ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း ၆၂ နှစ်နှင့် အသက် ၇၀ အရွယ် အဘွားအိုနှစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်ကြာသည်အထိ ဖမ်းမမိသေး

ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း ၆၂ နှစ်နှင့် အသက် ၇၀ အရွယ် အဘွားအိုနှစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်ကြာသည်အထိ ဖမ်းမမိသေး
Published 9 June 2016
ရှိုင်းလင်းအောင်

ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း အဘွားအိုနှစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဇွန် ၉ ရက်က သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းကဲ့သို့ အဘွားအိုနှစ်ဦး အသတ်ခံရမှုသည် ၂၀၁၅ ခုနှစ် ဇွန် ၉ ရက်က ဖြစ်ပွားခဲ့သဖြင့် ယနေ့ ၂၀၁၆ ခုနှစ် ဇွန် ၉ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် အသတ်ခံရသည်ကိုမူ မသိရှိရသေးပေ။
“တိုင်းတွေရော ခရိုင်တွေရော  စစ်နေတုန်း။ သက်ဆိုင်ရာ ကာယကံရှင်နဲ့ ဆက်စပ်တဲ့ မိသားစုတွေကို ဟိုတစ်နေ့က စစ်သေးတယ်။ ဖော်ထုတ်လို့ မရသေးဘူး” ဟု တာမွေ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
၂၀၁၅ ခုနှစ် ဇွန် ၉ ရက်က တာမွေမြို့နယ်၊ ပုသိမ်ညွန့် စံပြရပ်ကွက်၊ မလွှကုန်းလမ်းရှိ အိမ်အမှတ် (၉၉) ၌ နှစ်ဦးတည်း နေထိုင်ကြသည့် (၆၂) နှစ်နှင့် အသက် (၇၀) နှစ် အရွယ်ရှိ သက်ကြီးရွယ်အို အဘွားအိုနှစ်ဦး အသတ်ခံခဲ့ရသည်။
အဆိုပါ အဘွားအိုနှစ်ဦး အသတ်ခံရသည်ကို အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက မသိဘဲ ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးက အဆိုပါနေအိမ်သို့ အလည်လာရောက်စဉ် အိမ်တံခါးပေါက်ကို ကတ်ကြေးဖြင့် ကလန့်ပိတ်ထားသဖြင့် တံခါးအား ဖွင့်ဝင်ရာ အပေါက်ဝအနီးတွင် ဒေါ်.....(၆၂)နှစ်နှင့် ဒေါ် ... (၇၀) နှစ်တို့နှစ်ဦးအား အိမ်တံခါးပေါက်၀ အနီးတွင် ပက်လက် အနေအထားဖြင့် လည်ပင်း ထိုးသွင်း ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာများဖြင့် အနံ့အသက်များ ထွက်ကာ သေဆုံးလျက်ရှိကြောင်း တာမွေမြို့မရဲ စခန်းမှ သိရသည်။
အသတ်ခံခဲ့ရသည့်  အဘွားအိုနှစ်ဦးသည်  ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဘုရားပန်းရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများဖြစ်ပြီး တာမွေမြို့နယ်၊ ပုသိမ်ညွန့်စံပြရပ်ကွက် မလွှကုန်းလမ်းအတွင်း နေထိုင်သည်မှာ ၂၅ နှစ် ဝန်းကျင်ခန့်ရှိဖြစ်ကာ ပတ်ဝန်းကျင်နှင့် သင့်မြတ်ပြီး အနေ အေးဆေးသူများဖြစ်ကြောင်း အနီးပတ်ဝန်းကျင် နေထိုင်သူများထံမှ သိရသည်။
ယင်းအမှုဖြစ်စဉ်တွင် ကျူးလွန်သူများ ဖမ်းဆီးရမိရန်အတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊  တိုင်းရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် CID ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါအမှုအား တာမွေမြို့မရဲစခန်းမှ (ပ)၈၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။
အလားတူ၂၀၁၄ ခုနှစ် အောက်တိုဘာ ၄ ရက်က တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းနေ မ....... (၁၈) နှစ်သည် မိသားစုများနှင့်အတူ ပန်းဘဲတန်းမြို့နယ်ရှိ ‘တိတ်ချိန်’ ရွှေဆိုင်သို့ သွားရောက်ခဲ့ပြီး နေအိမ်တွင် အိမ်အကူနှစ်ဦးသာ ကျန်ရှိနေစဉ် နေအိမ်ထဲသို့ မျက်နှာကို ပဝါအနက် စည်းထားသည့် လူငယ်သုံးဦးသည် အိမ်ထဲသို့ နောက်ဖေးဘက်မှ ဝင်လာပြီး ၎င်းတို့နှစ်ဦးအား ကြိုးဖြင့်တုပ်နှောင်ကာ  ငွေစက္ကူ  ၇၅ သိန်းနှင့် အိမ်အကူတစ်ဦး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးတစ်ကုံး၊ ဆင်းမ်ကတ်ပါ လက်ကိုင်ဖုန်းသုံးလုံး စုစုပေါင်း ငွေ ကျပ် ၈၉၃ သိန်း တန်ဖိုးရှိပစ္စည်းများ လုယူသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှ ကျူးလွန်သူများကို ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်း ရှိ မရှိ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့သို့  ဆက်သွယ်မေးမြန်းရာတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိ သေးကြောင်း ပြန်လည်ဖြေကြားသည်။
အဆိုပါဖြစ်စဉ်အား ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး တာမွေမြို့မရဲစခန်းက ၆/၁၄ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။