စိတ်ဓာတ်အခြေခံ

စိတ်ဓာတ်အခြေခံ
Published 30 June 2016
သဲသီရိကျော်

(၁)လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရုပ်သံလိုင်းတစ်ခုမှာ တစ်ခေတ်တစ်ခါက အင်မတန်မှ နာမည်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး တစ်ယောက်နဲ့ တွေ့ဆုံခန်း အစီအစဉ်လာနေတော့ ဘာရယ်မဟုတ်ဘဲ ကြည့်နေလိုက်မိတယ်။ အဲဒီမှာ သူပြောသွားတဲ့ စကားတွေထဲက တချို့စကားတွေက သိပ်မှတ်သားစရာ ကောင်းနေတာနဲ့ အဲ့ဒီ အင်တာဗျူးအစီအစဉ် ပြီးတဲ့အထိ စိတ်ဝင်တစားနဲ့ကို နားထောင်ဖြစ်ခဲ့တယ်။ သူပြောတဲ့စကားတွေထဲက..“လူတစ်ယောက်က အလကားနေရင်းတော့ ထိပ်ဆုံးနေရာကို ရောက်မလာနိုင်ဘူး။သူ့မှာ အရည်အချင်း တစ်ခုခုရှိလို့သာ ရောက်လာတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ထိပ်ဆုံးရောက်နေတဲ့ အရည်အချင်းရှိတဲ့လူတော်တွေ စိတ်ထားမကောင်းရင် သူတို့ကိုယ်တိုင် အတွက်တင်မဟုတ်ဘူး သူတို့ရဲ့ အဝန်းအဝိုင်းမှာရှိတဲ့ လူတွေကိုပါ ဒုက္ခရောက်စေနိုင်တယ်”ဆိုတဲ့ စကား ခုထိကျွန်မနားမှာ ကြားယောင်နေတုန်းပဲ။
(၂)ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စာပေပြိုင်ပွဲတစ်ပွဲ ကျင်းပတော့ အဲဒီပွဲကို သွားကြည့်ဖြစ်ခဲ့တယ်။ အဲဒီမှာ ပြိုင်ပွဲဝင်တွေကို ‘နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လူတော်သည် လူကောင်းထက်ပို၍ အရေးကြီးသည်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ‘နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လူကောင်းသည် လူတော် ထက်ပို၍ အရေးကြီးသည်’ဆိုတဲ့ ခေါင်းစဉ်နှစ်ခု သတ်မှတ်ပေးထားပြီး အဲဒီခေါင်းစဉ် တစ်ခုစီအောက်မှာ အပြန်အလှန် အချေအတင် ပြောဆိုယှဉ်ပြိုင်စေတယ်။ ပြိုင်ပွဲဝင်တွေကလည်း တစ်ဖက်က လူတော်ဘက်ကနေ အကျိုးအကြောင်း အချက်အလက် စုံလင်စွာနဲ့ ယှဉ်ပြိုင်တယ်။ တစ်ဖက်ကလည်း လူကောင်းတွေက လောကကို ပိုအကျိုးပြုတယ်ဆိုတဲ့ဘက်ကနေ ချေပပြောဆို ယှဉ်ပြိုင်တယ်။ပြိုင်ပွဲပြီးတဲ့အခါမှာတော့ လောကမှာ လူကောင်းရော၊ လူတော်ရော အရေးပါတယ်ဆိုပြီး ပြောရင်း အဆုံးသတ်လိုက်ကြတယ်။ တကယ်လည်း လောကမှာ လူတော်တွေချည်းပဲစုပြီး လူကောင်းတွေ မရှိလို့လည်း မဖြစ်ဘူး။ လူကောင်းတော့ ဖြစ်ပါရဲ့ အားလုံးက အရည်အချင်းမရှိတဲ့ ခပ်ညံ့ညံ့လူတွေ ဖြစ်နေလို့လည်း အဆင်မပြေပြန်ဘူး။ ဒီတော့ လူကောင်းရော၊ လူတော်ရောရှိဖို့ အရေးကြီးတာကို လက်ခံတယ်။ လူတစ်ယောက်က တစ်ပြိုင်နက်တည်းမှာ လူတော်ရော၊ လူကောင်းရော ဖြစ်နေရင် သူကိုယ်တိုင်အတွက်ရော လောကအတွက်ပါ တကယ်ကို အဖိုးတန်လွန်းတဲ့သူ ဖြစ်တယ်။ စိတ်ဓာတ် အခြေခံကောင်းရှိတဲ့ လူကောင်းတစ်ယောက်ကို လူတော်တစ်ယောက် ဖြစ်လာဖို့ အချိန်ယူ ပျိုးထောင်ပေးမယ်၊ သူကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ ကြိုးစားလိုက်မယ်ဆိုရင် သိပ်ကိုအဖိုးတန်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ မခဲယဉ်းပါဘူး။ ဒါပေမဲ့ သိပ်ကိုတော်တဲ့ လူတော်တစ်ယောက်ရဲ့ စိတ်ထဲမှာ ယုတ်ညံ့တဲ့ စိတ်ထားမျိုးရှိနေမယ်ဆိုရင် သူ့ရဲ့အတွေးအခေါ်တွေက အစွန်းရောက်ပြီး မှားယွင်းနေမယ်ဆိုရင် အမှားကိုသိရင် အမှန်ပြင်လို့ရပေမယ့် ငါဆိုတဲ့အတ္တစွဲနဲ့ ကိုယ့်အရည်အချင်းတွေပေါ် အထင်ကြီးစိတ်ဝင်ပြီး အတ္တစိတ်နဲ့ လုပ်ချင်ရာလုပ်လိုက်မယ်ဆိုရင် သူ့အတွက်တင်မဟုတ်ဘဲ သူနဲ့သက်ဆိုင်တဲ့ အဝန်းအဝိုင်းတစ်ခုလုံးကို အများကြီး ထိခိုက်ဆုံးရှုံးစေနိုင်ပါတယ်။
(၃)‘စိတ်ထားကောင်းဖို့ ပထမ’လို့ ဆရာတော်ကြီးတစ်ပါးက ဆုံးမဖူးပါတယ်။ တခြားအရည်အချင်းတွေတော့ ရှိပါရဲ့ စိတ်နေစိတ်ထားမှာတော့ ယုတ်ညံ့နေမယ်ဆိုရင် အဲဒီလူက သာမန်လူတစ်ယောက်ဆိုရင် သိပ်မသိသာပေမယ့် ပညာတတ်တစ်ယောက်၊ ရာထူးအာဏာ လုပ်ပိုင်ခွင့်ရှိတဲ့ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခု၊ လုပ်ငန်းတစ်ခုခုမှာ ဦးစီးဦးဆောင်လုပ်နေရတဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ သိပ်ကိုအန္တရာယ် ကြီးလွန်းပါတယ်။သူ့ရဲ့ တခြားကိုယ်ပိုင်အရည်အချင်းတွေကြောင့် သူက ထိပ်ဆုံးနေရာကို ရောက်နေရပေမယ့် သူ့အတ္တအတွက်ပဲ သူသိမယ်၊ ဖို့တစ်ဖို့အတွက်သာကြည့်တဲ့ တခြားသူတွေကို ကိုယ်ချင်းမစာတတ်တဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုရင်၊ သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ အာဏာအပေါ် အသုံးချပြီး တခြားသူတွေရဲ့ စိတ်ခံစားမှုတွေ၊ အကြံဉာဏ်တွေကို ဂရုမထားဘဲ ငါတကောကောပြီး လုပ်ချင်ရာလုပ်မယ်ဆိုရင်၊ အငြိုးအတေး၊ အာဃာတတွေ၊ မာန်မာနတွေအပေါ် အခြေခံပြီး ဘဝကို တည်ဆောက်မယ်ဆိုရင်၊ ကိုယ်နဲ့အဆင်ပြေ ပနံသင့်တဲ့သူဆို တစ်မျိုး၊ အဆင်မပြေတဲ့သူဆို တစ်မျိုးလုပ်မယ်၊ ငါသာ အတော်ဆုံး၊ ငါသာ ထိပ်ဆုံးနေရာမှာဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ တခြားသူတွေဘ၀ ပျက်စီးအောင် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချလို့ ဖျက်ဆီးမယ်ဆိုရင် သူရထားတဲ့ နေရာတစ်ခုနဲ့ ထိုက်တန်တဲ့ တခြားအရည်အချင်းတွေ ရှိပေမယ့်လည်း တကယ့်အတွင်းစိတ် အရည်အချင်းကတော့ နိမ့်ကျလွန်းနေတဲ့အတွက် အချိန်တစ်ခု ရောက်တဲ့အခါ သူကိုယ်တိုင်အတွက်ရော၊ သူ့ပတ်ဝန်းကျင်မှာပါ မလိုလားအပ်တဲ့ ဒုက္ခတွေ၊ ဆုံးရှုံးမှုတွေနဲ့ ထိခိုက်မှုတွေ ရှိလာမှာပဲ ဖြစ်ပါတယ်။
