၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ပြီးခဲ့သည့် ငါးနှစ်အတွင်း စံချိန်တင် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ပြီးခဲ့သည့် ငါးနှစ်အတွင်း စံချိန်တင် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်း
Published 10 June 2016
မင်းသီဟဇော်

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တစ်မျိုးသားလုံး၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) မှာ ကျပ် ၈၄၁၂၈ ဘီလျံဟု ခန့်မှန်းထားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းဟု ခန့်မှန်းထားကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်၏ စီးပွားရေး အခြေအနေ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ စုစုပေါင်းရငွေကို ကျပ် ၁၇၄၄၉ ဘီလျံ၊ ပြည်ထောင်စု၏ စုစုပေါင်း အသုံးစရိတ်ကို ကျပ် ၂၁၃၇၁ ဘီလျံဟု ခန့်မှန်းထားသောကြောင့် ပြည်ထောင်စု၏ စုစုပေါင်းလိုငွေမှာ ကျပ် ၃၉၂၂ ဘီလျံဖြစ်ကြောင်း ဖော်ပြထားသည်။အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၆၂၁၈ ဘီလျံဖြစ်ပြီး  ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် GDP အချိုးမှာ ၇ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ လိုငွေနှင့် GDP အချိုးမှာ ၄ ဒသမ ၆၆ ရာခိုင်နှုန်းဖြစ်ကြောင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်၏ စီးပွားရေး အခြေအနေ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရာ၌ ဒေါ်လာတစ်ဒေါ်လာ၏ ငွေကြေးလဲလှယ်နှုန်းကို ၁၂၈၅ ကျပ်ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၆ ခုနှစ် ဧပြီလအတွင်း တစ်နှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုှုနှုန်းမှာ ၁၁ ဒသမ ၆၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်း တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုှုနှုန်းမှာ ၁၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အစားအစာဈေးနှုန်းများ တက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလတွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent