ဆက်သွယ်ရေး တာဝါတိုင် ၉၀၀ ကျော် တည်ဆောက်မည့် မလေးရှားအခြေစိုက် OCK Group အတွက် ပြည်တွင်း၌ လုပ်ကိုင်ခွင့် ရရှိထားသည့် နိုင်ငံခြားဘဏ် လေးခုမှ ဒေါ်လာသန်း ၄၀ ကျော် ထုတ်ချေးခဲ့ကြောင်း OCK Group Berhad မှ သိရသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် (နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဌာန) ဦးဝင်းသော် “ပထမဆုံးအကြိမ် ခွင့်ပြုတာပါ။ 2016 Financial Institution Law မှာ Investor တွေအတွက် အများကြီး ဖြေလျှော့ပေးထားတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေက ရင်းနှီးမြှုပ်နှံငွေ လိုအပ်တယ်။ ချေးငွေ ပေးအပ်ခြင်းက ချေးတဲ့သူအတွက် စွန့်စားမှုမျိုး လုပ်နိုင်သလို ငွေကို လက်ခံရရှိတဲ့ ကုမ္ပဏီ အတွက်လည်း သူ့လုပ်ငန်းတွေကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်နိုင်ပါတယ်။ အကျိုးဆက်က Telecommunication ဆိုင်တဲ့ အတွက်ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ Infrastructure ကို ထောက်ပံ့ပေးတာပါ။ အခု နောက်ပိုင်း ဥပဒေအရ ဖြေလျှော့ပြီးတော့ လုပ်ပေးတဲ့ အတွက်ကြောင့် Syndicated Loan ကို ဘဏ်လေးဘဏ်နဲ့ OCK နဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီလိုပဲ ဘဏ်တွေ အသီးသီးက သူတို့ရဲ့ စိတ်ချ ယုံကြည်လို့ ရတဲ့ Client တွေ ရှိလာပြီ ဆိုရင် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ယူစရာ မလိုပါဘူး။ ဥပဒေအရ Syndicated Loan ကို ယူလို့ ရပါတယ်” ဟု ပြောကြားသည်။ချေးငွေဒေါ်လာ သန်း ၄၀ ကျော်အား OCBC ဘဏ်၊ May ဘဏ်၊ UOB ဘဏ်နှင့် Bangkok ဘဏ်တို့မှ OCK Group Berhad အား မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး တာဝါတိုင် လုပ်ငန်းအတွက် သတ်မှတ်ထားသော အတိုးနှုန်းဖြင့် ထုတ်ချေးခြင်းဖြစ်သည်။OCK Group Berhad အနေဖြင့် မြန်မာနိုင်ငံ အနှံ့တွင် ဆက်သွယ်ရေး မြေစိုက်တာဝါတိုင် ၉၂၀ ဆောက်လုပ်သွားမည်ဖြစ်ပြီး မြေပြင် အနေအထားပေါ် မူတည်၍ ၃၅ မီတာ၊ ၄၅ မီတာနှင့် ၅၅ မီတာ အမြင့်ရှိ တာဝါများကို တည်ဆောက်သွားမည်ဖြစ်သည်။OCK Group Berhad မှ တာဝန်ရှိသူ တစ်ဦးက တာဝါတိုင်များ တည်ဆောက်ပြီး ငှားရမ်းပေးနိုင်ရန်အတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ စတင်၍ တယ်လီနော ကုမ္ပဏီနှင့် ၁၂ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ မြေနေရာနှင့် ပတ်သက်၍ ခွင့်ပြုချက် ရယူ ဆောင်ရွက်ပြီးပါက လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်မည့် မလေးရှား OCK Group ကို နိုင်ငံခြားဘဏ် လေးခုမှ ဒေါ်လာသန်း ၄၀ ကျော် ထုတ်ချေး










