ထိန်းသိမ်းပြုပြင်ရန် နောက်ကျလျက်ရှိသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသော မကွေးတိုင်းဒေသကြီး မုန်းချောင်းတစ်လျှောက်ရှိ မုန်းတမံနှင့် ကျီးအုံကျီး၀ တမံပျက်စီးမှုများနှင့် စစ်ကိုင်းတိုင်းဒေသကြီး-ချင်းပြည်နယ် နယ်စပ် ရာဇဂြိုဟ်ဆည် အထက်ရှိ သဘာဝမြေပြိုကန်တို့အတွက် ယခုလာမည့်မိုးရာသီ မတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မေ ၁၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး၍ မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ယင်းအဆိုအား ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေ ၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး မေ ၁၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် လေးဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ထိခိုက်ခဲ့သော ရေပိုလွှဲများ ပြန်လည်ပြုပြင်ရန်အတွက် အသေးစိတ်စူးစမ်း လေ့လာခြင်း လုပ်ငန်းများ မဆောင်ရွက်နိုင်မီ ၂၀၁၆- ၂၀၁၇ ခုနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း မူလရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့ရာ မုန်းချောင်း ရေပိုလွှဲအတွက် ကျပ်သန်း ၁၅၀၀၊ ကျီးအုံကျီး၀ ရေပိုလွှဲအတွက် ကျပ်သန်း ၃၅၀၀ စုစုပေါင်း ကျပ်သန်း ၅၀၀၀ ရန်ပုံငွေရရှိပြီးဖြစ်၍ ဆောင်ရွက်ရန် ရှိသည်များကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ရေပိုလွှဲများကို ပြုပြင်သွားရမည့်အပြင် ရေရှည်လုံခြုံ စိတ်ချမှုအတွက် မူလဒီဇိုင်းပြု တွက်ချက်ထားသည့် ရေထုထည်စီးနှုန်းထက် ပိုမိုဝင်ရောက်လာနိုင်သည့် ပမာဏကို နိုင်နင်းစွာ လျှော့ချပေးနိုင်ရန် အတွက် ရေပိုလွှဲများအား တိုးချဲ့တည်ဆောက်မည့် အခြေအနေများအား လိုအပ်သည့် ရန်ပုံငွေများ တောင်းခံ၍ ရန်ပုံငွေရရှိသည့် အပေါ်မူတည်၍ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မြေပြိုကန်များ ပြုပြင်ရန်အတွက် မိမိဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ခြင်းတို့ကြောင့် မြေပြိုကန်များ ဖောက်ချခြင်း၊ မြေပြိုကန်နှင့် အောက်ဘက်ရှိ ရာဇဂြိုဟ်ရေ လှောင်တမံအကြား နေရဉ္စရာမြစ်ပေါ်တွင် နုန်းဖမ်းဆည်သုံးခု တည်ဆောက်ခြင်း လုပ်ငန်းများအတွက် အသေးစိတ် စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိပြီး အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မုန်းချောင်းနှင့် ကျီးအုံကျီး၀ ရေလှောင်တမံများသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်မှ ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအား စောင့်ကြည့်သင့်ကြောင်းနှင့် အဆိုအား မှတ်တမ်းတင်ပေးရန် ပြောကြားသည်။
ထိုသို့ ဒုတိယဝန်ကြီး၏ ရှင်းလင်းမှုများ အပြီးတွင် အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယခုတင်ပြခဲ့သည့် မိုးရာသီမတိုင်မီ မြေပြိုကန်နှင့် ရေလှောင်တမံများ ပြုပြင်ရေးအတွက် ရန်ပုံငွေ မလုံလောက်ဟု အကြောင်းပြချက်သည် အံ့သြစရာကောင်းကြောင်း၊ ယခင်အစိုးရ လက်ထက်ကာလ ၂၀၁၅-၂၀၁၆ ဖြည့်စွက်ရန်ပုံ ငွေတောင်းခံချိန်တွင် အဆိုပါ ကိစ္စရပ်များ ဖြစ်ပွားပြီးဖြစ်သဖြင့် ယင်းဖြည့်စွက် ရန်ပုံငွေနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း တောင်းခံချိန်တို့တွင် ထည့်သွင်းတောင်းခံခြင်း ပြုနိုင်သော်လည်း တောင်းခံထားခြင်း မရှိကြောင်း၊ ထို့ပြင် နှစ်စဉ်ပုံမှန်အားဖြင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသည့် ဆည်မြောင်းပြုပြင် ထိန်းသိမ်းမှု ရန်ပုံငွေမှ ရာခိုင်နှုန်း ၄၀ (ဘီလျံ ၂၀ နီးပါး) အား အရေးပေါ် ကိစ္စများအတွက် ထားရှိကြောင်းကို စုံစမ်းသိရှိရပြီး ပြီးခဲ့သည့် ဆောင်းရာသီ ကာလတွင် သုံးစွဲပြုပြင်နိုင်သော်လည်း သုံးစွဲခဲ့ခြင်း မရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း အဆိုပါရန်ပုံငွေမှ အရေးကြီးသည့် အနေအထားအပေါ် မူတည်သုံးစွဲခွင့်ရှိသည်ကို မေ့ထား၍မရဘဲ မည်သည့်အတွက် မသုံးစွဲခဲ့သည်ကို ပြန်လည်ဆန်းစစ်ရန် လိုကြောင်းနှင့် မိုးရာသီမတိုင်မီ မြေပြိုကန်များ၊ ရေပိုလွှဲများ အချိန်မီပြုပြင်ခြင်း မရှိပါက သဘာဝဘေး အန္တရာယ်များ ထပ်မံကျရောက် လာနိုင်သည့် အခြေအနေများကို ဒေါ်ခင်စန်းလှိုင်က ပြန်လည်ဆွေးနွေးသည်။
"ကျွန်မတင်ပြတဲ့အထဲမှာ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ကနေစပြီး ၂၀၁၆-၂၀၁၇ အထိကို ဒါတွေက ဆည်မြောင်း ဝန်ကြီးဌာနက ကျွန်မတို့ ပေးပြီးသားပါ။ အဲဒီတော့ ပေးထားတဲ့ ငွေတွေထဲက ၆၀ ရာခိုင်နှုန်းပဲသုံးပြီး ၄၀ ရာခိုင်နှုန်း ကျန်သေးတယ်ဆိုတော့ အခုဝန်ကြီး ရှင်းသွားတဲ့ အတိုင်းဆိုရင် နောက်ထပ်ရန်ပုံငွေရမှ ဒါကိုပြီးအောင် ဆက်လုပ်နိုင်မယ့် အခြေအနေမှာ အခုကျွန်မတို့က မိုးကျဖို့ သိပ်မလိုတော့တဲ့ အခြေအနေမှာ ငွေမရှိသေးလို့ မလုပ်နိုင်သေးဘူးဆိုရင် ဒါကျွန်မ ခုနကပြောသလိုပဲ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းထဲကနေပြီးတော့ ဘီလျံ ၂၀ လောက်ကိုသုံးတယ် ဆိုတာမျိုးကို သုံးနိုင်လို့ရတယ်။ အခုဟာကတော့ ဝန်ကြီး ခြောက်ဘီလျံလောက် ကုန်မယ်လို့ ပြောထားက ဒီသီးသန့်သူတို့ ရန်ပုံငွေထဲက ကျန်နေတဲ့ဟာကို သုံးလိုက်ခြင်းအားဖြင့် အလျင်အမြန် ဆောင်ရွက်နိုင်မယ်။ ပြည်သူလူထုလည်း စိတ်အေးချမ်းမယ်။ ကျွန်မတို့လည်း စိုးရိမ်ပူပန်မူကို လျှော့ချနိုင်မယ်။ ကျွန်မဒီအချက်ကို အဓိကထား တင်ပြတာပါ။ ဒါစီမံခန့်ခွဲမှုတွေ မှားယွင်းနေတယ်ဆိုတဲ့ ကိစ္စရယ်။ နောက်တစ်ခုက ဒါတကယ်တမ်းဆိုရင် တာဝန်ရှိတဲ့ သူတွေက ဘာဖြစ်လို့ ကျန်ခဲ့တဲ့ အားလုံးပေါင်း သူတို့ဘက် (ယခင်အစိုးရ) က ကိုးလပေါ့။ ကျွန်မတို့ အစိုးရလက်ထက်မှာ တစ်လကျော်ပေါ့။ ဒီကြားထဲမှာ ဘာဖြစ်လို့ ဒီငွေတွေ ရှိရဲ့သားနဲ့ ဒီဝန်ကြီးဌာနက ဒီလိုမဆောင်ရွက် ခဲ့တာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်" ဟု ဒေါ်ခင်စန်းလှိုင်က အစည်းအဝေးအပြီး မီဒီယာများကို ပြောကြားသည်။
ထို့နောက် အဆိုရှင် ဒေါ်ခင်စန်းလှိုင်က လာမည့် ရက်ပိုင်းများတွင် မုန်တိုင်းအန္တရာယ်သည် ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် ပြည်သူများသည် စိုးရိမ်ပူပန်မှုများ လျှော့ချနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့ ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထု နားလည် သဘောပေါက်နိုင်သည့် အခြေအနေတစ်ခုကို ဖန်တီး၍ လွှတ်တော်မှ အဆိုအား မှတ်တမ်းတင်၍ စောင့်ကြည့်ထိန်းသိမ်းပေးရန် ပြောကြားခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
မုန်းတမံ၊ ကျီးအုံကျီးဝတမံ ပျက်စီးမှုများနှင့် ရာဇဂြိုဟ်ဆည် အထက်ရှိ သဘာဝမြေပြိုကန်တို့အတွက် လာမည့်မိုးရာသီ မတိုင်မီ အမြန်ဆုံး လုပ်ဆောင်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို လွှတ်တော် မှတ်တမ်းတင်















