အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော် ဒုတိယအကြိမ် ပုံမှန်သက်တမ်းအတွင်း အတည်ပြုရန်ရှိပြီး တရားဥပဒေ စိုးမိုးရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားသည်။
ဦးဝင်းမြင့်က ဇွန် ၂၃ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျောက်မြောင်းကျောင်းတိုက်ရှိ ဆင်ဟန်သာသနာ့ ဗိမာန်တော်တွင် ပြုလုပ်သည့် တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်သူတစ်ဦးက လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ အခုနပြောပါတယ်။ ကျွန်တော်တို့ဟာ တရားဥပဒေ စိုးမိုးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့ဖို့ရှိပါတယ်။ ရှိတဲ့အခါကျတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း ကျွန်တော်တို့ ပြန်ပြင်နေပါပြီ။ ဒါပေမဲ့ ဒုတိယအကြိမ် ပုံမှန်သက်တမ်းဆိုရင် ပြီးပါပြီ" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြေ ကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် စတင်တင်သွင်းဆွေးနွေး အတည်ပြုခဲ့ပြီးနောက် အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ကာ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ထားကြောင်း သတင်းရရှိသည်။
အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်ရသည့် ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ကျစ်လျစ်စွာဖြင့် ဖွဲ့စည်းပြီး လိုအပ်ပါက တိုးချဲ့ဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်များကို ချွေတာရန် ဖြစ်ကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ကော်မရှင်အား ၁၅ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ထို့အတွက် ကော်မရှင်အား ဖွဲ့စည်းရာတွင် တူညီသော အရေအတွက်ဖြင့် ဖွဲ့စည်းရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများက တူညီသော အရေအတွက်ဖြင့် ရွေးချယ်ခန့် ထားနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တစ်ဦးက "အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်ပို့ထားတယ်။ ဒါပေမဲ့ ကြီးကြီးမားမား ပြင်ထားတာတော့ မရှိပါဘူး။ စကားလုံးလေးပဲ ပြင်ထားတာ" ဟု ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ဖွဲ့စည်းပြီးပါက အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေအရ ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တရားစွဲဆို အရေးယူခဲ့သူ ကိုးဦး၊ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူသူ ၁၂၅ ဦး၊ စုံစမ်းဆဲ သုံးဦးနှင့် နိုင်ငံတော်ကို ကျပ်သိန်း ၁၀၀ ကျော် ပြန်ပေးသွင်းနိုင်ခဲ့သည့် အရေးယူမှုများသာ ဆောင်ရွက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အဂတိလိုက်စားမှု ညွှန်းကိန်းထုတ်ပြန်သည့် Transparency International ၏ သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံတွင် ၁၄၇ အဆင့်တွင်သာရှိပြီး အာရှအဆင့်တွင် သာမက အာဆီယံ အဆင့်တွင်လည်း မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယားနိုင်ငံသာ ရှိသည်။
"အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုတာတော့ တို့နိုင်ငံမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ပြဿနာပဲလေ။ အထူးသဖြင့်တော့ ဆရာတို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နိုင်ငံတွေမှာ ပိုပြီးများပြားတာပေါ့။ ဒါကြောင့်မို့လို့ နိုင်ငံအသီးသီးဟာ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ရာအတွက် ဥပဒေတွေ ထုတ်တယ်။ မူဝါဒတွေချတယ်။ တို့နိုင်ငံလည်း ဒီလိုပဲ။ တို့နိုင်ငံက လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် တိုင်းပြည် ဒီအခြေအနေအထိ မရောက်သင့်ဘဲ ရောက်ခဲ့ရတာ ဒီအဂတိ လိုက်စားမှုကြောင့် အများဆုံးဆိုတာ ဒါငြင်းလို့ မရဘူးလေ။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ဥပဒေတစ်ခု ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာပြီဆိုတဲ့ နောက်မှာတော့ ဒီဥပဒေရဲ့ သက်ရောက်မှုနဲ့အတူ ဥပဒေကို အကောင်အထည် ဖော်တဲ့လူတွေ ကြိုးစားရင် ကြိုးစားသလောက် ဆရာတို့ဆီမှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ အနှောင့်အယှက် တော်တော်နည်းသွားမယ်လို့ သုံးသပ်မိပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန်ရှိပြီး တရားဥပဒေ စိုးမိုးရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့ရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် ပြောကြား