လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ပေးရန် တိုက်တွန်း

လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ပေးရန် တိုက်တွန်း
Published 3 July 2016

လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ပေးရန် တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်ခုကို လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်တွင် ၂၁ ရာစု ပင်လုံညီလာခံကို လီဆူတစ်မျိုးသားလုံးက ကြိုဆိုထောက်ခံကြောင်း၊ ညီလာခံမှ ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး နှင့် နိုင်ငံတော်မှ အကောင်အထည်ဖော်ရန်၊ ညီလာခံတွင် တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှခွင့်ပေးရန်၊  ၂၁ ရာစု ပင်လုံညီလာခံမှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ဒူးလေးပါတီဥက္ကဋ္ဌ  ဦးဆီဖာလာလူးက “ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါတီအနေနှင့် လီဆူတိုင်းရင်းသား အားလုံးရဲ ဒေသအရေး၊ နိုင်ငံရေးအားလုံးကို တင်ပြနိုင်ဖို့အတွက် အချက်အလက်များကို ဆွေးနွေးတိုင်ပင်တဲ့ ညီလာခံပါ။ အများစုက နိုင်ငံရေးပဲ ဆွေးနွေးကြမှာပါ။ ဖက်ဒရယ်ပြည်ထောင်စုမှာ ၁၃၅ မျိုးသော တိုင်းရင်းသားတွေ တန်းတူညီတူ ရှိဖို့အတွက်၊ လူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေ ဖွဲ့မလား၊ ပထဝီကို အခြေခံတဲ့ ပြည်ထောင်စုကို ဖွဲ့မလားဆိုတာကိုလည်း ဆွေးနွေးကြမှာပါ။ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်ကတော့ ပထဝီကို အခြေခံတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ တန်းတူညီတူဖြစ်တာကို ပိုပြီး အားသန်ပါတယ်။ လူမျိုးရေးကို အခြေခံရင် တိုင်းရင်းသား ၁၃၅ မျိုးအတွက် ပိုင်းခြမ်းပြီး လုပ်ရင် ခက်ခဲပါလိမ့်မယ်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ လီဆူတိုင်းရင်းသားတွေက လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီတစ်ခေါက်  ကျွန်တော်တို့ လက်လွတ်ခံလို့ ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ တစ်ပြည်ထောင်စနစ် မဟုတ်ဘဲ တိုင်းရင်းသား ၁၃၅ မျိုး အတူတကွ ယှဉ်တွဲပြီး နေထိုင်ကြတာဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံးဟာ တန်းတူအခွင့်အရေး ရှိရမယ်။ လူမျိုးရေး မုန်းတီးမှုကိုဘေးဖယ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးရေးကိုပဲ ဦးတည်ပြီး သွားရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။လီဆူအမျိုးသားညီလာခံကို ဒူးလေးပါတီမှ ဦးဆောင်၍ ဇူလိုင် ၁ ရက်နှင့် ၂ ရက်တို့ တွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဗက်လင်ဘုရားရှိခိုးကျောင်းတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ဒေသအသီးသီးရှိ ခရစ်ယာန် ဓမ္မဆရာများ၊ ပါတီခေါင်းဆောင်များကို ဖိတ်ကြားခဲ့ပြီး လူ ၄၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။၂၁ ရာစု ပင်လုံညီလာခံအတွက် ကချင်ပြည်နယ်အတွင်း ကချင်တိုင်းရင်းသားပါတီများ၊ ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းသားများ၊ လူမှုအဖွဲ့အစည်းများကလည်း ညီလာခံအတွက် ကြိုတင်ပြင်ဆင် စည်းဝေမှုများ ပြုလုပ်နေကြောင်း သိရသည်။ကချင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆ သိန်းကျော် နေထိုင်ပြီး ကချင်တိုင်းရင်းသား ၃၆ ရာခိုင်နှုန်း၊ ဗမာ ၂၉ ရာခိုင်နှုန်း၊ ရှမ်း၂၄ ရာခိုင်နှုန်း၊   အခြား ၁၁ ရာခိုင်နှုန်းရှိကြောင်း အစိုးရစာ ရင်းအရ သိရသည်။

Most Read

Most Recent