(၁)
နွေရာသီကျောင်းပိတ်ရက်ရှည် ကုန်ဆုံး၍ ကျောင်းဖွင့်ရာသီသို့ ပြန်ရောက်ပြန်ပါသည်။ ကျောင်း၏ ဝင်းတံခါးများ ဟင်းလင်း ဖွင့်ထားနိုင်ခြင်းက ကျက်သရေမင်္ဂလာ ရှိလှပါသည်။
(၂)
ကျောင်းဝင်းတံခါးကြီး၏ သော့ခလောက်ကို ဖွင့်လှစ်ပေးသူမှာ “ကျောင်းအုပ်ကြီး” ဖြစ်ပါသည်။ စာသင်ခန်းများ၏ တံခါးအသီးသီးကို ဖွင့်ပေးကြသူများက “ဆရာများ” ဖြစ်ကြသည်။ စာသင်ခန်းတံခါးများ ပွင့်သွားပြီးသည့်အခါ ဟိုအခန်း သည်အခန်းမှ “မင်္ဂလာပါ” ဆိုသော အသံများက ဆက်ကာ ဆင့်ကာ ပျံ့ လွင့်လာတော့သည်။ တစ်အောင့်မျှ ငြိမ်တိတ်ပြီးလျှင် ဘုရားရှိခိုးသံများ ဝေေ၀လွင်လွင် ကြားရပါသည်။
ထို့နောက် တစ်နေ့တာလုံးတွင် စာအံ သံများက ပျံ့လွင့်လိုက်၊ ရယ်သံများကို ကြားရလိုက်၊ ကိုယ်ရောစိတ်ပါ ဟန်နှင့်ပန်နှင့် ပြောဆိုသင်ပြနေပုံရသော ဆရာတို့၏ အသံ ကျယ်ကျယ်တစ်မျိုး၊ အသံတိုးတိုး တစ်ဖုံ၊ အသံခပ်အုပ်အုပ်က တစ်သွယ် ဆိုသလို အပေးအယူတည့်နေသံတို့ကို တစ်ချက်တစ်ချက် ကြားရသည်။ တစ်ခါတစ်ရံ ဆရာက ဆူပြောနေသံကိုလည်း ကြားရသည်။ တစ်ခါတစ်ရံ ဆရာတို့ ကိုယ်တိုင် ရယ်မောသံကိုလည်း ကြားရသည်။ ထိုအခါ အခန်းထဲရှိ တပည့်တို့၏ ပုံသွင် မည်သို့ရှိနေမှာပါလိမ့်။
အတန်းငယ်ကလေးများ၏ အခန်းများမှာတော့ စကားသံများက စီစီညံညံ ဖြစ်သည်။ ဆရာမက တစ်ချက်လောက် အသံပေးလိုက်လျှင် အသံတိတ်သွားလိုက် ခဏနေတော့ ပြန်ညံလိုက်နှင့် ဖြစ်သည်။
တိုင်ပေးသောကဗျာကို လိုက်ဆိုနေကြသော အခန်းတစ်ခန်းမှ အသံများက တစ်ယောက်၏ အသံမှာ စူးစူးရှရှ ပေါ်လာလိုက် အများ၏အသံက အင်နှင့်အားနှင့် ခပ်ကျယ်ကျယ် ပေါ်လာလိုက် မှန်မှန်ထွက်ပေါ်နေသည်။ သီချင်းကို သံပြိုင် သီဆိုနေကြသံ တစ်နေရာမှ ပျံ့လွင့်သည်ကိုလည်း ကြားရသည်။
ကျောင်းချိန် တစ်ဝက်ကုန် စာသင်ချိန် တစ်ဝက်ကျိုး၍ မုန့်စား ထမင်းစားချိန် ခဏတာ အားလပ်ချိန်ရောက်တော့ အစားထက် အကစားကို ပိုမက်ကာ ကျောင်းဝင်းထဲ မွစာကြဲအောင် ပြေးလွှား ဆော့ကစားပျှော်ရွှင်စွာ အော်ဟစ်သံတို့မှာ ဟိုမှသည်မှ စီခနဲ ညံခနဲသာ ရှိတော့သည်။
ရှေးကတော့ ကျောင်းတက် ကျောင်းဆင်း ခေါင်းလောင်းတီးသူမှာ ကျောင်းအုပ်ဆရာကြီး ဖြစ်ပါသည်။ “ဆ ဆရာကြီး ခေါင်းလောင်း တီး”ဟူ၍ ဆရာကြီး မင်းသုဝဏ်က ဖွဲ့ခဲ့သည်။ အိမ်တွေ အိမ်တွေမှ နာရီများ မည်သို့ရှိရှိ ကျောင်းအုပ်ဆရာကြီးကတော့ သူ့နာရီနှင့်သာ သူ့အလုပ်သူ လုပ်သည်။
မုန့်စားဆင်းပြီး ကျောင်းပြန်တက်၍ စာသင်ခန်းအတွင်း ပြန်ရောက်ကြလျှင် သူတို့ကလေးတွေမှာ ချွေးကလေးများ တစိုစိုဖြင့် ရွှင်လန်းမှု တစ်မျိုးသစ်နေပြန်ပါသည်။
“ကဲ၊ ကစားခဲ့တဲ့ အကြောင်းတွေ ပြောခဲ့တဲ့ အကြောင်းတွေ ခဏရပ်ကြတော့” ဆရာက သူတို့၏ အာရုံကို လွှဲဖယ်ယူကာ ဂဏန်းသင်္ချာ တွက်ခိုင်းတာ လေ့ကျင့်ခန်း ရေးခိုင်းတာတွေမှာ သူတို့ တကုပ်ကုပ် လုပ်ကြပြန်တော့သည်။
တစ်ခါတစ်ခါ စာသင်ခန်းများသည် အသံဗလံ မထွက်ဘဲ ငြိမ်သက်နေတတ်ပြန်သည်။ ကျောင်းဝင်းကြီးကပါ တိတ်ဆိတ်နေတတ်သည်။ ထိုအခါ ရုံးခန်းထဲရှိ စားပွဲမှ ခေါင်းထောင် ထမိသလို တစ်ကျောင်းလုံးသို့ လှည့်ပတ် လျှောက်ကြည့်နေတတ်သူကလည်း ကျောင်းအုပ်ကြီးပါပင်။
အတန်ကြာသွားပြီးချိန် ခေါင်းလောင်းသံ ကြားရပြီးနောက်မှာတော့ “ကမ္ဘာမကျေ” သီချင်း သီဆိုလိုက်ကြသံက သံပြိုင်ပေါ်ထွက်လာသည်။ သီချင်းသံဆုံးတော့ အတန်းများ စာသင်ခန်းများက လူကလေးများ လျှံထွက်လာကြလေသည်။ မင်္ဂလာညနေခင်းပါ။
(၃)
ကျောင်းရပ်ဝန်းဆီ မျှော်ချေလျှင်သည် လိုစာပန်းချီ၏ စုတ်ချက်က ကြမ်းနိုင်သော်လည်း ကိုယ့်ဆရာ ကိုယ့်ကျောင်း ကိုယ့်ငယ်ပေါင်းတို့ကို လွမ်းမိတတ်ကြပါသည်။ အောက်မေ့ မိတတ်ကြမှာပဲ ဖြစ်သည်။
စာသင်ကျောင်းဆိုသည်ကို ကျောင်းဝင်းတံခါးကြီး သော့ခလောက် ဖွင့်ပေးသော ကျောင်းတက်ကျောင်းဆင်း ခေါင်းလောင်းတီးသော ဆရာကြီးလည်း ဖြတ်သန်းခဲ့သည်။ စာသင်ခန်းတံခါးကို ဖွင့်၊ သင်ခန်းစာအမျိုးမျိုးကို တပည့်အမျိုးမျိုးတို့အား သင်ကြား ပြသပေးသည့် ဆရာကလည်း ဖြတ်သန်းခဲ့ရသည်။ သည်ကနေ့ မျက်မှောက်ခေတ်တွင် ဖေဖေ မေမေ အခေါ်ခံလာရသူများလည်း ဖြတ်သန်းခဲ့ကြသည်ပင်။ ထိုအခါ စာသင်ကျောင်းကလေး ကိုယ်စီကိုယ်စီကို စာနာ နားလည်စိတ်အပေးနိုင်ဆုံးသော သူများမှာ ထိုလူများပင် ဖြစ်ကြလေသည်။
(၄)
