ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ပါတီတွင်း စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များအား သုံးသပ်ဆောင်ရွက်နိုင်ရန် ပါတီမှ ထုတ်ပယ်ခံထားရသည့် ဗဟိုအလုပ်အမှုဆောင်နှင့် ပါတီဝင်များ အိတ်ဖွင့်ပေးစာ ပေးပို့

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ပါတီတွင်း စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များအား သုံးသပ်ဆောင်ရွက်နိုင်ရန် ပါတီမှ ထုတ်ပယ်ခံထားရသည့် ဗဟိုအလုပ်အမှုဆောင်နှင့် ပါတီဝင်များ အိတ်ဖွင့်ပေးစာ ပေးပို့
Published 30 May 2016
နေရိုင်း၊ ကျော်မျိုး

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ပါတီတွင်းစည်းမျဉ်း စည်းကမ်းများနှင့် မညီသော ဆောင်ရွက်ချက်များအား သုံးသပ်ဆောင်ရွက်နိုင်ရန် ပါတီမှ ထုတ်ပယ်ခံထားရသော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ပါတီဝင်များက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ထုတ်ပယ်ခံထားရသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် လက်ရှိပါတီဝင်ဖြစ်သူတို့က မေ ၃၀ ရက်က နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်း၌ ပါတီဌာနချုပ်ရုံးကို စီးနင်းသိမ်းပိုက်ပြီး ထိုကာလတွင် ပါတီဥက္ကဋ္ဌတာဝန် ယူထားသည့် ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသူများ အပါအဝင် ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် အချို့ကို အသိပေးခြင်းမရှိဘဲ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ခြင်း၊ ပါတီအခြေခံစည်းမျဉ်းနှင့် မညီဘဲ ဗဟိုအလုပ် အမှုဆောင်ကော်မတီ ဝင်အသစ်များကို ခန့်အပ်တာဝန် ပေးခဲ့ခြင်း၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်များနှင့် ထိပ်တိုက်ယှဉ်ပြိုင်ခဲ့သူများအား ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဗဟိုကော်မတီက ရွေးချယ်တင်မြှောက်ခြင်း မဟုတ်ဘဲ တိုက်ရိုက်ခန့်အပ် ခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ပါတီ၏ အခြေခံစည်းမျဉ်းနှင့် ညီညွတ်ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်အချို့ကို တာဝန်မှအနားပေးခြင်း၊ ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက် တွင် ပါတီဝင် ၁၅ ဦးကို ပါတီမှ အနားပေး ထုတ်ပယ်ခဲ့ရာတွင် စွဲချက်ကို ကာယကံရှင်များအား အသိမပေးခြင်း၊ ခုခံရှင်းလင်း ချေပခွင့် မရရှိဘဲ မျက်ကွယ်ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပါတီစည်းမျဉ်းအရ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးသည် ယခုနှစ် မေလတွင် တစ်နှစ်ပြည့်မြောက်သော်လည်း ခေါ်ယူကျင်းပမှု မရှိခြင်း၊ အရေးပေါ်ပါတီ ညီလာခံ ခေါ်ယူပေးရန် ဗဟိုကော်မတီဝင် ၆၂ ရာခိုင်နှုန်းက တင်ပြတောင်းဆိုသော်လည်း ကျင်းပပေးရန် ပျက်ကွက်ခြင်း၊ ညီလာခံကိုယ်စားလှယ် အသစ်များကို ရွေးချယ်၍ ဒုတိယအကြိမ် ပါတီညီလာခံပြုလုပ်ရန် ပြင်ဆင်ခြင်း စသည့်အချက်များအား ပြန်လည်သုံးသပ်ပေးရန်  ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးဇော်မြင့်ဖေက "ဒီနေ့ ပါတီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ခေါင်းဆောင်ဆိုသူတွေရဲ့ လုပ်ရပ်ကို သူတို့ကို သူတို့ပြန်လည် သုံးသပ်နိုင်မလား ဆိုတဲ့ ကောင်းတဲ့မျှော်လင့်ချက်နဲ့ ဒီလိုလုပ်နေတာ ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပါတီတွင်း ပြဿနာကို တရားမျှတစွာ ဖြေရှင်းကြစမ်းပါ။ ပါတီတွင်း ဒီမိုကရေစီ အမှောင်မကျပါစေနဲ့။ ဒါကို ပါတီရဲ့ စည်းမျဉ်း စည်းကမ်း ဘောင်နဲ့ ပါတီတွင်း ဒီမိုကရေစီကို ကျင့်သုံးကြစမ်းပါလို့ ကျွန်တော်တို့ အော်နေကြခြင်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။
၎င်းကဆက်လက်ပြီး "တစ်ချိန်က အာဏာရပါတီကြီး ဖြစ်ခဲ့တဲ့ ပါတီအတွင်းမှာတော့ ဒီလိုဖြစ်နေပါပြီ ဆိုတာကို ကျွန်တော်တို့က ကြေညာတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီအတွင်းမှာ ဒီမိုကရေစီ အမှောင်မကျ စေချင်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီကို ပြုစုပျိုးထောင်ပြီး ထူထောင်နေတဲ့ ကာလမှာ ဒီမိုကရေစီ အညွန့်ကျိုးသွားတာမျိုး၊ ပြည်သူတွေဟာ မျှော်လင့်ချက် မဲ့သွားတာမျိုး၊ နောက်ကြောင်းပြန်သွားပြီဆိုပြီး စိုးရိမ်နေရတာမျိုး ဒါမျိုးတွေကို မဖြစ်စေချင်တဲ့အတွက် တင်ပြရခြင်း ဖြစ်ပါတယ်" ဟု  ပြောကြားသည်။                        

Most Read

Most Recent