နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန် မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး ဆောင်ရွက်မည်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန် မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး ဆောင်ရွက်မည်
Published 29 June 2016
မင်းသီဟဇော်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန် လုပ်ငန်း ထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည် စိစစ်နိုင်ရေး၊ လုပ်ငန်း ထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်း လည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများမှ ဆက်စပ် လုပ်ငန်းများနှင့် ဈေးကွက်သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့ နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ထုတ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှု မူဝါဒများ လိုအပ်ခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည်။ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာ အားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများကို ဖက်စပ် လုပ်ကိုင်ခွင့် ပေးခြင်း (JV)၊ စီးပွားရေး ကတိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC)၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့် နည်းလမ်း အမျိုးမျိုးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။လက်ရှိ ဘဏ္ဍာနှစ်တွင် စက်မှု၊ လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့် ခရီးသွား၊ သတ္တု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ရာ အဆောက်အအုံနှင့် အခြား ဝန်ဆောင်မှု စသည့် ကဏ္ဍ ၁၀ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၉၅၈ ဒသမ ၀၅၀ သန်း ဝင်ရောက်လာရန် လျာထားကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာ တစ်ဘီလျံကျော် ပိုမို ဝင်ရောက်ခဲ့ကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Most Read

Most Recent