ကလေးကျောင်းနေအရွယ် ရောက်လာလျှင် ကျောင်းထားရမည်။ မိဘက ကျောင်းလာအပ်လျှင် ကျောင်းက လက်ခံရမည်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေသင့်သည်။ ကလေးများ ကျောင်းနေပညာ သင်ယူကြဖို့ အခက်အခဲတွေ မဖြစ်သင့်။
ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ လေးယောက်သည် အမေနှင့်သာ ကြီးပြင်းခဲ့ရသည်။ အမေက ကျွန်တော့်ကို ကျောင်းအပ်နှံ ကျောင်းထားပေးခဲ့သည်မှာ မော်လမြိုင်မှာ တစ်ကျောင်း၊ ရန်ကုန်မှာ ကျောင်းနှစ်ကျောင်း ပေါင်း သုံးကျောင်းတွင် ကျွန်တော် ကျောင်းနေခဲ့ရသည်။ ကျောင်းနေစက အဖိုးဖြစ်သူက ကျွန်တော့်ကို မိုးထဲရေထဲ ကျောင်းသို့ အခေါက်ခေါက် အခါခါ လိုက်ပို့သော်လည်း ကျွန်တော်သည် အိမ်သို့ ပြန်ပြန်ပြေးခဲ့သော ကလေးဖြစ်ခဲ့သည်ကို မှတ်မိနေသည်။ ဆရာမက နွားအကြောင်း ရေးခိုင်းသည်ကို စာမရေးဘဲ နွားပုံကို ဆွဲနေခဲ့သဖြင့် ခေါင်းကို အခေါက်ခံခဲ့ရသည်။ သို့သော် ကျွန်တော်အတန်းတော့ တက်ခဲ့ရပါသည်။ ကျောင်းသုံးကျောင်းကို မူလတန်းအရွယ်မှာ ပြောင်းပြောင်းနေဖူးတော့ သတိရစရာက သူများထက် ပိုနိုင်ပါသည်။ လေးတန်း စကောလားရှစ်ဝင်ဖြေခွင့် ရခဲ့ရာ ကျောင်းကတော့ ကျောင်းနံဘေးတွင် မြူနီစီပယ် ကစားကွင်းကလေး ရှိခဲ့သဖြင့် ကျွန်တော်တို့တွေ အပျော်ဆုံး ဖြစ်ခဲ့ကြသည်။ ထိုကျောင်းကလေးမှာ ယခု တာမွေပလာဇာရှေ့ မျက်နှာချင်းမှ ကျောင်းဖြစ်သည်။ စာရှုသူ သွားကြည့်လိုက်ပါ။ ထိုကျောင်းကလေးမှာ ရှစ်ထပ်တိုက်ကြီးထဲမှာ ဖြစ်နေသည်ကို စာရှုသူ တွေ့ရလိမ့်မည်။ “ကျောင်းသည် ကျောင်းနှင့် တူရမည်” ဟု ဆိုပြောနေကြရင်းက ကျွန်တော်တို့တုန်းက မြေစိုက် အဆောင်ကလေးတွေနှင့် ကျောင်းသည် ယခု ဘာကြောင့် သည်လိုပြုကြပါသလဲ။ တိုက်အထပ်ထပ်တွင် ကလေးများ ကျဉ်းကျဉ်းကျပ်ကျပ်နှင့် အတက်အဆင်း လုပ်ကြရသည်မှာ ကောင်းလို့လား။
တစ်ခါ ကျောင်းနံဘေးမှ မြူနီစီပယ် ကစားကွင်းကလေးကလည်း ကလေးများအတွက် ကစားစရာ အစုံရှိခဲ့ပါလျက် မဆလခေတ်မှာ သမဝါယမနေရာ ဖြစ်သွားခဲ့သည်။ သွားကြည့်ပါ။ ယခု ဆိုင်များ ဖြစ်နေသည်။
