မာနေမှာ နောက်ခံလူများအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု ဖာဒီနန် ပြောကြား

မာနေမှာ နောက်ခံလူများအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု ဖာဒီနန် ပြောကြား
Published 26 October 2018

 

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က လီဗာပူးလ် တောင်ပံကစားသမား မာနေမှာ နောက်ခံလူများအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

မာနေသည် လက်မရိုးကျိုးသည့်ဒဏ်ရာကြောင့် ဟတ်ဒါဖီးလ်အသင်းနှင့်ပွဲကို လွဲချော်ခဲ့သော်လည်း ဇဗက်ဒါအသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရသည့်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့သည်။ 

မာနေးသည် ယင်းပွဲစဉ်တွင် ပယ်နယ်တီတစ်လုံးလွဲချော်ခဲ့သော်လည်း လီဗာပူးလ်အတွက် နောက်ဆုံးအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။

BT Sport တွင် ဘောလုံးသုံးသပ်သူအဖြစ် လုပ်ကိုင်နေသည့် ဖာဒီနန်ကို မာနေသည် လီဗာပူးလ်အသင်းအတွက် အလွန်အရေးပါသည့် တိုက်စစ်သမားဖြစ်သလားဟု Mirror က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ယင်းမေးခွန်းကို ဖာဒီနန်က "(၁၀၀)ရာခိုင်နှုန်း သေချာတာပေါ့။ ဇဗက်ဒါနဲ့ပွဲမှာ သူ ကစားတာအရမ်းကောင်းတယ်။ မာနေဟာ ဟတ်ဒါဖီးလ်နဲ့ပွဲကို လွဲချော်ပေမယ့် ဇဗက်ဒါနဲ့ပွဲမှာ လီဗာပူးလ်အတွက် အကောင်းဆုံးခြေစွမ်းပြသွားတယ်။ သူ့ရဲ့ပြေးအားနဲ့ လှုပ်အားကတော့ နောက်ခံလူတွေအတွက် အိပ်မက်ဆိုးပါပဲ။ သူ့ကြောင့်ပဲ ဖေမီနိုတို့ နေရာလွတ်တွေရတယ်။ မာနေရဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ ပြေးအားနဲ့ နေရာလွတ်တွေ ရှာဖွေနိုင်မှုတွေက နောက်ခံလူတွေအတွက် အန္တရာယ်ပါပဲ"ဟု ပြောကြားခဲ့သည်။

ဇဗက်ဒါအသင်းအား (၄-၀)ဂိုး အနိုင်ရခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမားများဖြစ်သည့် ဆာလာ၊ ဖေမီနို၊ မာနေတို့ (၃)ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ရာ ယင်းမှာ ယခုရာသီတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီက တစ်ပွဲတည်းတွင် ၎င်းတို့ (၃)ဦးစလုံး ဂိုးသွင်းနိုင်ခဲ့သည့်ပွဲမှာ (၈)ပွဲအထိ ရှိခဲ့ကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွယ်ရှိ ဆီနီဂေါတောင်ပံကစားသမား မာနေသည် လီဗာပူးလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံတွင် (၁၂)ပွဲ ပါဝင်ကစားထားကာ (၅)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent