ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံ၏ ဇွန် ၂၁ ရက်တွင် မြန်မာအစိုးရ ကိုယ်စားလှယ်က လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များသည် ကုလသမဂ္ဂ၏ ဦးတည်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဟု ဝေဖန်ခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြခဲ့သည်။ဇွန် ၁၃ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပနေသည့် လူ့အခွင့်အရေးကောင်စီ ညီလာခံ၏ ဇွန် ၂၁ ရက်တွင် ဘီလာရုစ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr.Mikolas Haraszti က ၎င်း၏ အစီရင်ခံစာကို တင်သွင်းရာတွင် မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့က ၎င်းတို့၏ သဘောထားကို တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်မတို့ ကိုယ်စားလှယ် အဖွဲ့ရဲ့ အမြင်ကတော့ လူ့အခွင့်အရေးကောင်စီ အနေနဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အထူးကိုယ်စားလှယ်တွေကို တာဝန်ပေးခြင်းဟာ အပြုသဘောဆောင်မယ့် အစား အကျိုးယုတ်စေနိုင်ပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေ၊ အမြင် ကွဲပြားမှုတွေ၊ သဘောထား မတူတာတွေ နားလည်မှု လွဲမှားတာတွေကို ဖြစ်စေနိုင်တယ်လို့ ယူဆပါတယ်။ အထူးကိုယ်စားလှယ်တွေ အနေနဲ့ သဟဇာတ ရှိစေမယ့် အခြေအနေမျိုးကို ဖန်တီးပေးပြီး စစ်မှန်တဲ့ အချေအတင် ဆွေးနွေးမှုမျိုး ဖြစ်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိသလို သက်ဆိုင်ရာ နိုင်ငံနဲ့ အထူးကိုယ်စားလှယ်ကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို ရရှိစေဖို့လည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် အထူးကိုယ်စားလှယ်တွေ အနေနဲ့ အခုလို ထားရှိတဲ့ ဦးတည်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာ တွေ့ရပါတယ်” ဟု မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။ထို့ပြင် မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များကို ခန့်အပ်မည့် အစား UPR ဟုခေါ်သည့် တစ်နိုင်ငံချင်းစီ အလိုက် လူ့အခွင့်အရေး ပုံမှန် ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်ကို အသုံးပြုခြင်းသည် နိုင်ငံများအတွက် သင့်လျော်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြသည်။“ကျွန်မတို့ အနေနဲ့ UPR ခေါ် တစ်နိုင်ငံချင်းစီ အလိုက် လူ့အခွင့်အရေး ပုံမှန်ပြန်လည် သုံးသပ်တဲ့ လုပ်ငန်းစဉ်ဟာ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး အကဲစမ်းမှုတွေကို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်းရာမှာ နိုင်ငံတိုင်းအတွက် သင့်တော်တဲ့ စနစ်တစ်ရပ် ဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်မတို့ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အလေးအနက် ပြောလိုတာကတော့ လူ့အခွင့်အရေးကို လူသားအားလုံးအတွက် ထောက်ခံအားပေးရာမှာနဲ့ ကာကွယ်စောင့်ရှောက်ဖို့ ဖော်ဆောင်မှုဟာ အားလုံးအတွက် တစ်ပြေးညီရှိဖို့ လိုအပ်ပြီး ဓမ္မဓိဋ္ဌာန်ကျမှု အပေါ်မှာ အမြဲပဲ အခြေခံရမှာ ဖြစ်ပါတယ်။ သီးခြားရွေးထုတ်တာ၊ တစ်သမတ်တည်း လိုက်နာဆောင်ရွက်ခြင်း မရှိတာ၊ နိုင်ငံရေး အကြောင်းတွေ အပေါ်မှာ အခြေခံတာတွေ မဖြစ်သင့်ပါဘူး” ဟု ဒေါ်သက်သင်ဇာထွန်းက ပြောကြားသည်။အဆိုပါ လူ့အခွင့်အရေးကောင်စီ ညီလာခံ၌ ဇွန် ၁၇ ရက်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ခေါ်ဝေါ်သုံးစွဲမှုနှင့် ပတ်သက်ပြီးလည်း “ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝန်း” ဟု သုံးနှုန်းပြောဆိုရန် မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ဆိုသည်။ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ကျင်းပနေသည့် အချိန်တွင်ပင် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီသည် ဇွန် ၂၀ မှ ဇူလိုင် ၁ ရက်အထိ ၁၂ ရက် ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ခရီးစဉ်အတွင်း မစ္စယန်ဟီလီသည် သက်ဆိုင်ရာ အာဏာပိုင်များ၊ နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပြင် နိုင်ငံတကာ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကိုပါ တွေ့ဆုံသွားမည်ဟု သိရသည်။ထို့နောက် မစ္စယန်ဟီလီသည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့ရှိချက်များကို အခြေခံ၍ အစီရင်ခံစာ တစ်စောင်ကို လာမည့် စက်တင်ဘာတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ ၁၉၉၂ ခုနှစ်၌ စတင်ခန့်အပ် တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံး အထူးကိုယ်စားလှယ်ဖြစ်သည့် Mr.Yozo Yokota သည် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် Mr.Rajsoomer Lallah သည် ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ၊ Mr.Paulo Pinheiro သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ၊ Mr.Tomas Quintana သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်များအဖြစ် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။အထူးကိုယ်စားလှယ်များ အနေဖြင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများကို စုံစမ်းစစ်ဆေးပြီး နှစ်စဉ် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ ညီလာခံတို့တွင် အစီရင်ခံစာ တင်သွင်းရကြောင်း သိရသည်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များသည် ကုလသမဂ္ဂ၏ ဦးတည်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဟု လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် မြန်မာအစိုးရ ကိုယ်စားလှယ် ဝေဖန်















