မြန်မာနိုင်ငံမှ ပို့ကုန်များ ပြည်ပနိုင်ငံများသို့ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် အရည်အသွေးနှင့် စံချိန်စံညွှန်းပိုင်း ဆိုင်ရာနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးမည်

မြန်မာနိုင်ငံမှ ပို့ကုန်များ ပြည်ပနိုင်ငံများသို့ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် အရည်အသွေးနှင့် စံချိန်စံညွှန်းပိုင်း ဆိုင်ရာနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးမည်
Published 2 May 2016
နီလာ

မြန်မာနိုင်ငံမှ ပို့ကုန်များ ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် လိုအပ်နေသည့် အရည်အသွေးနှင့် စံချိန်စံညွှန်းပိုင်း ဆိုင်ရာနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားခဲ့သည်။အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး မေ ၁ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးတွင် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။“လက်ရှိ ပို့ကုန် တင်ပို့တဲ့ နေရာမှာ အရည်အသွေး စစ်ဆေးတာနဲ့ ပတ်သက်ပြီး တချို့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ ဆွေးနွေးကြတာပေါ့။ လက်ရှိ အင်ဒိုနီးရှားကို ဆန်တင်ပို့တဲ့ နေရာမှာ ဆိပ်ကမ်းမှာ ချလို့ မရတဲ့ ကိစ္စပေါ့။ အဲဒါကိုရော ဘယ်လို ဖြေရှင်းမလဲ။ နောက်တစ်ခေါက်ကျရော ဘယ်လို လုပ်ကြမလဲ။ တခြားနိုင်ငံကို ပို့တဲ့ နေရာမှာ ဘာအခက်အခဲ ရှိမလဲပေါ့နော်။ ကမ္ဘာ့ဘဏ် အနေနဲ့ ဘာအကူအညီ ပေးရမလဲ ဆိုတာ ဆွေးနွေးကြပါတယ်။ နောက်တစ်ချက် စံချိန်စံညွှန်းအတွက် ဘာလုပ်မလဲ၊ စီးပွား/ကူးသန်းနဲ့ စိုက်ပျိုးရေးနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ ဘာလုပ်မလဲဆိုတာ ဆွေးနွေးကြတယ်။ ဒီနေ့လည်း နေပြည်တော်မှာ စီးပွား/ကူးသန်းနဲ့ ကမ္ဘာ့ဘဏ်နဲ့ အစည်းအဝေး ဆက်လုပ်ကြပါတယ်။ အဲဒီ အစည်းအဝေးတွေအရ ကျွန်တော်တို့ဆီက ဓာတ်ခွဲခန်းတွေ အဆင့်မမီတာနဲ့ ပတ်သက်ပြီး အဆင့်မြှင့်ဖို့၊ နောက် capacity building ပေါ့။ ဒါ နဲ့ ပတ်သက်ပြီး သင်တန်း လုပ်မှာပေါ့နော်။ သူတို့ အနေနဲ့ အရည်အသွေး စစ်ဆေးတဲ့ ကိစ္စရယ်၊ စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီးလည်း လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်လို့ သိရပါတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာ့ လယ်ယာစိုက်ပျိုးရေး အထောက်အကူပြု စီမံကိန်းတစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အတိုးမဲ့ နှစ်ရှည်ချေးငွေ ထုတ်ချေးသွားရန် ၂၀၁၅ ခုနှစ် ဧပြီ ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး လယ်ယာစိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုမည်ဖြစ်သည်။အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်မားဆုံး ဒေသအချို့တွင် မိုးခေါင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် ကူညီဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Most Read

Most Recent