“ကျောင်းသားဟာ ကျောင်းသားနဲ့ တူရမယ်” ဆိုတဲ့ စကားဟာလည်း သူတို့ အုပ်ချုပ်သူတွေ နှင့် ဌာနက အလွန်ပြောခဲ့တာပါပဲ။ ကျောင်းသားဟာ ကျောင်းသားနှင့် တူအောင်ဆိုရင် ကျောင်းသားဟာ ကစားနေရပါမယ်။ အခုတော့ ကျောင်းဘေးမှ ကလေးကစားကွင်းကို သူတို့ ဖျောက်ဖျက် ပစ်လိုက်ကြသည်။ ပြောတော့ Learning by Playing ဆိုပြီး လုပ်တော့ တလွဲပါကလား။ ကျောင်းဘေးက ကစားကွင်း ဘယ်သူ ဖျက်ခွင့်ပြုသလဲ။ ကျောင်းအုပ်ဆရာကြီးက မပြောဘူးလား၊ ပြောပိုင်ခွင့် မရှိဘူးလား။ မူလတန်းကျောင်းကလေး သူ့အဝန်းအဝိုင်းနှင့်သူ ရှိနေတာ ဘယ်သူက ရှစ်ထပ်တိုက် ဆောက်ခွင့်ပြုသလဲ။ ကျောင်းအုပ်ဆရာကြီးက လုပ်တာလား၊ ဌာနက ခွင့်ပြုတာလား။
သည်လိုတွေ မြင်ရတွေ့မိရတော့ မူလတန်းအရွယ် အပျော်ဆုံးကျောင်းကလေး အမှတ်ရစရာတွေသည် ပိုပြီး လွမ်းစရာ ကောင်းနေတော့သည်။
ထိုကျောင်းကလေးတွေမှာ ဆရာတို့က ကျွန်တော်တို့ စာမရလျှင် ရိုက်တတ်ပေငြား ကျွန်တော်တို့ကို သူတို့သားသမီးနှယ် ချစ်ခဲ့ကြသည်။ ကြိမ်နှင့် ရိုက်တတ်သော်လည်း အရေးကြီးသည့် စာမေးပွဲအတွက် သူ၏ အိမ်ကျဉ်းကျဉ်းကလေးဆီသို့ တပည့်များကိုခေါ်ကာ အချိန်ပို စာတွေ သင်ကြားပေးခဲ့သည်။ ထမင်းကျွေးခဲ့သည်။ မုန့်ကျွေးခဲ့သည်။ ကျွန်တော်တို့ ဆရာတွေက ယူသူတွေ မဟုတ်၊ ပေးသူတွေ ဖြစ်ခဲ့ကြသည်။ ထိုဆရာတို့၏ သြဇာများသည် ယနေ့တွင် ကျွန်တော်တို့ထံတွင် ရှိနေဆဲဖြစ်ပါသည်။
ထိုထိုဤဤ စာသင်ကျောင်းများဆီသို့ ကလေးများ၊ ကျောင်းသူ ကျောင်းသားကလေးများ ရောက်ရောက်လာကြမည်။ အတန်ကြာလျှင် ကျောင်းနှင့် စာပညာနှင့် ဆရာထံမှ အတွ့အကြုံတို့ကို ရရှိကာ သူတို့တွေ ပြန်ထွက်သွား ပြောင်းရွှေ့သွားကြမည်။ အသစ်အသစ်သော ကလေးတို့ ကျောင်းသားကျောင်းသူတို့ကတော့ ကျောင်းဖွင့်ရာသီမှ စကာသည် လိုပင်အလျဉ်မပြတ် ရောက်လာနိုင်ပေသည်။ စာသင်ကျောင်း ဆိုသည်က စာသင်အရွယ် ကလေးများကို လက်ယပ်ခေါ်လက်ကမ်းကာ နွေးထွေးစွာ ကြိုဆိုနေရမည့်နေရာ ဖြစ်သည်။ ထိုသို့ ကြိုဆိုကြရမည့် “ဆရာ” တို့ ကိုယ်တိုင်လည်း အချိန်ကစေစားသည့် အလျောက် ထွက်ခွာသွား ပြောင်းရွှေ့သွား သည်များလည်း ရှိနေသည်။
ကလေးတို့မှာရော ဆရာတို့မှာပါ အတူပါသွားမည့် အရာများကား...
