မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် လက်တွဲ ဆောင်ရွက်သွားရန် မျှော်လင့် စောင့်စားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ရန်ကုန်မြို့တွင် ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်သည် ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် မီဒီယာအချို့နှင့် တွေ့ဆုံရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်က ၎င်း၏ သံအမတ်ခန့်အပ်လွှာ ကို ဧပြီ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ သွားရောက်၍ ပေးအပ်ပြီး နောက်တစ်နေ့တွင် မီဒီယာအချို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ်လ်က ၎င်း၏သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးထင်ကျော်ထံ ဧပြီ၂၇ ရက်ကပေးအပ်ပုံ၊ ထို့ကြောင့် မီဒီယာနှင့် တွေ့ဆုံဖြစ်ပုံ၊ မြန်မာနိုင်ငံနှင့် ဒီမို ကရေစီနိုင်ငံများတွင် မီဒီယာ၏ အခန်းကဏ္ဍအရေးကြီးပုံကို ဦးစွာပြောကြားသည်။
ထို့နောက် သမ္မတအိုဘားမား၏ အမှာစကားကို သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်သူများ၏ မိတ်ဆွေကောင်းအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အခွင့်အရေးနှင့် သာယာဝပြောရေးတို့ကို ခံစားရရှိစေရန်အတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း အစိုးရသစ်အား ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်တို့ အတွက် အစိုးရ၊ မီဒီယာ၊ အရပ်ဘက်လူ့အ ဖွဲ့အစည်းနှင့် လက်တွဲဆောင် ရွက်သွားရန် မျှော်လင့်စောင့်စားနေကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် အမေရိကန် ပြည်ထောင်စု၏ ကြီးမားသော အကျိုးစီးပွား ဖြစ်သည်ဟုလည်း အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း ဖော်ဆောင်သွားမည့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရေးတို့အတွက် NLD အစိုးရသစ်နှင့် အတူလက်တွဲ ဆောင်ရွက်သွားမည့် အမေရိကန် ပြည်ထောင်စု၏ ကတိကဝတ်ကို အမေရိကန် အစိုးရအနေဖြင့် မည်သို့ အကောင်အထည် ဖော်သွားမည်နည်းဟူသော The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်က "ကျွန်တော်ပြောသလိုပါပဲ။ မြန်မာနိုင်ငံက အကျိုးစီးပွား အားလုံးကတော့ ဒီနိုင်ငံ တိုးတက်အောင်မြင်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီရေး၊ တည်ငြိမ်မှုတို့ကို မြင်ချင်တာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အစိုးရနဲ့ ပြည်သူအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကူညီထောက်ပံ့မှုဖြင့် လည်းကောင်း၊ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းဖြင့် လည်းကောင်း၊ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးခြင်းဖြင့် လည်းကောင်း ကူညီဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခြင်း၊ ကုန်သွယ်ရေး တိုးမြှင့်ရေး ဆောင်ရွက်ခြင်း၊ စီးပွားရေး တိုးတက်အောင် ကူညီခြင်းတို့အားဖြင့်လည်း ဆောင်ရွက်နိုင်ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ထိတွေ့ဆက်ဆံမှု အလားအလာနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က "တပ်မတော်နဲ့ ထိတွေ့ဆက်ဆံမှုမှာ အကန့်အသတ်ပဲ ရှိပါသေးတယ်။ လူ့အခွင့်အရေး၊ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး လောက်ပဲ ရှိပါသေးတယ်။ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ် နဲ့ပတ်သက်လို့ကတော့ ဒီကဖြစ်ရပ်တွေအပေါ် မူတည်ပါတယ်။ တိုင်းပြည်က ရှေ့သို့ ဆက်လက်လျှောက်လှမ်းရမယ်။ အကောင်းဘက်ကိုပေါ့။ ဒါ့အပြင် တပ်မတော်နဲ့ ဆွေးနွေးတိုင်ပင်ရုံသာမက အရပ်ဘက် တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးတိုင်ပင်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်နဲ့လည်း ပြောဆိုသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
သမ္မတအိုဘားမား အနေဖြင့် စကော့မာစီရယ်လ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသစ်အဖြစ် ခန့်အပ်ရန် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ကတည်းက ရွေးချယ်ထားခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉ ဦးပါ အမေရိကန ်ဆီးနိတ်နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ကန့်ကွက်မဲ မရှိဖြင့် အတည်ပြုပေးခဲ့သည်။
ထို့နောက် ၎င်းအနေဖြင့် သံအမတ်ကြီးရာထူးကို လက်ခံရန်အတွက် ဖေဖော်ဝါရီ ၉ ရက်တွင် ဆီးနိတ်လွှတ်တော် တစ်ရပ်လုံး၏ အတည်ပြုချက် ရယူခဲ့ရာ၌ ထောက်ခံမဲ ၉၀ မဲ၊ ကန့်ကွက်မဲ မရှိဖြင့် အတည်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်စောင့်စားနေကြောင်း အမေရိကန် သံအမတ်ကြီး ပြောကြား















