဆောင်မှု အရည်အသွေးများကို အကဲဖြတ်ပေးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ် LPI စစ်တမ်းတွင် အမှတ် ၂ ဒသမ ၄၆ ဖြင့် အဆင့် ၁၁၃ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်တမ်းတွင် ထိပ်ဆုံး ၁၀ နိုင်ငံအတွင်း ပါဝင်သော နိုင်ငံများမှာ ဂျာမနီ၊ လူဇင်ဘတ်၊ ဆွီဒင်၊ နယ်သာလန်၊ စင်ကာပူ၊ ဘယ်လ်ဂျီယမ်၊ သြစတြီးယား၊ ဗြိတိန်၊ ဟောင်ကောင် (တရုတ်)၊ အမေရိကန်တို့ဖြစ်ပြီး အဆင့်အနိမ့်ဆုံး သုံးနိုင်ငံမှာ ဆီးရီးယား၊ ဟေတီနှင့် ဆိုမာလီယာတို့ဖြစ်သည်။
အာဆီယံနိုင်ငံများအနက် စင်ကာပူနိုင်ငံက ကမ္ဘာ့အဆင့်ငါးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး မလေးရှားက အဆင့် ၃၂၊ ထိုင်းက အဆင့် ၄၅၊ အင်ဒိုနီးရှားက အဆင့် ၆၃၊ ဗီယက်နမ်က အဆင့် ၆၄၊ ဘရူနိုင်းက အဆင့် ၇၀၊ ဖိလစ်ပိုင်က အဆင့် ၇၁၊ ကမ္ဘောဒီးယား က အဆင့် ၇၃၊ လာအိုက အဆင့် ၁၅၂ ရရှိခဲ့သည်။ အာဆီယံ နိုင်ငံများအနက် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့က အဆင့်သိသိသာသာ မြင့်တက်လာပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံတို့က ယခင် ၂၀၁၄ ခုနှစ်ထက် အဆင့်များ ကျဆင်းခဲ့သည်။
"ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထောက်ပံ့ပို့ဆောင်မှု အရည်အသွေးနဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ခံစားနေရပါတယ်။ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်တွေက လုပ်ငန်းကွင်း ဆက်တစ်ခုလုံးကို သက်ရောက်မှု ရှိနေပါတယ်" ဟု LPI 2016 စစ်တမ်းက ဆိုသည်။
မြန်မာနိုင်ငံသည် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် သင်္ဘောလိုင်းများ အတင်အချ လျင်မြန်ရေးအတွက် မြန်မာ့အကောက်ခွန် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System- MACCS)နှင့် မြန်မာ့ အကောက်ခွန် ခေတ်မီနည်း စနစ်ဖြင့် ကောက်ခံမှုစနစ် (Myanmar Customs Intelligence System- MCIS) တို့ကို ဂျပန်နိုင်ငံ၏ ငွေကြေးအကူအညီနှင့် ဂျပန်အကောက်ခွန်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေပြီး စနစ်တစ်ခုလုံး စတင်လည်ပတ်နိုင်ရေး စမ်းသပ်ခြင်းကို ၂၀၁၆ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလ အတွင်း ဆောင်ရွက်ရန် စီစဉ်ထားပြီး နိုဝင်ဘာလတွင် အပြည့်အ၀ လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
                                       
 

Most Read

Most Recent