ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းနှင့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟု သုံးနှုန်းပြောဆိုရန် လူ့အခွင့်အရေးညီလာခံတွင် တင်သွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ သဘောထားကြေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းနှင့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟု သုံးနှုန်းပြောဆိုရန် လူ့အခွင့်အရေးညီလာခံတွင် တင်သွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ သဘောထားကြေညာချက် ထုတ်ပြန်
Published 22 June 2016
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းဟု သုံးနှုန်းပြောဆိုရန် လူ့အခွင့်အရေးညီလာခံတွင် တင်သွင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက သဘောထားကြေညာချက် တစ်ခုကို ဇွန်၂၁ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
 
အဆိုပါကြေညာချက်တွင် ဇွန် ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံတွင် မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအရေးနှင့် ပတ်သက်၍ “ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်း”ဟု သုံးနှုန်းပြောဆိုရန် တင်သွင်းခဲ့ခြင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်ထောင်စုစိတ်ဓာတ်မူကို ချိုးဖောက်ပြီး မြန်မာနိုင်ငံ၏ ဘင်္ဂါလီအရေးသည် ရခိုင်လူမျိုးနှင့်သာ သက်ဆိုင်သည်ဟု အပြစ်ပုံချလိုက်သည့် လုပ်ရပ်မျိုးဖြစ်ကြောင်း ကျွနု်ပ်ပါတီမှ ရှုမြင်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဆင့်ဆင့် ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်သော အချိန်နှင့်တစ်ပြေးညီ ဂျီနီဗာမြို့ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေး၌ “ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်း”ဆိုသော အခေါ်အဝေါ် အသုံးအနှုန်း လူမျိုးအမည်သစ် တစ်ခုကို တင်ပြဆောင်ရွက်ခဲ့ခြင်းမှာ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရာတွင် အခွင့်ကောင်းရရှိနိုင်ရန် အချိန်ကိုက် လုပ်ဆောင်မှုဖြစ်သည်ဟု ကျွနု်ပ်ပါတီမှ ယုံကြည်ကြောင်းများ ပါရှိသည်။
 
အလားတူစွာပင် ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရခိုင်ဒေသသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့စဉ် သန်းခေါင်စာရင်း ကောက်ခံရာတွင် စစ်တကောင်းသား (Chittagonian)ဟု အစောဆုံး သုံးနှုန်းခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ် ၁၉၇၃၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံခဲ့ရာ၌ လည်းကောင်း၊ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ် သန်ခေါင်စာရင်း ကောက်ခံခဲ့စဉ်က လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်ပြီး ဘင်္ဂါလီဆိုသော လူမျိုးအမည်မှအပ အခြားမည်သည့်အမည်ကိုမျှ စာရင်းကောက်ယူခြင်း မရှိခဲ့ပါဘဲလျက် ယခုအခါ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား “ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်း”၊ “ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ”ဟူ၍ အမည်သစ် သုံးစွဲမည်ဆိုခြင်းမှာ အဆိုပါ ဘင်္ဂါလီများ၏ မူရင်းဇာတိလာရာဒေသကို ဖျောက်ဖျက်ပစ်လိုက်ပြီး ရခိုင်ဒေသသည်ပင် ဘင်္ဂါလီတို့၏ ပင်ရင်းဒေသဖြစ်သယောင် ပုံဖော်လိုက်ရာ ရောက်သည်ဟု ကျွန်ုပ်တို့ပါတီက ရှုမြင်မှတ်ယူကြောင်းများကိုလည်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
 
ထို့ပြင် လူအုပ်စုများအား ကိုးကွယ်သော ဘာသာရေးကို အစွဲပြု၍ လူမျိုးအမည်အဖြစ် အုပ်စုခွဲကာ အမည်သစ် ခေါ်ဝေါ်သုံးစွဲရန် ဆောင်ရွက်ခြင်းမှာ “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရ။ ထို့ ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း၊ တစ်ဘက်နှင့် တစ်ဘက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်ပြုခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်”ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ နှင့် ငြိစွန်းသော ဆောင်ရွက်ချက်ဖြစ်ကြောင်း ကျွန်ုပ်တို့ပါတီက ရှုမြင်မှတ်ယူကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီပြဿနာအား ရေရှည်မျှော်မှန်း ဖြေရှင်းခြင်းမဟုတ်ဘဲ အဂတိတရားများဖြင့် ဆောင်ရွက်ခြင်းမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မှန်ကန်သော နိုင်ငံရေးရလဒ်ကောင်းများ ပေါ်ပေါက်လာမည် မဟုတ်ဟု ကျွန်ုပ်တို့ပါတီက ယုံကြည်ကြောင်းတို့ ပါရှိခဲ့ကြောင်း သိရသည်။
 
တစ်ဆက်တည်းမှာပင် ရခိုင်အမျိုးသားပါတီသည် မိမိတို့၏ ပါတီဖွဲ့စည်းပုံ မူဝါဒရည်မှန်းချက်နှင့်အညီ ရခိုင်ပြည်နယ်၏ မည်သည့်နယ်မြေ အစိတ်အပိုင်းကိုမျှ လက်လွှတ်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည့်အပြင် ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား ဘင်္ဂါလီလူမျိုးဟုသာ ဆက်လက် သုံးစွဲမည်ဖြစ်ပြီး “ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်း”၊ “ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ”ဟု ခေါ်ဝေါ်သုံးစွဲခြင်းအား (လုံးဝ) လက်မခံကြောင်း အတိအလင်း သဘောထားကြေညာ ထုတ်ပြန်အပ်ကြောင်းလည်း ရေးသားပါရှိခဲ့သည်။
 
