တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ သည် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ရာ လာမည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆွေးနွေးပွဲ အပြီးတွင် ပြောကြားသည်။ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျွန်တော်တို့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့နဲ့ တရားဝင် ပထမအကြိမ် တွေ့တယ် ဆိုတော့ တပ်မတော်ဘက်ကလည်း ကျွန်တော်တို့ အဖွဲ့အပေါ်မှာ အသိအမှတ် ပြုတယ်ဆိုတဲ့ ဟာကို ကောက်ချက်ချလို့ ရတာပေါ့။ ဒီ အသိအမှတ်ပြုမှု အပေါ်မှာ လာမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ အတွက်ကိုလည်းပဲ တစ်ပါတည်း ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တပ်မတော်ကလည်း အပြည့်အ၀ ပံ့ပိုးသွားမယ် ဆိုတာ ကျွန်တော်တို့ ညှိနှိုင်းတဲ့ သဘောပါပဲ” ဟု ပြောကြားသည်။NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ အနေဖြင့် NCA တွင် ပါဝင် လက်မှတ်ထိုးနိုင်ရန် အမြဲတမ်း တံခါးဖွင့်ထားသည် ဆိုသည့် မူအပေါ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရပ်တည်ကြောင်း၊ လက်မှတ် မထိုးသည့် အဖွဲ့များ အနေဖြင့် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး၊ အစိုးရ ယန္တရားများကို အနှောင့်အယှက် မဖြစ်ဘူး ဆိုပါက တိုက်ရန် ရည်ရွယ်ချက် မရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။အဆိုပါ တွေ့ဆုံပွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန်၌ ဇူလိုင်လအတွင်း ကျင်းပနိုင်မည့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုံညီ အစည်းအဝေးနှင့် ပတ်သက်ပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အကူအညီများ ပေးရန် တိုင်းရင်းသား ခေါင်းဆောင်များဘက်က တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ တိုင်းရင်းသား အပစ်ရပ်နဲ့ အပစ်မရပ် အချင်းချင်း တွေ့ဖို့ မိုင်ဂျာယန်ပွဲတွေ ကိစ္စကိုလည်းပဲ လုံခြုံရေး လမ်းပန်းဆက်သွယ်ရေး အကူအညီပေးဖို့တော့ ကျွန်တော်တို့ ပြောထားတာတော့ ရှိပါတယ်။ အဲဒါလည်း သဘောတူပါတယ်။ အတတ်နိုင်ဆုံး အကူအညီ ပေးသွားဖို့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။PPST အဖွဲ့ဝင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကလည်း “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ NCA အပေါ်မှာ ယုံကြည်တယ်။ ဒီမိုကရေစီ လမ်းကြောင်းကို သွားတဲ့ အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ပါဝင်နေတယ်။ အဲဒါကြောင့် ယုံကြည်တဲ့အတိုင်း ကူညီ ပံ့ပိုးပေးမယ်ဆိုတာ ပြောတယ်။ NCA ကို လက်မှတ်ထိုးပြီးတော့ ၂၁ ပင်လုံကို သွားတာ ပိုကောင်းတယ်။ NCA ကို ယုံယုံကြည်ကြည်နဲ့ လုပ်နေတယ်။ အဲဒါ NCA ကိုယုံဖို့ လိုတယ်။ လက်မှတ် မထိုးတဲ့ အဖွဲ့တွေကိုလည်း အမြဲတမ်း ဖိတ်ခေါ်ပါတယ်။ အဲဒီလိုပုံစံမျိုး ပြောတယ်လေ သူက” ဟု ပြောကြားသည်။“ကျွန်တော်ကလည်း ပြောတယ်။ နိုင်ငံတကာ ရေစီးကြောင်းနဲ့ မျက်မှောက် အခြေအနေမှာ ပေါင်းစပ်ပြီးတော့ NCA ဖြစ်ပေါ်လာတဲ့အထိ တပ်မတော် ပါဝင်လာတာဟာ ဒီမိုကရေစီ ဖြစ်ပေါ်ဖို့အတွက် သမိုင်းစာမျက်နှာတစ်ခု ဖြစ်တယ်လို့ ကျွန်တော် အဲဒီလို ပြောခဲ့တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။PPST အဖွဲ့သည် ဇွန် ၂၈ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ တွေ့ဆုံ၍ ညီလာခံ ကျင်းပမည့် အချိန်ဇယား၊ NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်လာရေး၊ ပင်လုံဆိုင်ရာ ဖွင့်ဆိုချက်များ၊ (ပင်လုံ စာချုပ်၊ ပင်လုံ ကတိကဝတ်၊ ပင်လုံ စိတ်ဓာတ်)၊ NCA အပါအဝင် သဘောတူညီချက် အကောင်အထည်ဖော်ရေး ကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပြည်တွင်း၊ ပြည်ပ ထောက်ပံ့ ကူညီမှုများ စသည်တို့ကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို သြဂုတ်လ မကုန်မီ စတင်ကျင်းပနိုင်ရန် သဘောတူခဲ့သည်။ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် PPST အဖွဲ့ အနေဖြင့် ယခု ခရီးစဉ် အတွင်း၌ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတော် သမ္မတက အချိန် မအားလပ်၍ တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း ခိုင်စိုးနိုင်အောင်က ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေး