နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ရှိ Myanmar Peace Center သို့ သွားရောက် ကြည့်ရှု လေ့လာ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ရှိ Myanmar Peace Center သို့ သွားရောက် ကြည့်ရှု လေ့လာ
Myanmar Peace Center ၌ လေ့လာ မေးမြန်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ရန်ပိုင်)
Myanmar Peace Center ၌ လေ့လာ မေးမြန်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ရန်ပိုင်)
Published 14 May 2016
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ ရန်ပိုင်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) သို့ မေ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ဝန်းကျင်မှ ၁၁ နာရီ မိနစ် ၅၀ ဝန်းကျင်ထိ တစ်နာရီကျော်ကြာ သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းတို့လည်း လာရောက်ခဲ့ပြီး Myanmar Peace Center ဝင်းအတွင်းရှိ အဆောက်အအုံများကို လှည့်လည် ကြည့်ရှုခဲ့ရာ Myanmar Peace Center မှ တာဝန်ရှိသူများဖြစ်သည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးတို့က ရှင်းပြခဲ့ကြောင်း သိရသည်။ဦးလှမောင်ရွှေက “တွေ့ဆုံတဲ့ သဘောတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကိုလည်း ကြိုတင်ပြီးတော့ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို ပြောထားတာ မဟုတ်ဘူး ခင်ဗျ။ လာကြည့်ချင်တယ် ဆိုတာကို စောင့်ပြီးတော့ ရှင်းပြရတဲ့ သဘောပါပဲ။ နောက်မေးတာတွေကို တင်ပြတဲ့ သဘော။ အဓိက,ကတော့ အရင်တုန်းက MPC ရဲ့ အဆောက်အအုံတွေ၊ လုပ်ငန်း လုပ်ခဲ့တာတွေ အဲဒါပါပဲ။ အဆောက်အအုံနဲ့ ပတ်သက်တာကို မေးတာကို ကျွန်တော်တို့ ဘက်က ရှင်းပြတာပါ” ဟု ပြောကြားသည်။Myanmar Peace Center တွင် တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ရှိမရှိနှင့် ပတ်သက်၍ ဦးလှမောင်ရွှေက “ကျွန်တော် နားလည်တာကတော့ အရင် တစ်ပတ် ၉ ရက်နေ့မှာတုန်းက အစည်းအဝေးမှာ National Reconciliation and Peace Centre ဆိုတဲ့ဟာကို ပြန်ပြီးတော့ ဖွဲ့မယ် ဆိုတာမျိုးကို သတင်းတွေမှာ တွေ့တယ်လေ။ တွေ့တော့ အဲဒီ အဖွဲ့တွေကပဲ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ထင်ပါတယ်။ ဆောင်ရွက်တဲ့ အထဲမှာ အဆောက်အအုံကိစ္စ လွှဲပြောင်းတဲ့ ကိစ္စ၊ ကျန်တဲ့ ကိစ္စတွေလည်း ပါမယ်လို့ ထင်ပါတယ်။ ဒီမှာတော့ အဲဒါမျိုး ဟာတွေတော့ ပြောတာ မရှိပါဘူး” ဟု ပြောကြားသည်။အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို မေ ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ အစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။Myanmar Peace Center ကို ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၆ ဖေဖော်ဝါရီလတွင် Myanmar Peace Center က ဖွဲ့စည်းခဲ့သည့် ရုံးအဖွဲ့ကို လုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်စေရန် အလို့ငှာ လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်းများအဖြစ် ရပ်တည်ခွင့်ပြုခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၃/၂၀၁၆ အရ သိရသည်။Myanmar Peace Center ၏ ရုံးအဖွဲ့ကို မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဆွေးနွေး ညှိနှိုင်းရေး စင်တာ (Myanmar Peace building and Dialogue Center MPDC) နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (Peace and Development Foundation_PDF) အဖြစ် ရပ်တည် ဆောင်ရွက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။Myanmar Peace Center က ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ၊ ငှားရမ်း အသုံးပြုလျက် ရှိသော မြေနှင့် အဆောက်အအုံ မြန်မာ့ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဆွေးနွေးညှိနှိုင်းရေး စင်တာအတွက် အမှတ် (၁၁) နှင့် (၁၃) ရွှေလီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအတွက် အမှတ် (၈) နှင့် (၁၀) ရွှေလီလမ်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရုံးသုံးပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်များ၊ ရန်ပုံငွေများနှင့် စာရင်းဇယားများကို လွှဲပြောင်းပေးခြင်းနှင့် Myanmar Peace Center က နိုင်ငံတကာ အလှူရှင်များနှင့် ထားရှိခဲ့သော ကတိကဝတ်များကို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တည်ထောင်သော မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်းများက ဆက်လက် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သလို ညှိနှိုင်းလွှဲပြောင်း ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ရမည်ဟု နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၃/၂၀၁၆ တွင် ပါရှိသည်။လက်ရှိတွင် Myanmar Peace Center ဝန်းကို အလယ်မှ ခြံစည်းရိုး ခတ်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။

Most Read

Most Recent