မြန်မာနိုင်ငံ မတိုးတက်ရခြင်းသည် လက်ဝါးကြီးအုပ် ချုပ်ကိုင်ကာ စီးပွားရေး လုပ်ကိုင်ခွင့် ပေးခြင်းကြောင့်ဖြစ်ပြီး လက်ရှိအစိုးရသစ် လက်ထက်တွင် စီးပွားရေး လုပ်ကိုင်လိုသည့် မည်သူ့ကိုမဆို မျှတစွာ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်ထားဟု စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ မတိုးတက်ရခြင်းသည် လက်ဝါးကြီးအုပ် ချုပ်ကိုင်ကာ စီးပွားရေး လုပ်ကိုင်ခွင့် ပေးခြင်းကြောင့်ဖြစ်ပြီး လက်ရှိအစိုးရသစ် လက်ထက်တွင် စီးပွားရေး လုပ်ကိုင်လိုသည့် မည်သူ့ကိုမဆို မျှတစွာ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်ထားဟု စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား
Published 13 June 2016
နီလာ

မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်စွမ်းရှိသည့် စွမ်းဆောင်နိုင်သည့် လုပ်ငန်းရှင်များစွာ ရှိနေပြီး သဘာ၀ အရင်းအမြစ်များ ပေါများသော်လည်း မတိုးတက်ရခြင်းသည် လက်ဝါးကြီးအုပ် ချုပ်ကိုင်ကာ စီးပွားရေး လုပ်ကိုင်ခွင့်ပေးခြင်းကြောင့် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဇွန် ၁၃ ရက် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည့် ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင်  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆိုသည်။
"ကျွန်တော်တို့နိုင်ငံမှာ အခုလို ပုဂ္ဂိုလ်တွေ ရှိနေလျက်နဲ့ ဘာဖြစ်လို့ မတိုးတက်ခဲ့လဲဆိုတော့ ကျွန်တော် ပထမဦးဆုံး တွေ့တဲ့အချက်က Monopoly ပါ။ ဒီနေရာကို ငါပဲလုပ်မယ်။ ဒီနေရာကို ငါပဲယူမယ်။ ဒါကိုဖြင့် ငါပဲတစ်ယောက်တည်း ပိုင်ဆိုင်လိုက်မယ်ဆိုတဲ့ အဲဒီလို စိတ်ဓာတ်မျိုးတွေ ရှိနေခဲ့လို့ ကျွန်တော်တို့နိုင်ငံ မတိုးတက်ရတဲ့ အကြောင်းရင်း တစ်ခုပါလို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
"ဒါကြောင့်မို့ ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြောင်းလဲတိုးတက်အောင် လုပ်မယ်ဆိုရင် မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး မိမိတို့စွမ်းရည်အရ မိမိတို့ရဲ့ဘဏ္ဍာအရ မိမိတို့ရဲ့ကျွမ်းကျင်မှုအရ နည်းပညာအရ ဘယ်လိုစီးပွားရေး မျိုးကိုမဆို လုပ်ကိုင်ခွင့် ရှိစေရမယ်လို့ ကျွန်တော်တို့ မှန်းပါတယ်။ ကျွန်တော်တို့  နိုင်ငံတွင်းမှာ ရှိနေတဲ့ မည်သူမဆို နိုင်ငံသားအားလုံး မိမိတို့ လုပ်ချင်တဲ့အလုပ်၊ လုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဘယ်သူ ဘယ်သူ့ကိုမှ အခွင့်အလမ်း မပေးပါဘူး။ Oppotunity ဆိုတဲ့ အခွင့်အရေးပဲရှိတယ်။ Change ဆိုတဲ့ အခွင့်အလမ်း မပေးပါဘူး။ နိုင်ငံသား အားလုံးမှာ မျှတစွာနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အရေးအခင်းကို ကျော်လွှားနိုင်စေရမယ်" ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသားအားလုံး မျှတညီညွတ်စွာဖြင့် နိုင်ငံတိုးတက်အောင် လုပ်နိုင်စွမ်းရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံအတွင်းရှိ စီးပွားရေး အခွင့်အလမ်းများအရ လုပ်ငန်းရှင်များ၏ ကျွမ်းကျင်မှု၊ ငွေရေးကြေးရေးနှင့် စွမ်းဆောင်နိုင်မှု အနေအထားများအရ လုပ်ကိုင်လိုသည့် လုပ်ငန်းများ အားလုံးကို အခွင့်အရေးမျှတစွာနှင့် လုပ်ကိုင်ခွင့်ပေးရန် အစိုးရသစ် အနေဖြင့် အစီအစဉ်ချထားပြီး ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံမှာ စွမ်းအားတွေ ရှိပါတယ်။ ထို့နည်းတူစွာ ကျွန်တော်တို့ နိုင်ငံမှာ အထိုက်အလျောက်အားဖြင့် အတိုင်းအတာ တစ်ခုအားဖြင့် ရှိနေသေးတဲ့ Resources တွေလည်း ရှိနေပါတယ်။ ထို့နည်းတူ ကျွန်တော်တို့ နိုင်ငံကို ခင်မင်ရင်းနှီးပြီး ဝိုင်းဝန်းလက်တွဲလိုတဲ့ ပြည်ပက စေတနာမှန်တဲ့ သူတွေလည်း ရှိနေပါသေးတယ်။ ဒါဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ကောင်းမြတ်တဲ့ အခင်းအကျင်းတွေ ပတ်ဝန်းကျင် အသိုက်အဝန်းတွေ လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ဒီကနေ့ ဆင်းရဲနွမ်းပါးနေတဲ့ ပြည်သူတွေ ဆင်းရဲချို့တဲ့နေတဲ့ ပြည်သူတွေ ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေ အားလုံးကို ကျွန်တော်တို့ ကယ်တင်နိုင်ကြလိမ့်မယ်လို့ ကျွန်တော် ပြောလိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
 

Most Read

Most Recent