ဒေါ်လာအတု ပြုလုပ်သည်ဟုယူဆရသည့် ပစ္စည်းများဖြင့် ဖမ်းဆီး တရားစွဲခံထားရသော လိုက်ဘေးရီးယားနိုင်ငံသားကို အာဖရိက ပတ္တမြားများ တရားမဝင်သယ်ဆောင်မှုဖြင့် ထပ်မံအမှုဖွင့်ကာ ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေး

ဒေါ်လာအတု ပြုလုပ်သည်ဟုယူဆရသည့် ပစ္စည်းများဖြင့် ဖမ်းဆီး တရားစွဲခံထားရသော လိုက်ဘေးရီးယားနိုင်ငံသားကို အာဖရိက ပတ္တမြားများ တရားမဝင်သယ်ဆောင်မှုဖြင့် ထပ်မံအမှုဖွင့်ကာ ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေး
Published 8 June 2016
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခု၌ ဒေါ်လာအတု ပြုလုပ်သည်ဟု ယူဆရသည့် ပစ္စည်းများဖြင့် ဖမ်းဆီးပြီး အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆို ခံထားရသည့် လိုက်ဘေးရီးယားနိုင်ငံသားကို အာဖရိကပတ္တမြားများ တရားမဝင် သယ်ဆောင်မှု ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဇွန် ၈ ရက်က ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။
 
ယင်းရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ၎င်းတည်းခိုခဲ့သည့် ဟိုတယ်မှ မန်နေဂျာနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းစဉ် ဘာသာပြန်ပေးခဲ့သူ အမျိုးသားတို့အား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ ရှေ့နေက ပြန်လှန်မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
 
တရားစွဲဆို ခံထားရသည့် လိုက်ဘေးရီးယားနိုင်ငံသားMr.RAYMOND SAM CHO (၃၅) နှစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ်၊ ဦးဝိစာရ ရပ်ကွက်ရှိ ဟိုတယ်တစ်ခု၌ ဒေါ်လာအတု ပြုလုပ်သည့် စာရွက်စာတမ်းများ ပါရှိကြောင်း သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အဆိုပါ ဟိုတယ်ရှိ ၎င်းတည်းခိုသည့် အခန်းအတွင်းမှ အမေရိကန် ဒေါ်လာနှင့် အရွယ်အစားတူသည့် စက္ကူ ရွက် ၆၀၀၀ ခန့်အား ပေါင်ဒါမှုန့်၊ ဂွမ်းတို့ဖြင့် စနစ်တကျ ထုပ်ပိုးထားသည်ကို တွေ့ရှိခဲ့ပြီး ဒေါ်လာအတု ပြုလုပ်ရာ အသုံးပြုသည်ဟုယူ ဆရသည့် ဆေးရည်ပုလင်းသုံးမျိုးနှင့် ဆပ်ပြာအထုပ်ငယ် တစ်ထုပ်၊ ကျောက်နီ အထုပ်ငယ် ခြောက်ထုပ် တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ၎င်းအား ဒဂုံမြို့မရဲစခန်းက (ပ)၂၁/ ၂၀၁၆ ပြစ်မှုပုဒ်မ ၄၂၀/၄၈၉ - ဃ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး အနောက်ပိုင်းခရိုင်၌ တရားစွဲဆို စစ်ဆေးလျက်ကြောင်း သိရသည်။
 
ထို့နောက် သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများအနက် ကျောက်နီအထုပ်ငယ်များအား သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ ပို့ဆောင်၍ ထင်မြင်ချက်တောင်းခံခဲ့ရာ အဆိုပါ ကျောက်နီများမှာ ဖန်သွင်း အပူပေးပြုပြင်ထားသည့် အာဖရိက ပတ္တမြားများဖြစ်ကြောင်း သိရသဖြင့် အဆိုပါပတ္တမြားများကို မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်မှုဖြင့် လိုက်ဘေးရီးယားနိုင်ငံသားအား ဒဂုံမြို့မရဲစခန်းက (ပ) ၄၉/၂၀၁၆ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေးခဲ့ပြီး လက်ရှိတွင် ၎င်းအား ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။