တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပြည်ထောင်စု တည်ထောင်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့်သတ်ချက် မရှိသင့်ကြောင်း ဦးခွန်ထွန်းဦး ပြောကြား

တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပြည်ထောင်စု တည်ထောင်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့်သတ်ချက် မရှိသင့်ကြောင်း ဦးခွန်ထွန်းဦး ပြောကြား
Published 30 June 2016
ဇာလီမြင့်ဦး

တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပြည်ထောင်စု တည်ထောင်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့်သတ်ချက် မရှိသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဇွန် ၃၀ ရက်တွင် ပြောကြားသည်။ 
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC) တို့ပူးပေါင်း၍ မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ဦးခွန်ထွန်းဦးက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးခွန်ထွန်းဦးက "ပြည်ထောင်စုသား အားလုံးမျှော်လင့် တောင့်တတဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်မယ်ဆိုရင် ကြိုတင်ကန့်သတ်ချက် အထူးသဖြင့် စည်းတားထားချက်တွေ မထားရှိဘဲ  လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ခွင့် ရှိရပါမယ်။ မိမိတို့နိုင်ငံ၊ မိမိတို့ လူမျိုးရဲ့ အတိတ်သမိုင်းကြောင်းနဲ့ လက်ရှိဖြစ်တည်နေတဲ့မူများကို ချင့်ချိန်ပြီး တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ အနာဂတ်ပြည်ထောင်စု၊ ပြည်တွင်းအနာဂတ် ပြည်ထောင်စု ထူထောင်ကြရာမှာ အမျိုးသား ရင်ကြားစေ့ရေးရပြီးမှ ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီးမှ နိုင်ငံတော် အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ကြိုတင်ကန့်သတ်ချက်ကို မရှိသင့်ပါဘူး" ဟု ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ရှိလွှတ်တော် သက်တမ်းအတွင်း မြန်နိုင်သမျှ အမြန်ဆုံး လုပ်မည်ဟု ဇွန် ၁၀ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ ရှင်းလင်းပွဲပြုလုပ်ရာတွင် ထည့်သွင်း ပြောကြားထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ မိမိတို့ပြောဆိုသည့် နေရာတွင် တိုင်းပြည်နှင့် လူမျိုး၏ မျက်နှာကိုသာကြည့်၍ အဓိကထား စဉ်းစားသုံးသပ်ပေးရန် အကြံပြုလိုကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘဲ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ဘူး ဆိုသည်ကို လေးလေးနက်နက် နားလည်ခံယူထားရန် လိုအပ်ကြောင်း ဦးခွန်ထွန်းဦးက ပြောကြားသည်။
ထို့ပြင် မိမိတို့၏ နိုင်ငံသမိုင်း၊ မိမိတို့၏ လက်ရှိအခြေအနေ၊ နိုင်ငံ၏ ပြည်တွင်းအခြေအနေ၊ ဒေသတွင်း အခြေအနေ အရပ်ရပ်ကို ချိတ်ဆက်၍ မည်ကဲ့သို့သော ပုံစံမျိုးက ပြည်ထောင်စုအတွက် အသင့်တော်ဆုံးဖြစ်မည် ဆိုသည်ကို ပြည်ထောင်စုကိုချစ်သည့် စိတ်ဓာတ်ကို အခြေခံပြီး ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန်လည်း ဆွေးနွေးပွဲ တက်ရောက်လာသူများကို ဦးခွန်ထွန်းဦးက တိုက်တွန်းပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေအားလုံး ချမ်းချမ်းသာသာနေနိုင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘာမှကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ ရည်ရွယ်ချက် အောင်မြင်အောင်အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့ ကျွန်မအနေနဲ့ ဖိတ်ခေါ်ပါတယ်" ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST (NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့) ခေါင်းဆောင်များနှင့် ဇွန် ၂၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားထားသည်။
ဦးခွန်ထွန်းဦးက "အစိုးရမှာ လျှို့ဝှက်ချက်များ မရှိပါဘူး။ နိုင်ငံသားအားလုံး ချမ်းသာငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ဖို့ပဲ ရှိတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောထားတာနဲ့အညီ ထောက်ရှုပြီး အဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်များကလည်း ဖက်ဒရယ် မူဝါဒဆိုင်ရာ ဝါဒများကို ဖော်ထုတ်ဆွေးနွေး တင်ပြခွင့်ရလာရင် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်မယ်ဆိုရင် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီသည့် တိုင်းရင်းသား အများစုရဲ့ဆန္ဒနဲ့အညီ တရားသဖြင့် ရွေးချယ်ထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ရှိဖို့ လိုအပ်ပါတယ်။ ၎င်းအခြေခံဥပဒေဟာ ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများရဲ့ ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးနိုင်ခွင့် ရှိရမယ်ဆိုတဲ့ အာမခံချက် ပေးနိုင်ရပါမယ်။ အင်အားကြီးသည် ငယ်သည်၊ အဖွဲ့ကြီးသည် သေးသည် ပဓာန မထားဘဲ နိုင်ငံသားအားလုံး တရားဥပဒေရဲ့ စိုးမိုးမှုအောက်မှာ ငြိမ်းချမ်းစွာ အတူနေထိုင် နိုင်ဖို့ဆိုတာ လူမျိုးတစ်မျိုးစီက အစုအဖွဲ့ တစ်ခုဆီက လူတစ်ယောက်နဲ့ တစ်ယောက်ကြား ယုံကြည်မှုကို ဦးစွာယူထားရပါမယ်" ဟု ပြောကြားသည်။
UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၃၀  ရက်မှ ဇူလိုင်၂ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့သို့ UNA အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိသည်။
လက်ရှိတွင် အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးထား ကျင်းပရန် ဆုံးဖြတ်ထားရာ UNA အဖွဲ့ဝင်ပါတီ ၁၂ ပါတီအနက်၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် မွန်အမျိုးသားပါတီတို့က တက်ရောက်ခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ညီလာခံသို့ တက်ရောက်ခွင့်ရသည့် ပါတီများက ကျန် UNA အဖွဲ့ဝင် ပါတီများထံမှ သဘောထားများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် စုစည်းတင်ပြ သွားနိုင်ရန် လုပ်ဆောင်နေ ကြောင်းလည်း UNA အတွင်းရေးမှူးအဖွဲ့မှ သတင်းရရှိသည်။