ဖေ့စ်ဘွတ်တွင် ပျံ့နှံ့နေသော ကားဖြင့်အတိုက်ခံရပြီး သေဆုံးခဲ့သည့် ဒုတိယတန်း ကျောင်းသားအမှု တစ်နှစ်ကျော် ကြာမြင့်ပြီးမှ ပြန်လည်စစ်ဆေး

ဖေ့စ်ဘွတ်တွင် ပျံ့နှံ့နေသော ကားဖြင့်အတိုက်ခံရပြီး သေဆုံးခဲ့သည့် ဒုတိယတန်း ကျောင်းသားအမှု တစ်နှစ်ကျော် ကြာမြင့်ပြီးမှ ပြန်လည်စစ်ဆေး
Published 1 July 2016
ကြည်နိုင်

ဖေ့စ်ဘွတ်တွင် ပျံ့နှံ့နေသော ကားဖြင့်အတိုက်ခံရပြီး သေဆုံးခဲ့သည့် ဒုတိယတန်း ကျောင်းသားအမှု တစ်နှစ်ကျော် ကြာမြင့်ပြီးမှ ဇူလိုင် ၁ ရက်တွင် ပြန်လည်စစ်ဆေးခဲ့ကြောင်း သေဆုံးသူ ကျောင်းသား၏ ဖခင်ဖြစ်သူ ဦးအောင်ဇော်ဝင်းထိုက်ထံမှ သိရသည်။ 
 
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနား ကျင်းပရာသို့ ဆွေမျိုးများနှင့် သွားရောက်ခဲ့သော ဒုတိယတန်းကျောင်းသား မောင်ကောင်းခန့်သည် ထိုမှအပြန် ည ၁၀ နာရီခွဲခန့်တွင် ယာဉ်တိုက်ခံရပြီး ဆေးကုသမှု ခံယူနေစဉ် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သိရသည်။ 
 
“အမှုနဲ့ပတ်သက်ပြီး သူတို့ (ရဲ) လုပ်ခဲ့တာ အရမ်းအားနည်းတယ်လို့ မြင်မိတယ်။ အဲဒီနေရာမှာ သူတို့သားသမီး၊ မိသားစုဝင်ထဲ ဖြစ်ကြည့်ရင် အဲဒီယာဉ်မောင်းက ပြေးဖို့နေနေသာ အဲဒီမှာပဲ မိဖို့များပါတယ်။ ကျွန်တော်တို့မှာက ငွေရေးကြေးရေးကလည်း မတတ်နိုင်၊ တောင့်တင်းတဲ့ အသိုင်းအဝန်းကလည်းမရှိ၊ အသိဉာဏ်ကလည်း မရှိတော့ ဝိုင်းပြီးအနိုင်ကျင့်တယ်လို့ ခံစားရတယ်။ အမြန်ဆုံး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးစေချင်ပါတယ်။ ကျွန်တော်သား မတရားခံရတာပါ။ ဗိုလ်ချုပ်ရာပြည့်နေ့ရောက်တိုင်း ကျွန်တော်တို့ မိသားစုရဲ့ ရင်ထဲက အခြေအနေကို ခံစားကြည့်ပေးပါ” ဟု ကလေး၏ဖခင် ဦးအောင်ဇော်ဝင်းထိုက်က ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။ 
 
အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုစစ်အဖြစ် စတင်ကိုင်တွယ် ဆောင်ရွက်သူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်နိုင်ဦးဆိုသူဖြစ်ပြီး ကာယကံရှင်များနှင့် မေးမြန်းမှုများ ပြန်လည်ပြုလုပ်သူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအေးဝင်းဆိုသူဖြစ်ကြောင်း ကလေး၏ ဖခင်ဖြစ်သူက ပြောကြားသည်။ 
 
