ရွေးကောက်ပွဲကာလအပြီး အခြေခံစားသောက်ကုန်များနှင့် သားငါးဈေးနှုန်းများသည် ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှု မရှိဘဲ ယနေ့ထိ မြင့်တက်လျက်နေဆဲ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲကာလအပြီးတွင် ဆန်၊ ဆီ၊ သားငါး၊ ငရုတ်၊ ကြက်သွန် အစရှိသည့် အခြေခံကုန်စည်ဈေးနှုန်းများအနေဖြင့် အဆမတန် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ မြင့်တက်ခဲ့သော ကုန်ဈေးနှုန်းများသည် ၂၀၁၆ ခုနှစ် ဧပြီလတွင် သင်္ကြန်ကာလ နီးကပ်လာခြင်းနှင့် ကုန်စည်ကား၊ သင်္ဘောများ ဆိုက်ရောက်မှု နည်းပါးခြင်းကြောင့် စားသောက်ကုန်ဈေးကွက်အတွင်း ကုန်ခြောက်နှင့် သား၊ ငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်လျက် ရှိနေသည်။
၂၀၁၆ ခုနှစ် မိုးရာသီ ဇွန်လကျောင်းဖွင့်ကာလသို့ ရောက်ရှိလာသောအခါ ယခင်ကတည်းက မြင့်တက်လျက်ရှိသည့် ကုန်ဈေးနှုန်းထက် ယခုဈေးနှုန်း ပိုမိုမြင့်တက်လာမှု ရှိခဲ့သည်ကို ဈေးကွက်အတွင်းမှ သိရသည်။
ယခင် အတက်ဈေးနှုန်း၌ ရပ်တည်လျက်ရှိသော သားငါးဈေးနှုန်းများမှာ ကြက်သား တစ်ပိဿာလျှင် ကျပ် ၅၀၀၀- ၉၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၆၀၀၀-၁၁၀၀၀ သို့ လည်းကောင်း၊ ဝက်သား တစ်ပိဿာ ကျပ် ၆၀၀၀-၁၀၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၇၀၀၀-၁၂၀၀၀ သို့ လည်းကောင်း၊ အမဲသား တစ်ပိဿာလျှင် ယခင် ကျပ် ၇၀၀၀ မှ ၁၄၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၈၀၀၀မှ ၁၅၀၀၀ သို့ လည်းကောင်း သားငါးဈေးနှုန်း ကျပ် ၁၀၀၀ မှ ၂၀၀၀ ကြားအထိ ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
ထို့ကြောင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်များမှာလည်း ကြက်မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြက်မွေးမြူမှုတွင် အစာဈေးနှုန်းကြီးခြင်း၊ မွေးမြူရေးကုန်ကျစရိတ် ကြီးခြင်းနှင့် ငွေကြေးအရင်းအနှီး လိုအပ်ချက်များကြောင့် ပြည်တွင်း သားငါးဈေးကွက်အတွင်း ကြက်သားဈေးနှုန်းအနေဖြင့် ဈေးနှုန်းအဆမတန် မြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သုံးသပ် ပြောကြားထားသည်။
ငါးဈေးနှုန်းများ အနေဖြင့်လည်း ယခင် ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၆၀၀၀ အထိသို့ လည်းကောင်း၊ ယခင် ငါးရံ့တစ်ပိဿာ ကျပ်၅၀၀၀မှ ၆၀၀၀ ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၈၀၀၀-၁၀၀၀၀ သို့ လည်းကောင်း၊ ယခင် ငါးကျည်းနှင့် ငါးခူ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၈၀၀၀-၁၀၀၀၀ သို့လည်းကောင်း၊ ယခင် တီလားဗီးယားငါး တစ်ပိဿာကျပ် ၁၀၀၀မှ ၂၅၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၃၀၀၀ မှ ၆၅၀၀ အထိသို့ လည်းကောင်း၊ ယခင် ငါးကြင်း တစ်ပိဿာ ကျပ် ၄၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၄၀၀၀ မှ ၆၀၀၀ သို့ လည်းကောင်း၊ ငါးသလောက် တစ်ပိဿာလျှင် ယခင် ကျပ် ၁၀၀၀၀-၁၄၀၀၀ မှ ယခုအခါတွင် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ၁၉၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက် ရှိခဲ့သည်။
ထို့ကြောင့် ငါးဈေးနှုန်းများအနေဖြင့် ကျပ်၂၅၀၀ မှ ၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက် ရှိသည်။
“အခု မိုးတွင်းရောက်ပေမယ့် သားဈေး ငါးဈေးတွေကတော့ ပေါမသွားပါဘူး။ ရာသီဥတု မကောင်းတာကြောင့်ရော ပင်ရင်း ယူရတဲ့ဈေးကလည်း မြင့်နေတာကြောင့်ရော ဈေးက တက်မြဲတိုင်း တက်နေတုန်းပါ။ ငါးတွေ ပေါပေါလောလော မရတော့ဘူး။ ရှားကုန်ပြီး အရင် ဒီလိုမိုးရာသီဆိုရင် အရမ်းပေါ တာ” ဟု တာမွေမြို့နယ်ရှိ တာမွေဈေးအတွင်း သားငါးရောင်းချလျက်ရှိသော ဈေးသည်တစ်ဦးက ပြောကြားသည်။
ထို့အပြင် ယခုလရာသီသည် ဆန်ဈေးနှုန်း မြင့်တက်လျက်ရှိသည့် ရာသီဖြစ်သည့်အတွက် ဆန်ဈေးနှုန်းများမှာ ဆန်ကြမ်းနှင့် ဆန်ချော တစ်အိတ်လျှင် ကျပ် ၂၄၀၀ ခန့် ဈေးနှုန်းမြင့်တက်လျက် ရှိနေကြောင်း ဆန်ဈေးကွက်နှင့် ဆန်လက်လီ၊ လက်ကား ရောင်းချသူများထံမှ သိရသည်။
ယခုလက်ရှိ ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အနေဖြင့် ဆန်ချောဖြစ်သည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခင် ကျပ် ၅၀၄၀၀မှ ယခုအခါတွင် ကျပ် ၅၂ ၈၀၀ သို့ လည်းကောင်း၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ယခင် ကျပ် ၄၀၈၀၀ မှ ယခုအခါတွင် ကျပ် ၄၃၂၀၀ သို့ လည်းကောင်း၊ တောင်ပြန် ဆန်တစ်အိတ်လျှင် ကျပ် ၃၈၄၀၀ မှ ယခုအခါတွင် ကျပ် ၄၀၈၀၀ သို့ လည်းကောင်း ဆန်ချောဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ကျပ် ၂၄၀၀ ခန့် ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
ဆန်ချော တစ်ပြည်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ယခင်ကျပ် ၂၁၀၀ မှ ကျပ် ၂၂၀၀ သို့ လည်းကောင်း၊ တောင်ပျံ တစ်ပြည်လျှင် ယခင် ၁၆၀၀ ကျပ်မှ ၁၇၀၀ ကျပ်သို့ လည်ကောင်း၊ ဖျာပုံဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၇၀၀ မှ ယခုအခါတွင် ၁၈၀၀ သို့ လည်းကောင်း ဆန်တစ်ပြည် ဈေးနှုန်းအနေဖြင့် အမျိုးအစားအလိုက် ကျပ် ၁၀၀ ခန့် ဈေးနှုန်းမြင့်တက်လျက် ရှိခြင်းဖြစ်သည်။
ဆန်ကြမ်း ဆန်သစ်ဈေးနှုန်းများ အနေဖြင့် ဇီရာဆန် တစ်အိတ်လျှင် ယခင် ကျပ် ၂၆၄၀၀ မှ ယခုအခါတွင် ကျပ် ၂၈၈၀၀ သို့လည်းကောင်း၊ တစ်ပြည်ဈေးနှုန်းများအနေဖြင့် ဇီရာဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၁၀၀ မှ ယခုအခါတွင် ကျပ် ၁၂၀၀ သို့ လည်းကောင်း၊ ပေါ်ကျွဲဆန် တစ်အိတ်လျှင် ယခင်ကျပ် ၃၁၂၀၀ မှ ယခုအခါတွင် ၃၃၆၀၀ သို့ လည်းကောင်း၊ တစ်ပြည်ဈေးနှုန်း အနေဖြင့် ပေါ်ကျွဲဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၃၀၀ မှ ၁၄၀၀ သို့ လည်းကောင်း ဈေးနှုန်း အသီးသီးမြင့်တက်လျက် ရှိသည်။
ဆန်ဈေးနှုန်း မြင့်တက်မှုနှင့် ပတ်သက်၍ ဆန်ကုန်သည်အသင်းမှ ယခုလက်ရှိတွင် ဆန်ကြမ်းဈေးနှုန်းတွေ အနေဖြင့် ဈေးအနည်းတက်နေကြောင်း၊ ယခုကဲ့သို့ ဆန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ ဆန်အဝင် နည်းခြင်းကြောင့် ဈေးနှုန်း မြင့်တက်ခြင်းဖြစ်ကြောင်းကို သုံးသပ်ပြောကြားခဲ့သည်။
ထို့ပြင် တာမွေမြို့နယ်ရှိ လက်လီ လက်ကား ဆန်အရောင်းဆိုင်က “ဆန်ဈေးတွေအနေနဲ့ ဆန်အမျိုးအစားအလိုက် အနည်းဆုံး တစ်ပြည်ကို ကျပ် ၁၀၀ စီ တက်တယ်။ ဈေးတွေကတော့ မေလ ကတည်းက တစ်ပြည်ကို ကျပ် ၁၀၀၊ ၁၀၀ စီ တက်တယ်။ အခု ဇွန်လမှာလည်း ထပ်တက်သွားပြီး နောက်လည်း ဈေးထပ်တက်ဖို့ ရှိတယ်”ဟု ပြောကြားသည်။ ဆန်စပါးအသင်းချုပ်မှ လာမည့် နိုဝင်ဘာလတွင် မိုးစပါး မပေါ်မီ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က သုံးသပ်ပြောကြားထားသည်။
“ဆန်ဈေးတွေက ဒီနှစ်လအတွင်းမှာ အရမ်းကို ဈေးလိုက်တက်လာတယ်။ ကုန်ဈေးနှုန်းတွေက တစ်ခုတက်ရင် အားလုံး လိုက်တက်နေတဲ့ သဘောလား မသိပါဘူး” ဟု သာကေတမြို့နယ်နေ အိမ်ရှင်မတစ်ဦး ဖြစ်သည့် မယုယုက ပြောကြားသည်။
ထို့အပြင် ယခုနှစ်အတွင်း ကြက်သွန်ဈေးနှုန်းများ အနေဖြင့် ယခင်ဈေးနှုန်း မြင့်တက်ခြင်း မရှိသော်လည်း ယခင်ဈေးနှုန်း ကျပ် ၅၀ မှ ၁၀၀ ဝန်းကျင် ဈေးနှုန်းအနည်းငယ် မြင့်တက်မှုများ ရှိခဲ့သည်။
ထို့ပြင် ဆီဈေးနှုန်းများအနေဖြင့် ပြည်တွင်း ပဲဆီနှင့် ဆုံဆီဈေးနှုန်းများ ဈေးနှုန်း သိသိသာသာ မြင့်တက်မှုများ ရှိခဲ့သည်။
ဆီဈေးနှုန်းများမှာ ယခင်က ပဲဆီရှယ် တစ်ပိဿာလျှင် ကျပ် ၅၅၀၀ မှ လက်ရှိတွင် ကျပ် ၆၅၀၀ သို့ လည်းကောင်း၊ နယ်ပဲဆီ တစ်ပိဿာလျှင် ယခင်က ကျပ် ၃၀၀၀ မှ လက်ရှိတွင် ကျပ် ၄၀၀၀ သို့ လည်းကောင်း၊ မြင်းခြံဆုံဆီ တစ်ပိဿာလျှင် ယခင် ကျပ် ၅၀၀၀ မှ ယခုအခါတွင် ကျပ် ၇၀၀၀ သို့ လည်းကောင်း စသည်ဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ အထိ ဈေးနှုန်း မြင့်တက်လျက် ရှိသည်။
“မြေပဲဆန် အဝယ်လိုက်ရတဲ့ ကုန်ကြမ်းတွေ အရမ်းရှားသွားတယ်။ ကုန်ကြမ်းရှားတဲ့ အတွက်ကြောင့် ဆီစက်ပိုင်ရှင်တွေတောင် လုပ်ငန်းရပ် နားလိုက်ရတယ်။ အဲဒါကြောင့် ပဲဆီဈေးတွေကလည်း တက်သွားတယ်” ဟု မန္တလေးကုန်စည်ဒိုင် အထွေထွေအတွင်းရေးမှူး ဦးအောင်ဆွေဟိန်းက ပြောကြားသည်။
ဆီဈေးကွက်အတွင်း ပဲဆီဈေးနှုန်း မြင့်တက်ရခြင်းမှာ မြေပဲဆီ ပြုလုပ်သည့် လုံးဆန် နှင့် ပဲဆန်များ အမျိုးအစားမရွေး ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ အဓိကထား ဝယ်ယူခြင်းကြောင့် ကုန်ကြမ်းရှားပါးကာ ပြည်တွင်းဆီဈေးကွက်အတွင်း ပဲဆီဈေးနှုန်းများမှာ ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မလေးရှားနိုင်ငံမှ တင်ပို့လျက်ရှိသည့် စားအုန်းဆီဈေးနှုန်းအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်လျက်ရှိနေပြီး ယခင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ၂၂၀၀ သို့လည်းကောင်း ဈေးနှုန်းအနေဖြင့် ကျပ် ၄၀၀ ခန့် ဈေးနှုန်း မြင့်တက်လျက် ရှိနေသည်။
ကုန်ခြောက်များဖြစ်ကြသည့် ဆား၊ သကြားဈေးနှုန်းများအနေဖြင့် ယခင်ပေါက်ဈေးထက် ကျပ် ၅၀ မှ ၁၀၀ ကြား ဈေးနှုန်းမြင့်တက်လျက် ရှိသည်။ ဘဲဥဈေးနှုန်းများမှာ ဘဲဥ တစ်လုံးလျှင် ကျပ် ၁၅၀ မှ ၂၀၀ အထိ ဈေးနှုန်းမြင့်တက်မှု ရှိခဲ့သည်။
ကုန်စိမ်းများဖြစ်သည့် ဟင်းသီးဟင်းရွက်များမှာလည်း ဈေးနှုန်း မြင့်တက်လျက် ရှိနေပြီး ယခင်ထက် ချဉ်ပေါင်၊ ကန်စွန်းရွက်၊ ငရုတ်သီ၊ နံနံပင်၊ ကိုက်လန်၊ မုန်ညှင်း၊ ပြောင်းဖူး၊ ဗိုလ်စားပဲ စသည့် ကုန်စိမ်းများအနေဖြင့် ယခင်ဈေးနှုန်းထက် ကျပ် ၅၀ မှ ၃၀၀ အတွင်း ဈေးနှုန်းမြင့်တက်လျက် ရှိသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ထပ်မံ စတင်မြင့်တက်ခဲ့သည့် ကုန်ဈေးနှုန်းများသည် ၂၀၁၆ ခုနှစ် ဧပြီသင်္ကြန် မတိုင်မီကာလတွင် ထပ်မံမြင့်ခဲ့သည်။
အခြေခံစားသောက်ကုန်စည်များ အနေဖြင့် ၂၀၁၃ခုနှစ်မှ စတင်၍ ကုန်ဈေးနှုန်းများ ဈေးနှုန်း စတင်မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ကုန်ဈေးနှုန်းများ အနေဖြင့် မြင့်တက်ခဲ့သော်လည်း စံချိန် တင်မြင့်တက်ခဲ့ခြင်း မရှိခဲ့ပေ။ ကုန်စည်ဈေးနှုန်းများ အနေဖြင့် ဝန်ထမ်းလစာ တိုးခြင်း၊ ဒေါ်လာဈေး မြင့်တက်ခြင်း၊ ကုန်ပစ္စည်း အဝင်နည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်အခက်အခဲများကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ပြီး ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက်သည့် ဒဏ်ကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်၍ ခံစားလာရသည်။
ထို့ကြောင့်၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ အခြေခံစားသောက် ကုန်စည်ဈေးနှုန်းများ တဖြည်းဖြည်း တက်ရိပ်ပြလာလျက်ရှိပြီး ၂၁၀၅ ခုနှစ် မိုးရာသီအတွင်း ဖြစ်ပေါ်ခဲ့သော ဘာဝဘေးအန္တရာယ်များကြောင့် ဆန်၊ ဆီ၊ ကြက်သွန်၊ ငရုတ်၊ ပဲဈေးနှုန်းများ အနေဖြင့် သြဂုတ်၊ စက်တင်ဘာလများ ကုန်ဈေးနှုန်းများအနေဖြင့် ဈေးနှုန်းအခိုင်အမာ မြင့်တက်လျက် ရှိနေသည်။
ထို့ပြင် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာဈေးနှုန်းများအနေဖြင့် ၁၂၀၀ ကျော်အထိ ပေါက်ဈေးမြင့်တက်မှုများ ရှိနေခြင်းများကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိသော ပြည်ပမှ သွင်းကုန်များ အနေဖြင့်လည်း ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်မှုများကြောင့် မြန်မာ့ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းများ စံချိန်တင် ဈေးနှုန်းမြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်စည်များ ဈေးနှုန်းမြင့်တက်မှုများအပြင်၊ ဒေါ်လာဈေး၊ ရွှေဈေး၊ ကားဈေးနှုန်းများနှင့် တိုက်ခန်းအငှားဈေးနှုန်းများလည်း ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
အခြေခံစားသောက်ကုန်နှင့် သားငါးဈေးနှုန်းများ ကျဆင်းခြင်းမရှိ ဆက်လက်မြင့်တက်နေဆဲ
Most Read
Most Recent
17 hours ago