ယင်းသို့ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး “ဂျီနီဗာမှာ မြန်မာအစိုးရကိုယ်စားလှယ်က တင်ပြတဲ့ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းလို့ ခေါ်ဝေါ်သုံးနှုန်းမယ်ဆိုတဲ့ တင်ပြချက် ရိုက်ခတ်မှုဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ နှလုံးသည်းပွတ်ကို အကြီးအကျယ် ထိခိုက်အနာတရ ဖြစ်စေတဲ့ အနေအထားကို ကျွန်မတို့ တွေ့ကြုံရပါတယ်။ အဲဒါမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းကြားစာထဲမှာ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကိုယ်သူများလို့ သုံးနှုန်းရုံတောင်မကဘဲနဲ့ ရခိုင်တွေကိုကျတော့ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ကိုးကွယ်သူများလို့ ပါတယ်။ အဲဒီထဲမှာ အတည်ပြုပြီးသား ဖြစ်သည်ဆိုတဲ့ စကားလုံးပါတယ်ဆိုတော့ လူမျိုးတစ်မျိုးရဲ့ ပကတိတည်ရှိနေတဲ့ အနေအထားကို အဲဒီလူမျိုးရဲ့ ဆန္ဒတစ်စုံတစ်ရာ မပါဘဲနဲ့ ဒီလိုပဲ နိုင်ငံတကာ ဖိအားတွေနဲ့ ဒီနိုင်ငံမှာအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်က လုပ်လိုက်တယ်ဆိုတာကို ကျွန်မတို့ နိုင်ငံရေးပါတီအနေနဲ့ ရခိုင်တစ်မျိုးသားလုံးကိုယ်စား တစ်ခုခု အချိန်မီ ဆောင်ရွက်ပေးသင့်တယ်လို့ ယုံကြည်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောကြားသည်။
 
မြန်မာနိုင်ငံသည် ပြည်ထောင်စုစိတ်ဓာတ်၊ ယခုဆိုလျှင် ၂၁ ရာစုပင်လုံ၊ တိုင်းရင်းသားတန်းတူရေး၊ သွေးစည်းချစ်ကြည်ရေး ဆိုသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် တိုင်းရင်းသား၊ ဌာနေခံ တိုင်းရင်းသား၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံခြားသား၊ နိုင်ငံသား ပြုခွင့်ရသူ စသည်ဖြင့် ဥပဒေနှင့်အညီ ခွဲခြား ပြဋ္ဌာန်းထားသည်များ ရှိကြောင်း၊ ထိုအနေအထားများရှိလျက်နှင့် ဘင်္ဂါလီ Issue သည် ပြည်ထောင်စုထဲ၌ ရခိုင်ပြည်နယ်လူမျိုး တစ်ခုတည်းပဲ သက်ဆိုင်တယ်လို့ ခွဲခြားဆက်ဆံရာရောက်ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုမူကို ထိုခိုက်လိုက်ခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်းလည်း ဒေါ်အေးစိန်က သုံးသပ်ပြောဆိုခဲ့သည်။
 
“သူတို့ရဲ့ နဂိုပင်ရင်းလာရာ ဇာတိဖြစ်တဲ့ ဘင်္ဂါလားဒေ့ရှ်ကို ဖျောက်ဖျက်လိုက်ရာ ရောက်ပြီးတော့ သူတို့က ရခိုင်ပြည်နယ်ထဲကပဲ ပင်ရင်းဖြစ်နေသယောင်ယောင်၊ ပုံမှားရိုက်လိုက်တယ်ဆိုတဲ့ ခံစားချက်တွေ ရှိလာခဲ့ပါတယ်။ ဒီလို ပုံမှားရိုက်လိုက်ခြင်းအားဖြင့်  တည်ဆဲ ၈၂ နိုင်ငံသားဥပဒေမှာဆိုလို့ရှိရင် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားလျှောက်ခွင့်တွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့ပြဋ္ဌာန်းထားတယ်။ ဆိုတော့ ဘယ်လိုလူမျိုးတွေက နိုင်ငံသားဖြစ်လာနိုင်သလဲ၊ ဥပမာအားဖြင့် တစ်လင်တစ်မယားစနစ်တို့၊ ဒီနိုင်ငံရဲ့ ဒေသခံ စကားကို ကောင်းစွာပြောဆိုနိုင်ရမယ် ဆိုတာတို့ စတဲ့ အချက်အလက်တွေ အများကြီးပါ။ အခုက ရခိုင်ပြည်နယ်ဆိုတဲ့စကားကို ရှေ့က ခံထားလိုက်တယ်ဆိုတော့ ရခိုင်တွေကပဲ သူတို့နဲ့ အတူတူဖြစ်နေသလို ဖိအားတွေနဲ့ ဒီလိုလုပ်လာတာဟာ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မရနိုင်တဲ့ လူမျိုးတစ်မျိုးကို အခွင့်သာအောင် ဒီစကားလုံးတွေနဲ့ လဲလှယ်ပြီး ဖိအားပေးလိုက်ရာရောက်တယ်လို့ ကျွန်မ ယူဆတယ်”ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။
 
 

Most Read

Most Recent