ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အသတ်မခံချင်လျှင် ကျပ် ၁၀ သိန်းပေးရမည်ဟု ခြိမ်းခြောက်သူ သုံးဦးကို ဖမ်းဆီး အမှုဖွင့်

ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အသတ်မခံချင်လျှင် ကျပ် ၁၀ သိန်းပေးရမည်ဟု ခြိမ်းခြောက်သူ သုံးဦးကို ဖမ်းဆီး အမှုဖွင့်
Published 26 May 2016
ဉာဏ်ဝင်းရှိန်

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူအား အသတ်မခံချင်လျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်သူ သုံးဦးကို မေ ၂၄ ရက် ညပိုင်းက ဖမ်းဆီး အမှုဖွင့်ထားကြောင်း ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။မေ ၂၃ ရက် ညပိုင်းက ရဲရိပ်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ကျပ် ၁၀ သိန်းပေး၍ အမည်မသိ လူနှစ်ဦးက သတ်ခိုင်းထားကြောင်း ရဲအောင်က လာရောက် ပြောဆိုပြီး အသတ်မခံချင်ပါက ၎င်းတို့ ယူထားသည့် ကျပ် ၁၀ သိန်း ပေးရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် မေ ၂၄ ရက်တွင် အဆိုပါ ခြိမ်းခြောက်သူ သုံးဦးမှ ရဲရိပ်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖွင့်လှစ်ထားသည့် ဗိုလ်တထောင်မြို့နယ်ရှိ စားသောက်ဆိုင်သို့ လာရောက်စဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“ဖြစ်တာကတော့ ရဲရိပ်သာ အုပ်ချုပ်ရေးမှူးက သူ့ကို သတ်ပစ်မယ်ပြောပြီး ကျပ် ၁၀ သိန်း တောင်းပါတယ်ဆိုပြီး တိုင်ထားတယ်။ သူတို့က ငွေလာတောင်းမယ်လို့ ပြောထားတယ်။ လာတဲ့ အချိန်မှာ ကျွန်တော်တို့ စောင့်ဖမ်းခဲ့တာပေါ့။ ကျွန်တော်တို့ ထင်တာက ဓားတွေ ပါမယ်လို့ ထင်ထားတယ်။ ဒါပေမဲ့ တကယ်တမ်း ဖမ်းမိတော့ သူတို့ဆီမှာ ဘာမှ မပါလာဘူး။ အမှုနဲ့ ပတ်သက်ပြီး ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပါတယ်” ဟု ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်သန်းက ပြောကြားသည်။ထိုသို့ ဖမ်းဆီးရမိခဲ့သူ သုံးဦးမှာ ကျော်စွာ၊ ရဲအောင်နှင့် ညီညီဇော်တို့ဖြစ်ပြီး ယင်းတို့အနက် ကျော်စွာဆိုသူမှာ ထောင်ဒဏ် အနှစ် ၅၀ ကျခံဖူးသူ ဖြစ်ပြီး ထောင်မှ လွတ်လာသည်မှာ နှစ်နှစ်ခန့်သာ ရှိသေးကြောင်းနှင့် ရဲအောင် ဆိုသူမှာလည်း ဗိုလ်တထောင်မြို့နယ်တွင် လူမိုက်တစ်ဦးဖြစ်ကြောင်း ရဲမှူး ခင်မောင်သန်းက ဆက်လက် ပြောကြားသည်။၎င်းက “ဖမ်းထားတဲ့ သူသုံးယောက်ထဲမှာမှ ကျော်စွာဆိုတဲ့ တစ်ယောက်က ထောင်နှစ် ၅၀ ကျဖူးတယ်။ ကျွန်တော်တို့ဆီမှာ ပြစ်ချက်ဟောင်း ရှိတယ်။ ဒီကောင်က လူမိုက်။ ကျန်တဲ့ နှစ်ယောက်က သေချာ မသိသေးဘူး။ ကျွန်တော်တို့ စစ်နေတုန်းပဲ။ ကျော်စွာကတော့ ကျွန်တော်တို့ ဆိပ်ကမ်းမြို့နယ်ကနေ ထောင်ကျဖူးတာဆိုတော့ သိတယ်။ နောက်ပြီး ရဲအောင်ဆိုတဲ့ တစ်ယောက်ကလည်း ဗိုလ်တထောင်က လူမိုက်လို့ သိရတယ်” ဟု ပြောကြားသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခြိမ်းခြောက် ငွေတောင်းခဲ့ သူသုံးဦးကို ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ပြစ်မှု ပုဒ်မ ၃၈၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။