နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် (မုန်းဝန်း) ဗမာ ဟု ဆက်လက် ရေးသွင်းနေခြင်းသည် နောင်တစ်ချိန်တွင် တိုင်းရင်းသား အသိအမှတ်ပြုမှု ရှုပ်ထွေးလာနိုင်၍ မုန်းဝန်းဟုသာ ရေးသွင်းသင့်ကြောင်း SNLD လွှတ်တော်ကိုယ်စားလှယ် တောင်းဆို

နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် (မုန်းဝန်း) ဗမာ ဟု ဆက်လက် ရေးသွင်းနေခြင်းသည် နောင်တစ်ချိန်တွင် တိုင်းရင်းသား အသိအမှတ်ပြုမှု ရှုပ်ထွေးလာနိုင်၍ မုန်းဝန်းဟုသာ ရေးသွင်းသင့်ကြောင်း SNLD လွှတ်တော်ကိုယ်စားလှယ် တောင်းဆို
Published 22 June 2016
ကျော်ဇင်ဝင်း

မုန်းဝန်းလူမျိုးအား တိုင်းရင်းသားအဖြစ် အတည်ပြုထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဖြေကြားထား၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် (မုန်းဝန်း) ဗမာဟု ဆက်လက် ရေးသွင်းနေခြင်းသည် နောင်တစ်ချိန်တွင် တိုင်းရင်းသားအသိအမှတ်ပြုမှု ရှုပ်ထွေးလာနိုင်သောကြောင့် မုန်းဝန်းဟုသာ ရေးသွင်းသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် နမ္မတူမဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က တောင်းဆိုပြောကြားသည်။
 
ရှမ်းပြည်နယ် သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က မေ ၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲ ဒေသနေ ပြည်သူအချို့အား သက်ဆိုင်ရာက မုန်းဝန်း (တရုတ်) လူမျိုးမှ မုန်းဝန်း (ဗမာ) တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ် မည်သည့်အတွက်ကြောင့် တရားဝင် အတည်ပြုပေးကြောင်းကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မုန်းဝန်းလူမျိုး အမည်အမျိုးမျိုး ကွဲပြားနေသဖြင့် တစ်ပြေးညီဖြစ်စေရန် ကာယကံရှင် တစ်ဦးချင်းက ဆန္ဒပြုလာပါက (မုန်းဝန်း) ဗမာ ဟု ရေးသွင်းပေးသွားရန် ခွင့်ပြုခဲ့ခြင်းသာဖြစ်ပြီး တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် တရားဝင်အတည်ပြုပေးခဲ့ခြင်း မရှိကြောင်း ပြောကြားထားသည်။
 
ထိုသို့ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားထားသဖြင့် မုန်းဝန်းလူမျိုးအား နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် (မုန်းဝန်း) ဗမာဟု ရေးသွင်းနေမှုအား ရပ်ဆိုင်းထားရန် အောက်ခြေအဆင့်ဆင့်သို့ ညွှန် ကြားထားချက် ထုတ်ထားသည်ဟု ထင်မြင်၍ မြို့နယ်လဝကရုံးသို့ စုံစမ်းကြည့်ရာတွင် လက်ရှိအချိန်အထိ (မုန်းဝန်း) ဗမာဟု ရေးသွင်းပေးနေရသည်ဟု သိရှိခဲ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်ကပြောကြားသည်။
 
“ကျွန်မတို့ဘက်မှာ ကျတော့ တရုတ်တွေတော့ များတယ်လေ။ ဒါပေမဲ့ တချို့နယ်ဘက်မှာဆိုရင် ကွတ်ခိုင်ကြားတို့ အဲဒီလောက် ဝန်းကျင်လောက်ဆိုရင် တရုတ်တွေ ပိုများတယ်။ အဲဒီမုန်းဝန်းက အရင်သတ်မှတ်ချက် မဝင်ခင်ကတည်းကလည်း တချို့တွေဆို အဲဒီလိုဝင်လာပြီးမှ နေတဲ့လူတွေရှိတယ်။ အဲဒါကြောင့်မို့ ဒီလိုလုပ်လိုက်တော့ အခွင့်အရေး ရသွားသလိုဖြစ်တာပေါ့။ အရင်ကဆို စိစစ်ပြီးတော့ မုန်းဝန်းဆိုပြီးတော့ နိုင်ငံသားအနေနဲ့ ပြုနိုင်ငံသားအနေနဲ့ ကတ်တွေတော့ ထုတ်ပေးထားတာ ရှိတယ်လေ။ အခုဟာက (မုန်းဝန်း) ဗမာဆိုပြီးတော့ နိုင်ငံသားကတ်တွေ  နောက်ပိုင်းကျရင် ဖြစ်သွားလိမ့်မယ်။ ၁၃၅ မျိုးထဲမှာလည်း မပါဘူးဆိုတော့ အရင်ပုံစံအတိုင်းပဲ မုန်းဝန်းအနေနဲ့ ဆက်ပြီးတော့ ရေးသွားရင် အဆင်ပြေရဲ့သားနဲ့ ဒီ “ဗမာ” လေး တစ်လုံးကြောင့် စကားတစ်လုံးကလည်း တန်ဖိုးကြီးတယ်လေ။ ကျွန်မရဲ့ အယူအဆပေါ့။ ကျွန်မ အရင်ပုံစံအတိုင်းပဲ ဖြစ်စေချင်တယ်။ တိုင်းရင်းသားအဖြစ် မသတ်မှတ်ဘူး ဆိုပေမယ့် “ဗမာ” ဆိုတဲ့စကားလုံးက ဒါကလည်း တိုင်းရင်းသားရဲ့ အခွင့်အရေးအနေနဲ့ ကြည့်ရင် ရှမ်းလို့သာ မသတ်မှတ်တာ ဒါပေမဲ့ ဒီနိုင်ငံသားအတွင်းပဲလေ။ “ဗမာ”အခွဲ တစ်မျိုးလို ဖြစ်သွားတာပေါ့”ဟု နန်းစံဟွမ်က ပြောကြားသည်။
 