သင်ပြသင်ယူမှု
ဆရာတပည့် ဆက်ဆံရေး
မိဘနှင့်ဆရာ ဆက်ဆံရေး
ကျောင်းသားချင်း ဆရာချင်း ဆက်ဆံရေး
စသည့် အပြုအမှုတို့ပင် ဖြစ်သည်။ ထိုဆက်ဆံမှုတို့နှင့် စပ်ဆိုင်ရာကောင်းသော အပြုအမှုများကို ကလေးတို့ရော ဆရာတို့ပါ ဆောင်ယူသွားနိုင်ကြလျှင် မည်မျှ ကောင်းလိုက်ပါမည်နည်း။ လောကသဘာဝအရ အဆိုးတို့လည်း ရှိနိုင်သေးသော်လည်း အဆိုးကလေးများကို မေ့ဖျောက်ပယ်ဖျက် ဖုံးလွှမ်းနိုင်သော အကောင်းများဖြစ်ဖို့ကိုမူ ထိုလူများပင် ဆောင်ကြဉ်းကြရပေမည်။
(၅)
ကျောင်းဖွင့်ရာသီ ရောက်ပြန်လျှင် ကိုယ့်ဆရာ ကိုယ့်ကျောင်း ကိုယ့်ငယ်ပေါင်းတို့ ရှိခဲ့ဖူးသော ကျောင်းရပ်ဝန်းကျင်ဆီ မျှော်ခေါ်မိတတ်ကြသည်။
သတင်းစာများတွင် ကျောင်းအပ်နှံမှုသတင်းများလည်း ဓာတ်ပုံများနှင့်တကွ ပါပါလာသည်။ အဲဒါ ကိုယ့်ကျောင်းကလေးလား သူ့ကျောင်းလား အစ်ကိုကြီး အစ်မကြီးတို့ရဲ့ ကျောင်းလားဟူ၍ မိသားစုတွေမှာ သတင်းစာကို ကြည့်ရှုကြသည်။ ကိုယ့်ကျောင်းကလေး ဆရာ၊ တပည့်၊ မိဘတို့ စည်ကားနေသည်ဆိုလျှင် တိုးတက်ကောင်းမွန်နေသည်ဆိုလျှင် ပျော်ကြရွှင်ကြလို့။
ပညာရေးဝန်ကြီးဌာနတော့ ယခု ပညာသင်နှစ်ဆိုပြီး အခြေခံပါက ကျောင်းများတွင် ကျောင်းအပ်နှံရေးဆိုင်ရာ အစီအစဉ်သိရှိရန် အချက်များဟူ၍ အစိုးရနေ့စဉ်ထုတ် သတင်းစာတွင် Box ကလေးနှင့် အချက်အလက်များကို ဖတ်ရှုကြရပါသည်။
KG အတွက် အခမဲ့ကျောင်းဝတ်စုံ တစ်စုံ၊ မူလတန်းအဆင့်လည်း အခမဲ့ ကျောင်းဝတစုံ၊ မူလတန်းအဆင့်လည်း အခမဲ့ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ်ခြောက်အုပ်၊ ပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းများနှင့် အထက်တန်းအဆင့်တို့အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တစ်စုံစီ အခမဲ့၊ ထို့အတူ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေးများ ကွင်းလွတ်ခွင့် ရကြပါမည်။ အခမဲ့ ထောက်ပံ့မှုများပေး၍ ကောင်းမွန်ပါသည်။
ပညာရေးဝန်ထမ်းများအတွက်တော့ မည်သည့် အခကြေးငွေမှ မကောက်ခံရ။ ကျောင်းအပ်နှံခြင်းအတွက် ငွေကြေး/လက်ဆောင် ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်ပင် ရောင်းချခြင်း မပြုရဟူ၍ ပညတ်ထားပေသည်။
မိဘများအနေဖြင့်လည်း သက်ဆိုင်ရာ နယ်မြေမှာသာ ကိုယ့်သားသမီး ကျောင်းသား ကျောင်းသူကို ကျောင်းအပ်နှံကြဖို့၊ ကျောင်းအပ်နှံခြင်းအတွက် ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်ကြီးမှအစ ဆရာ ဆရာမများ၊ ဝန်ထမ်းများအထိပါ မကျန် ပေးအပ်ခြင်း မပြုကြရန် မေတ္တာရပ်ခံထားပါသည်။ ဒီလို ပညတ်ချက် တားမြစ်ချက် မေတ္တာရပ်ခံချက်များ ထုတ်ပြန်ကြေညာ နှိုးဆော်ရသည်က ဖြစ်ပျက်ခဲ့ကြလို့သာဟု ကောက်ချက်ချနိုင်ပေသည်။
(၆)
ကျောင်းဖွင့်ရာသီရောက်တိုင်း ကျောင်းတံခါးများ ဟင်းလင်းပွင့်၍ ကျက်သရေမင်္ဂလာ ရှိလှချိန်တွင် စာသင်ကျောင်းကလေးများ ကိုယ်စီကိုယ်စီအတွက် ပျော်စရာအကောင်းဆုံး ကျောင်းကလေးဖြစ်အောင် စာနာ နားလည်စိတ် အပေးနိုင်ဆုံးနှင့် ဆောင်ကြဉ်းပေးနိုင်ကြသူများမှာ ကျွန်တော်တို့ အပါအဝင် “ထိုလူများအားလုံး” ဖြစ်ကြပါသည်။
ပျော်စရာကောင်းတဲ့ ကျောင်းကလေး
Most Read
Most Recent
10 hours ago









