ရှယ်ယာတစ်စု ၁၃၅ ကျပ်သာ အမြတ်ပေးနိုင်ကြောင်း နှစ်ပတ်လည်အစီရင်ခံစာ ထွက်ပြီးနောက် စတော့အိတ်ချိန်းတွင် FMI ရှယ်ယာဈေး လေးလအတွင်း အနိမ့်ဆုံး ကျဆင်းသွားပြီး အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေး၏ ထက်ဝက်အောက် ရောက်ရှိကာ သီလဝါရှယ်ယာဈေးလည်း ဆက်လက်ကျဆင်းနေ

ရှယ်ယာတစ်စု ၁၃၅ ကျပ်သာ အမြတ်ပေးနိုင်ကြောင်း နှစ်ပတ်လည်အစီရင်ခံစာ ထွက်ပြီးနောက် စတော့အိတ်ချိန်းတွင် FMI ရှယ်ယာဈေး လေးလအတွင်း အနိမ့်ဆုံး ကျဆင်းသွားပြီး အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေး၏ ထက်ဝက်အောက် ရောက်ရှိကာ သီလဝါရှယ်ယာဈေးလည်း ဆက်လက်ကျဆင်းနေ
Published 28 June 2016
ဖြိုးဝေ

ရှယ်ယာတစ်စု ၁၃၅ ကျပ်သာ အမြတ်ပေးနိုင်ကြောင်း နှစ်ပတ်လည်အစီရင်ခံစာ ထွက်ပြီးနောက် စတော့အိတ်ချိန်းတွင် FMI ရှယ်ယာဈေး လေးလအတွင်း အနိမ့်ဆုံး ကျဆင်းသွားပြီး အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေး၏ ထက်ဝက်အောက် ရောက်ရှိကာ သီလဝါရှယ်ယာဈေးလည်း ဆက်လက်ကျဆင်းနေ
 
FMI  (First Myanmar Investment Co.,Ltd) အများပိုင်ကုမ္ပဏီ၏ ယမန်နှစ် ဘဏ္ဍာနှစ်အတွင်း ရှယ်ယာ တစ်စုလျှင် ၁၃၅ ကျပ်သာ အမြတ်ပေးနိုင်ကြောင်း နှစ်ပတ်လည် အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် FMI ရှယ်ယာဈေးနှုန်းများ စံချိန်တင် ကျဆင်းကာ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ ၏ ထက်ဝက်သာ ရှိတော့ပြီး သီလဝါရှယ်ယာများသည်လည်း ရှယ်ယာ တစ်စုလျှင် ကျပ် ၄၇၀၀၀ သာ ဈေးနှုန်းဖြစ်ပေါ်နေကာ အဖွင့်ဈေးအောက် ရောက်ရှိနေပြီဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည့် စတော့အိတ်ချိန်း၏ ဈေးကွက်ဈေးနှုန်းများအရ သိရသည်။
 
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း FMI  (First Myanmar Investment Co.,Ltd) အများပိုင်ကုမ္ပဏီသည် ဝင်ငွေ ကျပ် ၁၁၀ ဘီလျံကျော် ရရှိခဲ့သော်လည်း အသားတင် အမြတ်နှင့် ရှယ်ယာတစ်စု ဝင်ငွေ ရာခိုင်နှုန်း ၈၀  ကျော် ကျဆင်းခဲ့ကြောင်း ဇွန် ၂၇ ရက်တွင် ထုတ်ပြန်သော ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။
 
ကုမ္ပဏီအုပ်စု တစ်ခုလုံး၏ ဝင်ငွေသည် ယခင်ဘဏ္ဍာနှစ်ထက်  ရာခိုင်နှုန်း ၂၃၀ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာပြီး ကျပ် ၁၁၀ ဒသမ ၀၂၄  ဘီလျံကျော် ရှိခဲ့ကာ အသုံးစရိတ်မှာလည်း ယခင်နှစ်ထက် ၁၄၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာရာ ကျပ် ၃၆ ဒသမ ၄၅၄ ဘီလျံ အထိ ကုန်ကျခဲ့သည်။ 
 