(၄) လူချင်းအတူတူပါပဲ။ကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှု အရည်အချင်းလည်း ရှိနေတဲ့ လူချင်းတူရင်တောင် စိတ်ဓာတ်က ဘယ်သူပိုတန်ဖိုးရှိလဲဆိုတဲ့ သူတို့ရဲ့တကယ့် အရည်အချင်းစစ်ကို ဆုံးဖြတ် ပေးသွားနိုင်ပါတယ်။
‘ဟစ်တလာ’လို့ဆိုလိုက်ရင် အားလုံးက သိပြီးဖြစ်မှာပါ။ တကယ့်ကို ဆင်းရဲမွဲတေတဲ့ ဘဝကနေ နိုင်ငံရဲ့ အထွတ်အထိပ် နေရာထိ ရောက်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့အရည်အချင်းတွေကို သူ့ရဲ့မကောင်းတဲ့စိတ် အခြေခံပေါ်မှာပါ အသုံးချခဲ့တဲ့အတွက် ဟစ်တလာက နာမည်ဆိုးနဲ့ ကျော်ကြား ခဲ့ရပါတယ်။ အငြိုးအတေး၊ အာဃာတနဲ့ နာကြည်းစိတ်တွေပေါ် အခြေခံပြီး သူလုပ်ဆောင်ခဲ့သမျှတွေဟာ သူကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ တတိယဂျာမနီနိုင်ငံတော်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေရုံသာမကဘဲ သူကိုယ်တိုင်နဲ့ သူ့ရဲ့နောက်လိုက်တွေပါ မရှုမလှ ဇာတ်သိမ်းခဲ့ကြရပါတယ်။
‘အေဗရာဟင်လင်ကွန်း’ လို့ဆိုလိုက်ရင်လည်း တောထဲမှာ သစ်လုံးတဲနဲ့နေရတဲ့ ဆင်းဆင်းရဲရဲ လူတစ်ယောက်ဘဝကနေ နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့သူဆိုတာ လူတော်တော်များများ သိပြီးသားဖြစ်မှာပါ။ သူကလည်း သူရှင်သန်ကြီးပြင်းခဲ့ရတဲ့ ဆင်းရဲသား၊ အနှိမ်ခံဘဝကနေ လွတ်မြောက်အောင် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားနိုင်ခဲ့သူပါပဲ။ အတန်းပညာတွေ မတတ်မြောက်တဲ့သူက အပြင်စာတွေကို ကိုယ်တိုင်ကြိုးစားရှာဖွေ ဖတ်ရှုရင်း သူ့ရဲ့စိတ်ဓာတ်နဲ့ အသိဉာဏ်တွေကို ရင့်သန်စေခဲ့ပါတယ်။ သူ့ရဲ့အရည်အချင်းတွေကြောင့် နိုင်ငံ့ခေါင်းဆောင်နေရာကို ရောက်ရှိလာချိန်မှာလည်း ကောင်းမွန်တဲ့ စိတ်ထားနဲ့ အုပ်ချုပ်တဲ့အတွက် သူက နာမည်ကောင်းနဲ့ ကျော်ကြားသူတစ်ယောက်အဖြစ် ဒီကနေ့တိုင်အောင် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ခံထားရသူလည်း ဖြစ်ပါတယ်။
(၅)အောက်ခြေဘဝကနေ ကိုယ်တိုင်ကြိုးစား အားထုတ်မှု၊ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အထွတ်အထိပ်နေရာကို တက်လှမ်းနိုင်ခဲ့တာချင်း တူပေမယ့်လည်း သူတို့ရဲ့ စိတ်နေစိတ်ထားတွေက သူတို့ကို သတ်မှတ်တဲ့ အဆင့်အတန်းချင်း ကွာခြားသွားစေခဲ့ပါတယ်။ လူတော်ချင်း တူပေမယ့်လည်း သူကိုယ်တိုင်နဲ့ တခြားသူတွေအပေါ်ကို အကျိုးပြုနိုင်တာချင်းတော့ ကွာခြားသွားတယ်။ ကိုယ့်ရဲ့အရည်အချင်းတွေကို ကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်တွေပေါ်မှာ အသုံးချနိုင်မှသာ တကယ်အရည်အချင်းရှိတဲ့သူ၊ တန်ဖိုးရှိတဲ့သူ၊ သူ့ရဲ့အရည်အချင်းတွေကို ပိုပြီးတောက်ပြောင်လာအောင် အရောင်တင်နိုင်တဲ့သူ၊ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ လူတစ်ယောက် ဖြစ်နိုင်ပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်ရဲ့အရည်အချင်းတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေကို မကောင်းတဲ့စိတ်ပေါ်အခြေခံပြီး တလွဲအသုံးချမယ်ဆိုရင်တော့ ကိုယ်တိုင်အတွက်သာမကဘဲ ကိုယ်နဲ့သက်ဆိုင်တဲ့ အဝန်းအဝိုင်းအတွက်ပါ များစွာထိခိုက်နစ်နာစေမှာပါ။ အထူးသဖြင့် အောက်ခြေမှာရှိနေတဲ့သူတွေထက် ဦးဆောင်သူတွေ၊ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့သူတွေ၊ လူအများက အားကျစံထားရတဲ့သူတွေ၊ လူတော်တွေက ပိုပြီးတော့တောင် စိတ်ဓာတ်အဆင့်အတန်း မြင့်မားနေဖို့ လိုပါတယ်။ ကိုယ်ချင်းစာနာစိတ်၊ ကောင်းမွန်တဲ့ စိတ်ထားတွေနဲ့ မှန်ကန်တဲ့ အတွေးအခေါ်တွေပေါ် အခြေခံပြီး အုပ်ချုပ်မှ၊ ဦးဆောင်မှသာ သာယာအေးချမ်းပြီး မျှတတဲ့၊ အောင်မြင်တဲ့ အဝန်းအဝိုင်းတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခု ဖြစ်လာမှာပါ။ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာကို အဲ့ဒီလူရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်က ဆုံးဖြတ်ပေးနိုင်ပါတယ်။ လူတိုင်းအတွက် စိတ်ဓာတ် အခြေခံကောင်းဖို့က သိပ်ကို အရေးကြီးပါတယ်။ လောကမှာ လူတော်ရော၊ လူကောင်းရော အရေးပါပါတယ်။ဒါပေမဲ့ အရမ်းတော်တဲ့ လူတော်တွေ စိတ်ထားမကောင်းရင်၊ သူတို့ရဲ့ အရည်အချင်းတွေကို မှန်ကန်စွာ အသုံးမချနိုင်ရင် လောကအတွက် ပိုမို ထိခိုက်နစ်နာစေပါတယ်။ သာမန်လူတွေ စိတ်ဓာတ်အင်အား ချို့တဲ့တာထက် တကယ်ကို အရည်အချင်းရှိတဲ့ ပညာတတ်တွေ၊ အောင်မြင်ကျော်ကြားနေတဲ့ သူတွေ ၊လူတော်တွေ၊ ထိပ်ဆုံးရောက်နေသူတွေ၊ ဦးဆောင်သူတွေ၊ လုပ်ပိုင်ခွင့်အာဏာ ပါဝါရှိတဲ့ သူတွေရဲ့ စိတ်ဓာတ်တွေ ချို့ယွင်းနေရင်တော့ အားလုံးအတွက် ပိုပြီးတော့အန္တရာယ် ကြီးပါတယ်။ ဒါကြောင့် ဥယျာဉ်မှူးတွေ ဖြစ်ကြတဲ့ မိဘ၊ ဆရာသမားတွေကလည်း ကိုယ့်သားသမီးကို လူတော်တွေဖြစ်အောင်လည်း ပြုစုပျိုးထောင်ကြသလို လူကောင်းတွေ ဖြစ်အောင်လည်း ငယ်စဉ်ကတည်းက ဆုံးမပြောဆိုရင်း စနစ်တကျ ပျိုးထောင်ပေးသင့်ပါတယ်ဆိုတာ ပြောကြားရင်း အခုချိန်ကစပြီး ကောင်းမွန်တဲ့ စိတ်ဓာတ်လေးတွေနဲ့သာ အားလုံးအတူတူ ရှေ့ဆက်ကြရအောင်ပါ။

Most Read

Most Recent