ဆက်လက်၍ နန်းစံဟွမ်က “အခု ရက် ၁၀၀ စီမံချက်မှာလည်း ထုတ်ပေးနေတုန်းပဲ။ နောက်ပိုင်း ရေရှည်အနေနဲ့ တိုင်းရင်းသားပုံစံ ဖြစ်လာနိုင်တယ်။ အခုလည်း မုန်းဝန်းကတ်နဲ့လည်း လွတ်လွတ်လပ်လပ် သွားလာနေထိုင်ခွင့် ရှိနေတာပဲ။ ဒီကိစ္စလေးကို ပြန်လည်ပြီးတော့ ကိုင်တွယ်စေချင်တယ်။ ၁၃၅ မျိုးထဲမှာလည်း မပါဘူး။  နောက်ပိုင်းကျရင် အခုတောင် လူမျိုးနွယ်စုက များပါတယ်ဆိုမှ  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အချိန်မှာဆိုရင် ဒီမျိုးနွယ်စုပြဿနာ ဝင်တော့မယ်”ဟု လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က ပြောကြားသည်။
 
မုန်းဝန်းလူမျိုးများသည်  မြန်မာနိုင်ငံတွင် အစဉ်အဆက် အခြေစိုက်နေထိုင်ခဲ့ကြသူများ ဖြစ်သည်နှင့်အညီ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများအရ အမျိုးသားမှတ်ပုံ တင်ကိုင်ဆောင်ခဲ့ကြသူများ ဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ်မှစ၍ မုန်းဝန်းလူမျိုးများအား မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စတင်ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လူမျိုးအမည် ရေးသားဖော်ပြရာ၌ လုပ်ထုံးလုပ်နည်းအရ ကာယကံရှင်၏ တရားဝင်ပြောဆိုချက်ကိုသာ အခြေခံ၍ ရေးခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်တွင် ဖြေကြားစဉ် ပြောကြားထားသည်။
 
ထို့ပြင် ထိုစဉ်က ကာယံရှင်တစ်ဦးချင်း၏ အသီးသီးပြောဆိုချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါ်တွင် လူမျိုးအမည် ရေးသွင်းရာ၌ တရုတ် မုန်းဝန်း၊ မုန်းဝန်း တရုတ်၊ မုန်းဝန်း ဗမာ၊ မုန်းဝန်း၊ ဗမာ (မုန်းဝန်း)၊ မုန်းဝန်း+ တရုတ်၊ မုန်းဝန်း+ကိုးကန့်၊ မုန်းဝန်း+ (တိုင်းရင်းသား) ဟူ၍ ရေးသွင်းခဲ့သည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားထားသည်။
 
မုန်းဝန်းလူမျိုးများ၏ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ အကျိုးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် လည်းကောင်း၊ မုန်းဝန်းလူမျိုးများ ကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် လူမျိုးအမည်အား အမျိုးမျိုး ရေးသွင်းဖော်ပြထားမှုအပေါ် တစ်ပြေးညီ ဖြစ်စေရန်အတွက် လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုး ညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ ဒေသခံပြည်သူများ၏ကိုယ်စား တင်ပြလာမှုအပေါ်တွင် မုန်းဝန်းလူမျိုးမျာအား (မုန်းဝန်း) ဗမာ ဟု သတ်မှတ်ပေးရန် နှင့် ကွဲပြားနေသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်၏ တင်ပြချက်အရ ပြန်လည်အစားထိုး လဲလှယ်ခွင့်ပြုရန် ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များအရ မိမိဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေါ်တွင် (မုန်းဝန်း) ဗမာဟု ပြင်ဆင်ရေးသွင်းပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ 
 
ထို့ပြင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော လူမျိုးတစ်မျိုးမျိုးက တိုင်းရင်းသားလူမျိုး တစ်မျိုးမျိုးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခြင်းကို တည်ဆဲဥပဒေအရ မိမိဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းနှင့် လူမျိုးအမည် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
 
 

Most Read

Most Recent