နှစ်နိုင်ငံ အကြား နယ်နိမိတ် ပြန်လည် တိုင်းတာရန် မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။နှစ်နိုင်ငံအကြား နယ်နိမိတ်တိုင်းတာရေး လုပ်ငန်းများကို ပြန်လည် စတင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဖက် ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် ‘နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာရေး ကိစ္စအား ယခင်အစိုးရ အဆက်ဆက် လက်ထက်က ပြန်လည် စတင်နိုင်ခဲ့ခြင်း မရှိဘဲ အစဉ်တစိုက် ရွှေ့ဆိုင်းထားခဲ့ရာမှ ယခု ခရီးစဉ်အတွင်း နောင်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် အနာဂတ်ကို ထားရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံအကြား နယ်နိမိတ်တိုင်းတာရေး လုပ်ငန်းများကို ပြန်လည် စတင်သွားကြရန် နှစ်ဖက်ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာအစိုးရ အနေဖြင့် နယ်နိမိတ်တိုင်းတာရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နိုင်ရန် ပူးတွဲနယ်နိမိတ်ကော်မတီ အစည်းအဝေး (Joint Boundary Committee- JBC) ကို မြန်မာနိုင်ငံတွင် ခေါ်ယူကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်သို့ သံတမန်လမ်းကြောင်းမှ တစ်ဆင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်’ ဟု ဖော်ပြထားသည်။မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်ထိစပ်မှုသည် မိုင် ၁၃၀၀ ကျော် (၁၃၀၉ ဒသမ ၈ မိုင်) ရှိပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်း တိတိကျကျ တိုင်းတာခဲ့သည်မှာ ၃၆ မိုင်သာ ရှိသေးကြောင်း သိရသည်။“အင်္ဂလိပ် လက်ထက်မှာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ တိုင်းခဲ့တဲ့ နယ်နိမိတ်ကို အခု ကျွန်တော်တို့ အစိုးရ လက်ထက်မှာ အတိအကျ ကွင်းဆင်းပြီး တိုင်းတဲ့ သဘောမျိုးပါ။ ချက်ချင်းတော့ လုပ်လို့ မရသေးဘူး။ ဒီအတွက် အစည်းအဝေးတစ်ခု ခေါ်ရမယ်။ အဲဒီ အစည်းအဝေး ခေါ်ပြီးမှ ကျန်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လုပ်ရမယ်။ ဒါပေမဲ့ လိုအပ်မယ့် ဟာတွေတော့ ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်။ အတိအကျ ဘယ်တော့စမယ် ဆိုတာကတော့ အစည်းအဝေးပြီးမှ ပြောလို့ရပါမယ်။ အစည်းအဝေးကို ဒီနှစ်ထဲမှာခေါ်ဖို့ လုပ်နေပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ ပြီးသွားတာနဲ့ တစ်ပြိုင်နက် ကာလတစ်ခု သတ်မှတ်မယ်ပေါ့။ များသောအားဖြင့်ကတော့ ပွင့်လင်းရာသီမှာ လုပ်လေ့လုပ်ထ ရှိပါတယ်။ လုပ်မယ့်သူတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ Resource တွေပေါ်မှာ မူတည်ပြီးတော့ ဒီနှစ်ထဲမှာလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဒီဘတ်ဂျက်နှစ် ပြီးမှလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။လက်ရှိ မြန်မာ-ထိုင်း နယ်နိမိတ် အလျားသည် အင်္ဂလိပ်ခေတ် လက်ထက်က တိုင်းတာခဲ့သည့် အတိုင်းအတာ တစ်ခုဖြစ်ပြီး ယခု အချိန်တွင် ပြန်လည် တိုင်းတာပါက အထိုက်အလျောက် အနည်းအကျဉ်း ကွာဟမှု ရှိနိုင်ကြောင်း ဦးကျော်ဇေယျက ဆက်လက် ပြောကြားသည်။
နှစ်နိုင်ငံ အကြား နယ်နိမိတ်ပြန်လည် တိုင်းတာရန် မြန်မာ-ထိုင်း သဘောတူ
Most Read
Most Recent
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago