၁၉ ရာစု ရိုမန်းတစ် ကဗျာဆရာများထဲတွင် ဆင်မြူတေလာ ကိုးလရစ်သည် ထိပ်ဆုံး နေရာတွင် ရှိသည်။ ကူဗလိုင်ခန် ကဗျာသည် သူ၏ အကောင်းဆုံး ကဗျာတစ်ပုဒ်ဟု ဆိုကြသည်။ကိုးလရစ်ကိုယ်တိုင်က ယင်းကဗျာ ရေးဖြစ်ပုံကို ဘေးလူတစ်ယောက် အနေဖြင့် ရှင်းပြဖူးသည်။ သူ အသက် ၂၅ နှစ်အရွယ် တစ်ညနေ၌ ကုလားထိုင် တစ်လုံးပေါ် စာဖတ်နေရင်း အိပ်ပျော်သွားခဲ့သည်။အိပ်ပျော်နေစဉ်မှာပင် သူသည် တစ်စုံတစ်ရာ ကြိုးပမ်းအားထုတ်ခြင်း မပြုရဘဲ စီကုံး လိုက်ပါက စာကြောင်းရေ ၂၀၀၊ ၃၀၀ ထက်မနည်း ရလာမည်ဟု ယုံကြည်မိသည်။ နိုးလာသည့် အခါ အားလုံးကို အဝေးမှ သတိရခြင်းမျိုးဖြင့် မှတ်မိနေသည်။ထို့ကြောင့် ကလောင်တံ၊ မင်နှင့် စက္ကူတို့ကို ယူကာ ရေးချရာမှ ကူဗလိုင်ခန် ကဗျာ ထွက်ပေါ်လာသည်ဟု ဆိုသည်။ တစ်စုံတစ်ဦးသည် နံနက်ကတည်းက အလုပ်လုပ်နေကာ နေ့လယ်စာပင် မေ့လျက် ညအမှောင်ရောက်မှ သတိထားမိသည့် အဖြစ်မျိုး ကြုံဖူးတတ်သည်။တစ်ချိန်လုံး တယ်လီဖုန်း တဂွမ်ဂွမ် မြည်သံကိုလည်း မကြား၊ ဗိုက်ဆာ၍ နာသော အနာကိုလည်း မသိ၊ အချိန်၏ ရွေ့လျားမှုကိုပင် သတိမပြုမိဘဲ အရာအားလုံးမှ လွတ်မြောက် နေသကဲ့သို့ ခံစားရပုံမျိုး ကြုံရသည်။ သတိပြုမိချိန်၌ မိမိသည် အလုပ်ကို အလွန်ကောင်းမွန်စွာနှင့် မြန်ဆန်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း အံ့ဖွယ် တွေ့ရှိရသည်။အမှန်တကယ်၌ ယင်းအချိန်တွင် ထိုသူသည် ဇုန် (Zone) တစ်ခုအတွင်း ကျရောက်နေခဲ့ခြင်း ဖြစ်သည်။ ယင်းဇုန်ဟူသော စကားလုံးကို တစ်ခါတစ်ရံ အားကစားသမားများ သုံးစွဲလေ့ ရှိသည်။စိတ်အနှောင့်အယှက် ဖြစ်စရာ အားလုံးမှ လုံး၀ ကင်းစင်၍ စိတ်ထဲ၌ မိမိတို့ လုပ်ရမည့် လုပ်ငန်းတာဝန် တစ်ရပ်တည်း စူးစူးနစ်နစ် ရှိနေခြင်းမျိုးကို ဆိုလိုသည်။ အနုပညာ သမားများက ယင်းကို ဈာန်ဝင်သည်ဟု ဆိုကြသည်။ခေါင်းထဲ၌ ကျပ်ခဲနေပြီး ဦးနှောက်ထဲမှ မီးခိုးများ အူထွက်လာသည်ဟု ခံစားရသည်အထိ စဉ်းစားသော်လည်း မည်သည့် စိတ်ကူးမျှ ထွက်မလာသည့် အဖြစ်မျိုးလည်း ကြုံရတတ်သည်။ ကျောင်းသားတစ်ဦး စာများကို တတွတ်တွတ် ကြက်တူရွေးရွတ် ရွတ်နေသော်လည်း မည်သည့် စကားလုံးကိုမျှ ခေါင်းထဲ မမှတ်နိုင် ဖြစ်ရတတ်သည်။ သင်္ချာပုစ္ဆာ တစ်ပုဒ်ကို စိန်းစိန်းကြီး စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် မည်သည့်နေရာမှ စ၍ မည်ကဲ့သို့ တွက်ချက်ရမည်မှန်း မသိ ဖြစ်တတ်သည်။ထို့ကြောင့် မြင့်မားသော အာရုံစူးစိုက်မှုက အလုပ်ကို အကောင်းဆုံးနှင့် အမြန်ဆုံး လုပ်နိုင်စေကြောင်းနှင့် အလုပ်လုပ်စဉ် မိမိ၏ စိတ်ကို ဇုန်အတွင်းသို့ရောက်အောင် တွန်းပို့နိုင်ပါက ရလဒ်ကောင်းများ ရရှိမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တင်ပြအပ်ပါသည်။
(ဇွန် ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)
ဇုန်ထဲ၌ တည်ရှိခြင်း
Most Read
Most Recent
17 hours ago