“အမှုကိုင် ရဲအုပ်ဇော်နိုင်ဦးအနေနဲ့ ကျွန်တော့်ကို ဘာတွေလုပ်ပေးလဲလို့ ဒုရဲမှူးက မေးတယ်။ ကျွန်တော့်ကို ဘာမှလုပ်ပေးတာ မရှိဘူးလို့။ မေးတာတောင် ကောင်းကောင်း မဖြေဘူးလို့ ဖြေလိုက်တယ်။ ဒါပေမဲ့ အသက်အာမခံထုတ်တော့ သူကလက်မှတ်ထိုးပေးတယ်လို့ ပြန်ဖြေခဲ့တယ်။ ဒီနေ့ကျတော့မှ ဒုရဲမှူး ဦးအေးဝင်းနဲ့ တွေ့တယ်။ နေပြည်တော်ကနေ ၂၉ ရက် ရက်စွဲနဲ့ ဒီဖြစ်စဉ်ကို ချပေးတာလို့ ပြောတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အထက်ကို တင်ပြပေးမယ်လို့ပြောတယ်” ဟု ဦးအောင်ဇော်ဝင်းထိုက်က ပြောကြားသည်။ 
 
ယာဉ်တိုက်မှုဖြစ်ခဲ့သော ယာဉ်မှာ SKAT အမျိုးအစား 7G/7985 ဖြစ်ပြီး မြေကြီးသယ်ယာဉ်ဖြစ်ကြောင်း၊ အဆိုပါယာဉ်ကို ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှ ဦးရဲအောင်ဆိုသူမှ ငှားရမ်းခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ယာဉ်မောင်း တင်လင်းနိုင်ဆိုသူကို ထပ်ဆင့်ငှားရမ်းခဲ့ကြောင်း၊ ယခုအခါ ယာဉ်မောင်း တင်လင်းနိုင်မှာ ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ သို့သော် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော မြေကြီးသယ်ယာဉ်ကိုမူ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှ အာမခံပေးထားပြီဖြစ်ကြောင်း ထပ်မံသိရှိရသည်။ 
 
ယာဉ်တိုက်မှု စတင်ဖြစ်ပွားစဉ်က အဆိုပါ မြေသယ်ယာဉ်သည် သေဆုံးခဲ့သော မောင်ကောင်းခန့် အပါအဝင် အခြားလူ ၁၀ ဦးမှ ၁၃ ဦးကိုလည်း တိုက်မိခဲ့ကြောင်း၊ ကျန်သူများတွင် ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး မောင်ကောင်းခန့်မှာ ရရှိသော ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ 
 
ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူးဖြစ်သော ဒုရဲမှူးအေးဝင်းက “ကျွန်တော်တို့က စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ သူ (ကလေး အဖေ) တစ်ယောက်ရယ်၊ နောက်တစ်ယောက်ရယ်ပဲ စစ်ရသေးတယ်။ အကုန်လုံးကို မစစ်ရသေးဘူး။ အကုန်လုံးကို ဆင့်ခေါ်ပြီး စစ်ဆေးရမှာဖြစ်တယ်။ အမှုစစ် စစ်သွားတဲ့အခါမှာ ဘာဟာနေသလဲ ဆိုတာကို ကျွန်တော်တို့က ထပ်ပြီးတော့မှ လိုက်ပြီးတော့ ထောက်ရတာပေါ့ဗျာ။ အမှုစစ်က တရားစွဲတင်ပြီးပြီ။  တရားခံပြေးကို ခြောက်လတိုင်တိုင် လိုက်လံရှာဖွေတယ်။ ခြောက်လပြည့်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေအကြံအတိုင်း တောင်းဖို့အတွက်ကို စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်မှူး အဆင့်ဆင့်တက်ပြီး ဥပဒေရုံးကို ရောက်ရတယ်။ ဥပဒေရုံးကနေ ဒါကိုပိတ်သိမ်းသင့်ပါတယ်ပေါ့။ ဒီလူက ပြေးနေတဲ့အတွက် ကျန်တဲ့ရဲလုပ်ငန်း အားနည်းမှာ စိုးလို့ပေ့ါ။ ဒါကို တရားခံပြေးနဲ့ တရားစွဲဆိုသင့်ပါတယ်လို့ ဥပဒေရုံးကလာမှ ကျွန်တော်တို့က အမှုကို တရားစွဲတင်လို့ရတာ။ အခုက အမှုပိတ်ထားတာ မဟုတ်ပါဘူူး။ ဆိုင်းထားတာပါ” ဟု ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။ 
 
အမှုအား ပုဒ်မ ၃၀၄ (က)၊ ၃၃၈ ၊ ၃၃၇၊ ၂၇၉ နှင့် ကျင့်-၅၁၂ တို့ဖြင့် ယာဉ်မောင်း တင်လင်းနိုင်အား အမှုဖွင့်ထားကြောင်း သိရသည်။