ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာရှိ ရတနာကြယ်လုပ်ကွက် အတွင်း၌ ပြင်ပမှ ရေမဆေးကျောက် ရှာဖွေသူ ၁၀၀ ခန့် ကျောက်ရှာဖွေနေစဉ် ကျောက်သားကမ်းပါးယံ ပြိုကျမှု မေလ ၂၃ ရက် ညနေ ၈ နာရီ ၁၅ မိနစ် အချိန်က ဖြစ်ပေါ်ခဲ့ရာ လူအများအပြား မြေစာပိ သေဆုံးခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် သေဆုံး အလောင်းများအား ဘက်ဟိုးသုံးစီးနှင့် လူမှုကူညီရေး အဖွဲ့များမှ ရှာဖွေမှု ပြုလုပ်ခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ ၁၂ ဦးထိ တွေ့ရှိထားပြီ ဖြစ်ကြောင်း သိရသည်။အလောင်းရှာဖွေမှု ပြုလုပ်နေသည့် သင်္ခါလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက “ရှာဖွေမှု ပြုလုပ်တာ အင်မတန် အန္တရာယ် များပါတယ်။ အပေါ်ကနေ မြေစာ တဖြုတ်ဖြုတ် ပြိုကျနေတယ်။ ဆက်ရှာဖို့ မလွယ်ဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ၁၂ လောင်းတွေ့ပြီး ရှာဖွေမှု ရပ်ထားပါတယ်။ ဆက်ရှာဖို့ မရှာဖို့ မသိရသေးဘူး” ဟု ပြောကြားသည်။
ဖားကန့်တွင် ကျောက်သားကမ်းပါးယံ ပြိုကျမှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော်ခန့်မြေစာပိကာ လူအများအပြား သေဆုံး