နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတို့အား လေ့လာအကြံပြုနိုင်ရန် လွှတ်တော်ထုတ်ပြန်

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတို့အား လေ့လာအကြံပြုနိုင်ရန် လွှတ်တော်ထုတ်ပြန်
Published 27 June 2016
မျိုးမင်းထက်

နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတို့အား အများပြည်သူ လေ့လာအကြံပြုနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ဇွန် ၂၇ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြည်သူလူထု လေ့လာနိုင်ရန် လွှတ်တော်က ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၅၈ ပါ 'အငြိမ်းစား ယူခွင့်ရှိသည့် လုပ်သက်ပြည့်သောအခါ' ဆိုသည့်စကားရပ်ကို 'လုပ်သက်နှစ် ၃၀ ပြည့်သောအခါ' ဆိုသည့်စကားရပ်ဖြင့် အစားထိုး ပြင်ဆင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အခန်း(၁၂) ပုဒ်မ ၅၈ တွင် ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်မပြည့် သေးသော်လည်း အငြိမ်းစား ယူနိုင်ခွင့်ရှိသည့် လုပ်သက်ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။ သတ်မှတ် လုပ်သက်မပြည့်သေးသည့် ဝန်ထမ်းကို အငြိမ်းစားယူရန် လိုအပ်သည ကိစ္စရပ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့က ဤကိစ္စအလို့ငှာ တာဝန်လွှဲအပ်ထားသည့် အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် ပင်စင်ခံစားခွင့် ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဆက်လက်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်းတွင် 'နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၆၂ ကို ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင်ခံစားခွင့် တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်းမပြုရ' ဟု အစားထိုးမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
နိုင်ငံ့ဝန်ထမ်းဥပဒေသည် ၂၀၁၃ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလတွင် အတည်ပြုထားသည့် ဥပဒေတစ်ခုဖြစ်ပြီး ယင်းဥပဒေတွင် အခန်း (၁၄) ခန်း ပါရှိသည်။
ထို့ပြင် ပြည်သူလူထု လေ့လာအကြံပြုနိုင်ရန်အတွက် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းကိုလည်း လွှတ်တော်က ထုတ်ပြန်ထားပြီး ယင်းဥပဒေ၏ ရည်ရွယ်ချက်မှာ သက်ကြီးရွယ်အိုများကို မြန်မာ့ရိုးရာအစဉ် အလာနှင့်အညီ မြန်မာမှုဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု မြှင့်တင်ရန်နှင့် လိုအပ်သည့် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီများပေးရန်၊ နိုင်ငံတော်နှင့် စေတနာရှင်များက သက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးအပ်ခြင်းဖြင့် လည်းကောင်း၊ သက်ကြီးရွယ်အိုများ ဆောင်ရွက်နေသော ဝင်ငွေရ လုပ်ငန်းများကို တိုက်တွန်းအားပေးခြင်းဖြင့် လည်းကောင်း သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို ဆောင်ရွက်ပေးရန်၊ စောင့်ရှောက်မည့်သူ မရှိသည့် ခိုးကိုးရာမဲ့ သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများအတွက် ဘိုးဘွားရိပ်သာများတွင် နားခိုစောင့်ရှောက်မှု ပေးနိုင်ရန်၊ လှုပ်ရှားသွားလာ နေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ဈေးနှုန်းသက်သာ၍ လွယ်ကူစွာ အသုံးပြုနိုင်သော အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန်၊ သက်ကြီးရွယ်အိုများ ဘေးကင်းလုံခြုံ စိတ်ချရသော ပတ်ဝန်းကျင် ရရှိနိုင်စေရန်အတွက် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ ဥပဒေကြမ်း၏ အခန်း(၁၆) ပြစ်မှုနှင့်ပြစ်ဒဏ်များတွင် 'ပုဒ်မ ၅၇ ဤ ဥပဒေအရ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးကိုပေးရမည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူ မည်သူမဆို သက်ကြီးရွယ်အို တစ်ဦးဦးက သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို ပြသပြီး သက်ကြီးရွယ်အိုများ၏ အခွင့်အရေးကို ခံစားခွင့်ပြုရန် တောင်းဆိုခြင်းကို ငြင်းပယ်ကြောင်း သို့မဟုတ် လျစ်လျူရှုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ် ၁၀ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်' ဟု ရေးဆွဲထားသည်။
ဆက်လက်ပြီး 'ပုဒ်မ ၅၈ တွင် မည်သူမ ဆို သက်ကြီးရွယ်အိုကို ခွဲခြားဆက်ဆံခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ် ၁၀ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်' ဟု ရေးဆွဲထားသည်။
သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း (၁၇) ခန်းပါရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ဥပဒေကြမ်းများနှင့် ပတ်သက်၍ ပြန်စမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုသွားရန် ရှိကြောင်း သတင်းရရှိသည်