လှည်းကူးမြို့နယ်ရှိ မီးခိုးကန်ကွင်းလယ်မြေတွင် နှစ် ၂၀ ကျော် လုပ်ကိုင်နေသည့် လယ်သမား ၅၀ ခန့် လယ်ယာမြေ မှတ်ပုံတင်ခွင့် မရခြင်းအတွက် ဆန္ဒထုတ်ဖော်

လှည်းကူးမြို့နယ်ရှိ မီးခိုးကန်ကွင်းလယ်မြေတွင် နှစ် ၂၀ ကျော် လုပ်ကိုင်နေသည့် လယ်သမား ၅၀ ခန့် လယ်ယာမြေ မှတ်ပုံတင်ခွင့် မရခြင်းအတွက် ဆန္ဒထုတ်ဖော်
Published 24 June 2016
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျွန်းကုန်းကျေးရွာ မီးခိုးကန်ကွင်း လယ်မြေတွင် နှစ် ၂၀ ကျော် လုပ်ကိုင်နေသည့် လယ်သမား ၅၀ ခန့်က လယ်ယာမြေ မှတ်ပုံတင်ခွင့် မရခြင်းအတွက် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ကျိုက္ကစံအားကစားကွင်း အတွင်းရှိ ဟစ်တိုင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်သည့် လယ်သမားများက ၎င်းတို့ နှစ် ၂၀ ကျော်ကြာ လုပ်ကိုင်နေသည့် လယ်မြေပေါ်တွင် လယ်ယာမြေမှတ်ပုံတင်ခွင့် ရရှိထားသည်ဟုဆိုသူများက လယ်မြေများ ဝင်ရောက် ထွန်ယက်နေခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ပြောကြားသည်။
 
“နှစ်ပေါင်း ၂၀ လက်ငုတ်လက်ရင်း လုပ်လာခဲ့တဲ့ ကျွန်တော်တို့ကျတော့ မှတ်ပုံတင်ခွင့် မရပါဘူး။ လယ်မြေနဲ့ နှစ်ပေါင်း ၃၀ ကျော် ကြာဝေးကွာပြီး လယ်မလုပ်တဲ့ သူတွေကျတော့ ပုံစံ (၇) (လယ်ယာမြေလုပ်ပိုင်ခွင့်) ရသွားပြီး ကျွန်တော်တို့ ထွန်ယက်ထားတဲ့ လယ်မြေတွေပေါ်မှာ လာပြီး ထွန်ယက်ကြတယ်။ အဲဒါကို ကျွန်တော်တို့က လူကြီးတွေကို တိုင်တော့ အရေးယူဆောင်ရွက်တာ မရှိဘူး။ ကျွန်တော်တို့ လယ်မြေတွေကို သွားပြီး တားတော့ သူတို့က ပြန်တိုင်တယ်။ အဲဒါကျတော့ ရဲတွေကလာပြီးတော့ ဥပဒေအရ တရားစွဲတော့ အာမခံလုပ်ရတာတို့ ဖြစ်နေတယ်။ ကျွန်တော်တို့ လယ်လုပ်ကိုင်သူတွေထဲက နှစ်ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။ ဒီကိစ္စကို နိုင်ငံတော်အကြီးအကဲ သိအောင် လာပြီး ဆန္ဒထုတ်ဖော်တာပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် လယ်သမား ဦးတင်ဝင်းက ပြောကြားသည်။
 
ဆန္ဒပြသည့် လယ်သမားများသည် ၁၉၉၅ ခုနှစ် ဝန်းကျင်က လှည်းကူးမြို့နယ် ကျွန်းကုန်းကျေးရွာ၊ မီးခိုးကန်ကွင်း၌ လယ်မြေဖြစ်စေရန် ခုတ်ထွင် ရှင်းလင်းပြီး တပ်မတော်က သီးစားချထားပေးမှုဖြင့် အနှစ် ၂၀ ကျော်ကြာ လယ်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သည့် လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။
 
ထိုသို့ နှစ်၂၀ ကျော် လယ်လုပ်ကိုင်ရာမှ ၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ လယ်ယာမြေများ ပြန်လည်စွန့်လွှတ်သောအခါတွင် တပ်သီးစား လယ်သမားများနှင့် ဒေသခံများအကြား လယ်ယာမြေပြဿနာ အငြင်းပွားကြခြင်း ဖြစ်သည်ဟု သိရသည်။
 
“လမ်းစဉ်ပါတီခေတ်က ဦးစိန်လွင်ကနေပြီး ဒီနေရာ (လှည်းကူး) ကိုရောက်တော့ ဒီနေရာကို လယ်မစိုက်ကြဘူးလားလို့ မေးတော့ ဒီနေရာက ရေနက်ကွင်းဖြစ်နေလို့ လယ်မစိုက်ကြဘူးလို့ ဒေသခံတွေက ဖြေတယ်။ အဲဒီတော့ ငါတို့တပ်ရင်းတွေကနေ လယ်စိုက်မယ်ဆိုပြီး လုပ်တယ်။ တစ်နှစ်၊ နှစ်နှစ်လောက် လုပ်ပြီး စပါးသိပ်မထွက်တော့ သူတို့ (ဆန္ဒပြလယ်သမား) တွေနဲ့ ချိတ်ဆက်ပြီး သီးစား လုပ်ခိုင်းတယ်။ သူတို့မှာ သီးစားလုပ်ခိုင်းတဲ့ စာချုပ်စာတမ်းတွေလည်း ရှိတယ်။ မြေခွန်တွေ၊ လယ်ခွန်တွေလည်း ပေးရတယ်။ တောက်လျှောက် ၂၀၁၄ အထိ လုပ်ကိုင်လာတာပါ”ဟု လယ်သမားအရေး ဆောင်ရွက်နေသည့် ဒေါ်မျိုးမျိုးအေးက ပြောကြားသည်။
 
ထိုသို့ ဆန္ဒပြရာတွင် လယ်သမား ၅၀ ခန့်က “ညီမျှသော အခွင့်အရေး နိုင်ငံသားတိုင်းပေး”၊ “ချပေးထားသည့် ပုံစံ (၇) များ ပြန်လည်စိစစ်ပေး”၊ “ဥပဒေကိုကျော်လွန်သော ဆုံးဖြတ်ချက်များ ပြင်ဆင်ပေး”၊ “နစ်နာဆုံးရှုံးမှုများ အမြန်ဖြေရှင်းပေး”၊ “မမျှတသည့် ဆုံးဖြတ်ချက် ငါတို့လက်မခံ”စသည့်ကြွေးကြော်သံများနှင့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး အဆိုပါ လယ်ယာမြေကိစ္စ နိုင်ငံတော်အကြီးအကဲများထံ အဆင့်ဆင့် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။