အရှေ့ပိုင်းတက္ကသိုလ် ဝင်းအတွင်း နေ့ခင်းကြောင်တောင် ဓားထောက် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်သွားသည့် အမျိုးသမီးအား မေ ၁ ရက်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။“ကျူးလွန်သွားတဲ့ သူကိုတော့ ဖမ်းမမိသေးပါဘူး။ ဖမ်းဆီးရဖို့ စုံစမ်း ဆောင်ရွက်နေဆဲပါ” ဟု သန်လျင်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက မေ ၂ ရက်က ပြောကြားသည်။ဧပြီ ၃ ရက် မွန်းလွဲ ၂ နာရီ အချိန်ခန့်က သန်လျင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းနေ ဒေါ်.... (၄၂) နှစ်သည် ရန်ကုန်မြို့တွင်းမှ ၎င်းနေထိုင်သည့် အဆောင်သို့ ခရီးသည်တင် ယာဉ်တစ်စီးဖြင့် ပြန်လာခဲ့ပြီး အရှေ့ပိုင်းတက္ကသိုလ် ကားမှတ်တိုင် အရောက်တွင် ဆင်းခဲ့ကြောင်း သိရသည်။ထိုသို့ ကားပေါ်မှဆင်းပြီး တက္ကသိုလ်ဝင်း အတွင်းသို့ လမ်းလျှောက်ပြန်လာစဉ် ခရီးသည်တင် ယာဉ်ပေါ်၌ အတူစီးနင်းခဲ့သည့် အမျိုးသမီး တစ်ဦးက ၎င်း၏နောက်မှ လိုက်ပါလာခဲ့ကြောင်း သိရသည်။ယင်းသို့ လိုက်ပါလာခဲ့ပြီး တက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသားများ နားနေဆောင်ရှေ့ လမ်းအရောက်တွင် နောက်မှ လိုက်ပါလာသော အမျိုးသမီးက အသင့်ယူဆောင်လာသည့် သစ်သားငရုတ်ကျည်ပွေ့ဖြင့် ဒေါ်.... ၏ ဦးခေါင်းအား ရိုက်နှက်ခဲ့ကြောင်း သိရသည်။ရိုက်နှက်ခဲ့သည့်အတွက် ယိုင်လဲသွားစဉ် အဆိုပါ အမျိုးသမီးက ဒေါ်.... ၏ နောက်ကျောအား ဓားထောက်ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းများအား ချွတ်ခိုင်းသဖြင့် ဝတ်ဆင်လာသည့် ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်ကောက်တစ်ကွင်း၊ ရွှေလက်စွပ်သုံးကွင်းတို့အား ချွတ်ပေးခဲ့ကြောင်း၊ ယင်းသို့ ချွတ်ပေးခဲ့ပြီးနောက် အဆိုပါ အမျိုးသမီးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ထိုသို့ ရိုက်နှက်ခံခဲ့ရသည်အတွက် ဒေါ် ....... မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကာ သန်လျင်ဆေးရုံ၌ ပြင်ပလူနာအဖြစ် တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူ အမျိုးသမီးအား သန်လျင်မြို့မ ရဲစခန်းမှ (ပ) ၄၀၁/၁၆၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အရှေ့ပိုင်းတက္ကသိုလ် ဝင်းအတွင်း နေ့ခင်းကြောင်တောင် ဓားထောက် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်သွားသည့် အမျိုးသမီးကို တစ်လနီးပါး ကြာသည်အထိ ဖမ်းမမိသေး