၂၀၁၅-၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် တန်းအောင်စာရင်းများကို ဇွန် ၁၁ ရက် (စနေနေ့) နံနက် ၆ နာရီတွင် ထုတ်ပြန်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“အောင်စာရင်းတွေကို ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ဖို့ အတည်ပြုလိုက်ပြီး ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ တောင် ငူတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ် အစရှိသည့် မြန်မာတစ်နိုင်ငံလုံးရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၁၀ ခု၌ ဧပြီ ၁ ရက်မှ စတင်ကာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၆ ခု၊ ပြည်တွင်း စာစစ်ဌာန ၁၄၅၁ ခု စုစုပေါင်း စာစစ်ဌာနပေါင်း ၁၄၆၇ ခု ထားရှိ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေမှာ ၆၇၁၄၃၁ ဦး ရှိသည့်အနက် ရာခိုင်နှုန်း ၉၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ် ၉ ရက်တွင် မြန်မာစာ၊ မတ် ၁၀ ရက် တွင် အင်္ဂလိပ်စာ၊ မတ် ၁၁ ရက်တွင် သင်္ချာ၊ မတ် ၁၂ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၅ ရက်တွင် ရူပဗေဒ၊ မတ် ၁၆ ရက်တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ မတ် ၁၇ ရက်တွင် ပထဝီဝင်၊ မတ် ၁၈ ရက်တွင် သမိုင်းဘာသာရပ်များအား တစ်နိုင်ငံလုံး၌ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးရှိ အောင်မြင်သည့် ကျောင်းသားကျောင်းသူများ၏ စာရင်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်မြို့နယ်ရှိ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်ရှိ အမှတ် (၃)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၆)၊ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ဝေးလံခေါင်သီသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စာစစ်ဌာနများတွင် ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများအတွက် မြန်မာ့အသံရေဒီယို အစီအစဉ်၌လည်း ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖြေဆိုသူ စုစုပေါင်း ၅၉၂၉၄၆ ဦး ရှိပြီး အောင်မြင်သူအရေအတွက် ၂၂၄၈၄၇ ဦး ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၆၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန် ၁၁ ရက်တွင် ထုတ်ပြန်မည်
Most Read
Most Recent
17 hours ago