ထို့အတူ လုပ်ငန်းလည်ပတ်ခြင်းများမှ အမြတ် (ကျပ်၂ ဒသမ ၅၉၉ ဘီလျံ၊ ယခင်နှစ်ထက် ၈၁ ဒသမ ၁ ရာခိုင်နှုန်းလျော့ကျ)၊ လုပ်ငန်းလည်ပတ်ခြင်း မဟုတ်သော အမြတ် (ကျပ် ၇ ဒသမ ၉၁၅ ဘီလျံ၊ ယခင်နှစ်ထက် ၈၆ ဒသမ ၉ ရာခိုင်နှုန်းလျော့ကျ)နှင့် အစုစပ်ကုမ္ပဏီများ မှ  အမြတ် (၃ ဒသမ ၉၆၁ ဘီလျံ၊ ယခင်နှစ်ထက် ၇၄ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျ) များမှာ ယခင်နှစ်ထက် ကျဆင်းခဲ့သည်။ 
ထိုသို့ ကျဆင်းခဲ့ခြင်းကြောင့် ၂၀၁၅-၂၀၁၆  ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီတစ်ခုလုံး၏ အသားတင်အမြတ် ကျပ် ၈ ဒသမ ၉၁၆ ဘီလျံသာ ရရှိခဲ့သည်။ ရှယ်ယာတစ်စု ဝင်ငွေရရှိမှုမှာ ကျပ် ၄၀၇၀၀၀ ဖြစ်ပြီး ရှယ်ယာတစ်ခုအတွက် အမြတ်ဝေစုရရှိမှုမှာ ၁၃၅ ကျပ်ဖြစ်ကာ အမြတ်ငွေ ထုတ်ယူရမည့်ရက်ကို ထပ်မံ အသိပေးမည် ဖြစ်သည်။
 
ရှယ်ယာတစ်စုလျှင် ကျပ် ၂၇၀၀၀ ဖြင့် မတ် ၂၅ ရက် စတင် ရောင်းချခဲ့သည့် FMI ရှယ်ယာများသည် စတင်ဖွင့်စအချိန်တွင် ဈေးကစားသူများ မြတ်မည်ထင်၍ ဝယ်ယူသူများ နှင့် ဈေးကွက်၌ သုံးလခန့်အတွင်း ကျပ် ၃၅ ဘီလျံဖိုးခန့်အထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအဝယ်ပြုရန် FMI  တင်သွင်းခဲ့သော အစုရှယ်ယာများမှာ ရှယ်ယာတစ်စုလျှင်  ကျပ် ၁၀၀၀ သာ တန်ဖိုးရှိသည့် ရှယ်ယာပေါင်း ၂၃၄၈၀၀၁၃ စုသာ ရန်ကုန်စတော့အိတ်ချိန်း တွင် အရောင်းအဝယ်ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
 
ကျပ် ၁၀၀၀ တန် ရှယ်ယာများနှင့် စာရင်းတင်ခဲ့သည့် FMI ရှယ်ယာများမှာ  စတင်ရောင်းချစဉ်  ရှယ်ယာတစ်စုလျှင် ကျပ် ၃၁၀၀၀ နှင့် ရောင်းချခဲ့ပြီး အမြင့်ဆုံးအဖြစ် ကျပ် ၄၁၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးကစားမှုများအား အရေးယူမည်ဆိုပြီးနောက် ဈေးကစားသူများ လျော့နည်းသွားကာ ရှယ်ယာတစ်စုလျှင် ကျပ် ၂၇၀၀၀ ဝန်းကျင်၌ ဈေးနှုန်း ငြိမ်သက်နေသဖြင့် အဆိုပါ တန်ဖိုးသည် တည်ငြိမ်သည့် ရှယ်ယာတန်ဖိုးဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့သော်လည်း FMI  (First Myanmar Investment Co.,Ltd) အများပိုင်ကုမ္ပဏီ၏ ယမန်နှစ် ဘဏ္ဍာနှစ်အတွင်း ရှယ်ယာတစ်စုလျှင် ၁၃၅ ကျပ်သာ အမြတ်ပေးနိုင်မည်ဟု မထုတ်ပြန်မီ ဇွန် ၂၄ ရက်က ရှယ်ယာတစ်စု ၂၅၀၀၀ မှ  ဇွန် ၂၇ ရက်တွင် အစီရင်ခံစာ ထွက်ပြီးနောက် ရှယ်ယာတစ်စုလျှင် ကျပ် ၂၃၅၀၀ သို့ ကျဆင်းသွားကာ ဇွန် ၂၈ ရက်တွင် ရှယ်ယာတစ်စု ၂၀၅၀၀ သာ ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး လေးလအတွင်း အနိမ့်ဆုံး ထိုးဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
သီလဝါရှယ်ယာများ အနေဖြင့်လည်း ရှယ်ယာတစ်စုလျင် ကျပ် ၅၇၀၀၀ ခန့်၌ ငြိမ်သက်နေရာမှ  ဇွန် ၁၅ ရက်တွင် ၅၄၀၀၀ သာ ရှိတော့ပြီး ဇွန် ၁၆ ရက်တွင် အပိတ်ဈေး ၄၉၀၀၀ အထိ ဈေးနှုန်း ကျဆင်းလာပြီးနောက် ပြီးခဲ့သည့်အပတ်တွင် ရှယ်ယာတစ်စု ကျပ် ၅၁၀၀၀ သာ ရှိတော့ပြီး ဇွန် ၂၅ ရက်တွင် ရှယ်ယာတစ်စုလျင် ကျပ် ၄၈၀၀၀ အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
 
သီလဝါရှယ်ယာများအား ရောင်းချနေသည့် MTSH ၏ ၂၀၁၅- ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာသည်လည်း မကြာမီ ထွက်ပေါ်လာမည်ဖြစ်ပြီး သီလဝါရှယ်ယာ တစ်စု၏ အမြတ်သည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကျပ် ၂၀၀၀ သာ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် အမြတ်ရမည်ထင်၍ သီလဝါရှယ်ယာနှင့် FMI ရှယ်ယာဝယ်ယူထားသူများမှာ အရှုံးပေါ်နေသည်။
 
“ရှယ်ယာက တကယ်ဖြစ်သင့်တဲ့ ဈေးကို မရောက်သေးဘူးလို့ မြင်တယ်။ ဒီလို မရောက်သေးဘဲ ဈေးကွက်အတွင်းမှာ ရှယ်ယာဈေးကို ဆွဲတင်နေတဲ့သူတွေလည်း ရှိသလို ဆွဲချနေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဆွဲချတယ် ဆိုတာကတော့ ရှယ်ယာတွေ အော်ဒါအများကြီး အမှာတင်ပြီးမှ မဝယ်တော့ဘူး ပြန်လုပ်ပြီး ဈေးကွက်ကို ဆွဲချတာပေါ့။ ဒုတိယကတော့ ရှယ်ယာတစ်စုကို ၁၃၅ ကျပ်ပဲ မြတ်တယ်ဆိုတဲ့ အနေအထားကတော့ နယူးယော့ခ် စတော့အိတ်ချိန်းတွေလိုမျိုး ကုမ္ပဏီတွေရဲ့ အနာဂတ် အမြတ်တွေ လက်ရှိအကျိုးအမြတ်တွေကို ပြည်သူလူထု နားလည်အောင် ချပြနိုင်ဖို့လို တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ချဲတွေ နှစ်လုံးထီလိုမျိုး ကာလတို ကစားနေသလို ဖြစ်နေတယ်။ ရှယ်ယာရဲ့ သဘောက အနာဂတ်မှာ တိုးတက်လာနိုင်မယ့် အကျိုးအမြတ်တွေအတွက် မြှုပ်နှံတာ။ ဒီမှာက ကောလာဟလနဲ့ပဲ ကြီးပြင်းလာတော့ ကောလာဟလ တစ်ခါထွက်ရင် တစ်ခါပြုတ်ကျတာ ဖြစ်နေတယ်။ လက်ရှိ ရှယ်ယာဈေးတွေက ဖြစ်သင့်တဲ့ အနေအထားကို မရောက်သေးဘူး။ ဆွဲတင်ထားတဲ့ ဈေးနှုန်းဖြစ်နေတယ်။ ဆွဲတင်ထားတဲ့ ဈေးနှုန်းဖြစ်နေရင်တော့ ပြုတ်ကျနေဦးမှာပဲ။ ဒီနေရာမှာ ရေတိုအမြတ်ရအောင် ဝယ်သူတွေနဲ့ ကုမ္ပဏီတွေဘက်က ဆွဲတင်ထားတဲ့ ဈေးနှုန်းတွေကြောင့် ဒီဈေးတွေဖြစ်နေတာ။ သူတို့ရဲ့ စီမံကိန်းတွေ အနာဂတ်စီမံကိန်းတွေ ကြည့်လိုက်ရင် ဒီဈေးတွေဟာ မဖြစ်သင့်သေးဘူး ယူဆတယ်။ အဲဒီလို ဖြစ်နေသရွေ့တော့ ဈေးတွေက ပြုတ်ကျနေဦးမှာပဲ” ဟု စတော့အိတ်ချိန်းအား စောင့်ကြည့်လေ့လာနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အတိုင်ပင်ခံကုမ္ပဏီ Diamond Intelligence ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသက်အောင်မင်းလတ်က သုံးသပ်သည်။                                     

Most Read

Most Recent